HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

စာရေးဆရာပြဇာတ်

စာရေးဆရာပြဇာတ်

ရွှေကူမေနှင်း

-------------------

၂ဝ၁၄ ခုနှစ် နိုဝင်ဘာလတုန်းက နိုဗယ်လ်- မြန်မာစာပေပွဲတော်ကို အမျိုးသားဇာတ်ရုံကြီးမှာ ကျင်းပခဲ့ပါတယ်။ စာပေပွဲအပြင် ပွဲတော်ရဲ့ ပျော်ပွဲရွှင်ပွဲအဖြစ် 'စာရေးဆရာပြဇာတ်'ကို တင်ဆက်နိုင်ခဲ့တယ်။ စာရေးဆရာတွေ ကိုယ်တိုင် စင်ပေါ်မှာ ပြဇာတ်ကခဲ့တဲ့အစဉ် အလာက ဂျပန်ခေတ်မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ ဆရာဦးသုခတို့ရဲ့ 'နတ်သျှင်နောင်'ပြဇာတ် ထင်ရှားစွာ အမှတ်တရကျန်ရစ်တယ်။ အဲဒီပြဇာတ်မှာ ဇာတ်ဝင်တေးအဖြစ် ရေးစပ် သီဆိုခဲ့တဲ့ 'နွေနှောင်းရက်ကျန်'သီချင်းဆိုရင် အလွန်ဂန္ထဝင်မြောက်တဲ့တေးပါပဲ။

စာရေးဆရာတွေ ပြဇာတ်မကဖြစ်တာကြာပါပြီ။ ကျွန်မအထင် ၁၉၆၂ ခုနှစ်နောက် ပိုင်း မကဖြစ်ဖူးလို့ ထင်ပါတယ်။ ဆရာမကြီး ဒဂုန်ခင်ခင်လေးနဲ့ ယုဝတီအမျိုးသမီးများချည်း ပြုလုပ်တဲ့ ပြဇာတ်တော့ရှိရဲ့။ အားလုံးစုံတဲ့ ပြဇာတ်ကိုတော့ မမြင်ဖူးတာကြာလို့ ခေတ်လူ တွေ မသိကြဘူး။ အခု ကျွန်မတို့ ၂ဝ၁၄ မှာ ဒီလိုကကြမယ်လို့ စိတ်ကူးရခဲ့တာ ဝမ်းသာစရာ ပဲ။ စပွန်ဆာကလည်း နော်ဝေကဆိုတော့ ငွေ ရေးကြေးရေး ပူစရာမရှိ။ ဖြစ်အောင်လုပ်ကြမယ်ဆိုပြီး တိုင်ပင်ခဲ့ကြတယ်။ အဓိကအား ကိုးတာက ချစ်ဦးညိုကိုပါ။ သူမရှိရင် ကျွန်မတို့ ကဖြစ်မှာမဟုတ်ပါဘူး။ ဒါကတော့ သေချာပါတယ်။ သူပဲ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာလုပ်တတ် တာမို့ပါ။ သူက 'စန္ဒာဦး'ဆိုတဲ့ဇာတ်အဖွဲ့မှာ ပြဇာတ်ဒါရိုက်တာလုပ်ခဲ့တဲ့လူ။ 'သူ့ကျွန်မခံ ပြီ' ရုပ်ရှင်ကြီးဆို ဇာတ်ညွှန်းရေးခဲ့တဲ့လူပဲ။ သူရှိတုန်း(ဒီလိုပြောရတာက သူ ခဏခဏ မကျန်းမာလို့) အဲ သူရှိတုန်း သူ့ပဲအားကိုးပြီး ဒီကိစ္စလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။


ဘယ်ဇာတ်ရွေးမလဲလို့ ဝိုင်းစဉ်းစားတဲ့ အခါ သူကပဲ ဆရာဇော်ဂျီရဲ့ 'မဟာဆန်ချင်သူ'ကို အဆိုပြုခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့လူတွေက သဘောတူကြတယ်။ ဒါနဲ့ သူ့ကိုပဲ ဇာတ် ညွှန်းအပ်ရတယ်။ သူကအတော်ကြာပါတယ်။ တော်တော်နဲ့ မရေးသေးလို့ ကော်မတီအတွင်း ရေးမှူး ကိုဝင်းချို(ဓူဝံ)က စိတ်ပူရှာတယ်။ ဥက္ကဋ္ဌ ဆရာဖေ(ဖေမြင့်)ကလည်း အကြံပြုပေါ့လေ။ အတော်ကြီးကြာမှ ဇာတ်ညွှန်းထွက်လာပါတယ်။ ဒီအခါ ဖျော်ဖြေရေးကော်မတီဝင်တွေ နဲ့ စည်းဝေးပြီး ချစ်ဦးညိုကပဲ 'ဇာတ်ရုပ်'ချပါ တယ်။ (ဇာတ်ရုပ်ချတယ်ဆိုတာ လူရွေးတာ ကိုခေါ်တဲ့ ဇာတ်စကားပါ)


မဟာဆန်ချင်သူက သရော်စာပဲ။ အဆင့် မြင့်ဟာသပေါ့။ ကလိထိုးရယ်ခိုင်းတာတော့ မဟုတ်ဘူး။ ပင်ကိုဇာတ်က ပြင်သစ်ပါ။ ဧကရာဇ် ခေတ်၊ မင်းပေါက်စိုးပေါက်ဖြစ်ချင်တဲ့ မဟာဆန်ချင်သူ (မင်းသားရူး)အကြောင်းဖြစ်ပါတယ်။ အဲဒီတော့ ဒီဇာတ်မှာ အဓိကဇာတ်ကောင် ဦးရွှေနှောင်းက အရေးအကြီးဆုံးပဲ။ ချစ်ဦးညိုက ဦးရွှေနှောင်းအဖြစ် ဇာဂနာနဲ့ အလိုက်ဆုံး ဆိုပြီး ကမ်းလှမ်းတယ်။ ကိုယ်တော်ချောက အမျိုးသားဇာတ်ရုံ ဖီလင်ရှိပုံရရဲ့။ သူမလုပ်နိုင် ဘူးတဲ့။ ဒီအခါ ကိုဘုန်း(ဓာတု)ကို ရွေးတယ်။ ကိုဘုန်းက တည်တည်ကြည်ကြည်ဥပဓိရုပ်မို့ ဖြစ်ပါ့မလားလို့ ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ ချစ်ဦးညိုက ပြောတောင်ပြီးပြီတဲ့။ သဘောတူ လက်ခံတယ်တဲ့။ အေးလေ.. မန္တလေးသား စစ်စစ်လို့ ကိုယ်ရေးအကျဉ်းမှာ ဂုဏ်ယူနေကျ စာရေးဆရာမို့ သဘင်မြို့တော်သွေးပါရမှာ ပေါ့..ဆိုပြီး အားလုံးသဘောတူခဲ့ကြတယ်။


ဒုတိယအရေးပါတာက ဦးရွှေနှောင်းရဲ့ ဇနီး 'ဒေါ်ခါ'ပါ။ အစည်းအဝေးထဲမှာပဲ မျက်နှာ ချင်းဆိုင်ထိုင်ရင်း 'မမနှင်းပဲ'လို့ ပြောတယ်။ မဖြစ်ပါဘူးလို့ ငြင်းပေမယ့် မရဘူး။ ကဲ ထားပါစို့၊ လုပ်တာပေါ့။ ဒါပေမဲ့ သုံးညမို့ သုံးယောက် တစ်လှည့်စီလုပ်ကြမယ်ဆိုပြီး တခြားဆရာမ နှစ်ဦးကို ကျွန်မ အဆိုပြုပါသေးတယ်။ ဒီအခါ ကော်မတီဝင် 'နန်းဝင်း'က ကျွန်တော်တို့ကို အဲဒီလိုဒုက္ခမပေးနဲ့လေတဲ့။ သုံးယောက်တောင် သင်ရမှာကိုး။ ဒါနဲ့ပဲ..ကိုဘုန်းနဲ့ မမနှင်း အတည်ဖြစ်သွားတယ်။ ကိုဘုန်းကို ပလီတဲ့ 'ခင်ခင်ထား'နေရာ အတွက်က မိချမ်းဝေတဲ့။ မိချမ်းဝေကို ကျွန်မ ဖုန်းဆက်ရတယ်။ ငါရွေးတာမဟုတ်ဘူး။ ချစ် ဦးညို ရွေးတာလို့ အပီပြောရတယ်။ မိချမ်းဝေ က ချစ်စရာကောင်းပါတယ်။ ဘာလုပ်ရမှာလဲ၊ ဘယ်အခန်းလဲ မမေးဘူး၊ ဟုတ်ကဲ့ပါတဲ့။ (ဒါ ဟာ ကျွန်မတို့စာပေမောင်နှမတွေရဲ့ ဆက်ဆံ ရေးဖြစ်ပါတယ်။ အကြီးတွေကို အငယ်တွေက နာခံကြမြဲပဲ)


စုစုပေါင်း ဇာတ်ကောင် ၁၈ ယောက်ရှိတယ်။ တချို့က လူလိုရင်ပြော ဘယ်နေရာဖြစ် ဖြစ်လုပ်မယ်လို့ ကမ်းလှမ်းကြတယ်။ ဇာတ်ရုပ်မရွေးဘူး။ ကျွန်မတို့ကလည်း စည်းကမ်းတစ်ခု ပဲ သတ်မှတ်ထားပါတယ်။ အဲဒါကတော့ 'စာရေး ဆရာလောကသားပဲဖြစ်ရမယ်' ဆိုတာပါ။ ဒီမတိုင်ခင် ဖျော်ဖြေရေးအဖွဲ့စည်းဝေး တော့ အဖွဲ့ဝင် 'ငြိမ်းမင်း'က ပြောတယ်။ ''စာရေး ဆရာတွေ သီချင်းမဆိုကြနဲ့''တဲ့။ စင်ပေါ်တက် မထော်မနန်း ရုပ်ပျက်ဆင်းပျက်သီချင်း ဆိုကြ တာမျိုး မြင်ခဲ့ရလို့ ငြိမ်းမင်းက စိတ်ချဉ်ပေါက်ပုံ ရရဲ့။ ဒီအခါ ကျွန်မက ''ဟုတ်ပြီ စာရေးဆရာ တွေ လုံးဝသီချင်းမဆိုဘူး။ အေး စာရေးဆရာ ပြဇာတ်မှာလည်း ဘယ်မင်းသမီး မင်းသားမှ မငှားရဘူးလို့ ပိတ်ပြောခဲ့တယ်လေ။ ကောင်းလည်းကိုယ် မကောင်းလည်း ကိုယ်ပေါ့။ စာရေး ဆရာပြဇာတ်ဆိုတဲ့အစဉ်အလာကို အမွေဆက်ခံ မှာမို့ စာရေးဆရာလောကသားတွေနဲ့ပဲ ကကြ မယ်ပေါ့လေ။


ချစ်ဦးညိုက ဇာတ်ညွှန်းရေးလည်း ကျွမ်းကျင်တယ်။ အသင်အပြလည်း တော်တယ်။ ဒါ့အပြင် လူချစ်လူခင်ပေါသူမို့ သူ့စကားကို နားထောင်ကြတယ်။ သြဇာရှိတယ်။ ဘယ်ဇာတ်ရုပ်ကို ဘယ်သူလို့ သူ့ဘာသာစဉ်းစား ပြီးခိုင်းတာ ဘယ်သူမှ မငြင်းကြဘူး။ (ဥပမာ- အောင်စိုးသူဆို ဗီလိန်လုပ်ရတာ) မောင်သာချို ဆိုရင် မြန်မာစာကထိကကြီးဖြစ်နေပြီ။ သူ့ကို ဇာတ်စာများများပြောရတဲ့ မဟာပညာရှိအဖြစ် သုံးတာ မောင်သာချိုက မငြင်းဘူး။ မင်းသစ်နဲ့ ကိုရွှေအောင်သင်းတို့ဆိုရင် ပညာပြိုင်ရင်းရန် ဖြစ်ကြရတာ၊ သူတို့မှာ ပျော်လို့။ သိုင်းဆရာ အတွက် ဆရာမင်းသိင်္ခရဲ့တပည့်ကြီး ဇင်ယော်နီ (သူတို့မရမ်းတလင်းမှာ တကယ်သိုင်းသင်ရ တာ) စသဖြင့် အကွက်စေ့လှပါပေတယ်။ မင်းသမီးအဖြစ် ဘယ်သူ့ကို ရွေးမလဲ။


ချစ်ဦးညို ချစ်စရာကောင်းပုံက မိန်းမ တွေရွေးဖို့ ကျွန်မကိုပဲ တာဝန်ပေးတယ်။ မမနှင်း ကြိုက်တဲ့လူရွေးတဲ့။ ကျွန်မက မျက်နှာ မလိုက်တတ်ဘူး။ မင်းသမီးလုပ်ဖို့ ရွေးရတာ လွယ်ပါတယ်။ စာရေးဆရာမ လူသစ်တန်းမှာ မယ်မြန်မာရှိတယ်လေ။ ၁၉၉၆ မယ်မြန်မာပါ။ ခင်သန္တာဆိုတာ တကယ်ကိုယ်လုံးလှတာ။ ခုထိလည်း ကာယအလှသင်တန်းဖွင့်နေသူဖြစ်တယ်။ သူ့ကို ကျွန်မရွေးလိုက်တယ်။ ဖုန်းဆက် လိုက်ရင်ပဲ ခင်သန္တာက 'ဂုဏ်ယူစွာနဲ့ လုပ်ပါ မယ်'တဲ့။ ဘာလုပ်ရမှန်းမသိဘဲ သဘောတူတာ။ အဲဒီနောက် အရေးပါတဲ့မိန်းကလေး တစ်ယောက်လိုသေးတယ်။ ဦးရွှေနှောင်းရဲ့တူမ 'မယ်မှုန်'လုပ်ဖို့ပါ။ ဒီနေရာအတွက် စာရေး ဆရာမပေါက်စလေးဖြစ်သင့်တယ်။ ဒီပေါက်စ တွေနဲ့ ရောရောထွေးထွေးနေသူ၊ သြဇာရှိသူက မိချမ်းဝေပဲ။ ဒါနဲ့ သူ့ကို ဆက်ပြီးတာဝန်ပေးလိုက်တယ်။ မိချမ်းဝေတို့ရဲ့ စာဖတ်ဝိုင်း(ငန်းရိုင်းအဖွဲ့) မှာ မိန်းကလေးစာရေးသူတွေ အများကြီးပဲ။ လှလည်း လှကြတယ်။ မိချမ်းဝေက နာမည် တစ်ခုပေးတယ်။ နှင်းသီရိကျက်သရေတဲ့။ နာမည်ကတော့ ဟုတ်နေပြီ။ လှရဲ့လား၊ သွက်ရဲ့လားဆိုတော့ မိချမ်းဝေက အာမခံတယ်။ သူပြီးရင်ပြီးတာပဲလေ။


ဒါပေမဲ့ မကြာခင်မှာတော့ အဲဒီနှင်းသီရိ ကျက်သရေက ခရီးလွန်တယ်ဆိုလား၊ မလုပ် နိုင်တော့ဘူးတဲ့။ သူပဲနာမည်တစ်ခု ထပ်ပေးပါတယ်။ စပယ်ဖြူနုတဲ့။ မေးပြီးပြီလား၊ ဇာတ်ကတိုက်တော့မှာ ခဏခဏလူပြောင်းလို့ မဖြစ် ဘူးဆိုတော့ သေချာပါတယ်တဲ့။ လောကကြီးမှာ 'ကံ'ဆိုတာ ဒါမျိုးပဲထင်ပါရဲ့။ အဲဒီပြဇာတ်မှာ ဦးရွှေနှောင်းနဲ့ ဒေါ်ခါကတော့ 'သဘာ'သမားတွေမို့ လုပ်နိုင်တာ မဆန်းဘူး ဆိုပါဦး။ လှတယ်ဆိုတဲ့မင်းသမီး 'မယ်'က လုပ်ကွက်မရတာလား၊ ဘာလားမသိ။ မယ်မှုန်လုပ်တဲ့ စပယ်ဖြူနုက ဟုန်းခနဲ'ပေါက်' သွားပါလေရော ကျွန်မတို့သမဂ္ဂဥက္ကဋ္ဌကတောင် 'မယ်မှုန်လုပ်တဲ့ကလေးမ တော်တယ်ဗျ'လို့ ကွက်ပြီးချီးကျူးနေပါရော။


အမှန်က အားလုံးလုပ်နိုင်ခဲ့ကြပါတယ်။ လုပ်နိုင်တာထက်တောင် ပိုတယ်ပြောရမလားပဲ။ ဘာလို့လဲဆိုတော့ ဇာတ်ညွှန်းရပြီး ဒိုင်ယာ လော့ကျက်တာ တစ်ရက်၊ စင်ပေါ်တိုက်တာက လေးငါးရက်တည်းပါ။ အမျိုးသားဇာတ်ရုံ ကြီးမှာ ဝက်ဝက်ကွဲအောင်ဖြစ်ခဲ့ပါတယ်။ သိပ် တော်ကြလို့တော့မဟုတ်။ ကိုယ့်လူတွေဆိုပြီး သဘောကျကြတာလေ။ လက်ခုပ်တဖြောင်း ဖြောင်းပဲ။ ဇာတ်ဆောင်တွေကလည်း ဒါရိုက် တာဆီမှာ ကြိုတင်ခွင့်တောင်းထားတာပါ။ ဒိုင် ယာလော့မေ့ရင် နီးစပ်သလို ကိုယ့်စကားလုံး နဲ့ ပြောဖို့လေ။ ဘာပြောကောင်းမလဲ။ ဇာတ်ညွှန်းထဲမပါ တာတွေ ထည့်ပြောကြရော။ ဒါရိုက်တာက 'အစိုးရနဲ့ငြိမှာ'စိုးလို့ မေတ္တာရပ်ခံရှာတယ်။ မာမာ မပြောရဲဘူး။ ဆရာတွေချည်းကိုး။ ပထမတော့ နားထောင်ပါရဲ့။ နောက်ဆုံးညမှာတော့ လက် ကုန်ကြဲကြတာ ဒါရိုက်တာလည်း မနိုင်တော့ဘူး။ (မင်းကိုနိုင်က လူပါး၊ နောက်ဆုံးညမှ စာကျေ မှာမို့တဲ့၊ နောက်ဆုံးညမှ လာကြည့်တယ်) ကျွန်မတို့အားလုံး ပျော်ခဲ့ကြပါတယ်။ အခုထိ ကျွန်မကို 'အရီးခါ'လို့ ခေါ်နေတဲ့ စာရေးဆရာလူငယ်တွေ ရှိနေလို့ ပီတိဖြစ် မဆုံးပါ။ 

ရွှေကူမေနှင်း

 #theyangontimes

 

Rate this item
(0 votes)
back to top