HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ တိုးတက်လာစေရေး မြန်မာ့သြဘာနှင့် တောင်သူများပူးပေါင်း၍ အရည်အသွေးမြင့် မျိုးစေ့များ ထုတ်လုပ်မည် ဟုဆို

ပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍ တိုးတက်လာစေရေး  မြန်မာ့သြဘာနှင့် တောင်သူများပူးပေါင်း၍  အရည်အသွေးမြင့် မျိုးစေ့များ ထုတ်လုပ်မည် ဟုဆို

ရန်ကုန်၊ မေ ၁၉

ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍတိုးတက်လာစေ ရေးအတွက် မြန်မာ့သြဘာလုပ်ငန်းစုနှင့်တောင်သူများပူးပေါင်း၍ အရည်အသွေးမြင့်မျိုးစေ့များ ထုတ်လုပ်သွားမည်ဖြစ်ကြာင်း သိရသည်။ အဆိုပါမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ပံ့ပိုးမှုဖြင့် အသက်မွေးဝမ်း ကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (Livelihoods and Food Security Fund , LIFT)နှင့် မြန်မာ့သြဘာလုပ်ငန်းစုတို့ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့သြဘာလုပ်ငန်းစု၏အမှုဆောင်အရာရှိချုပ် ဦးသတိုးဟိန်းက''နည်းပညာအခက်အခဲ၊ ရင်းနှီးမြှုပ်နှံမှုနဲ့အကျိုးအမြတ်မသေချာမှု၊ အခြားအခက်အခဲတွေကြောင့် ပြည်တွင်းမှာမျိုးစေ့ထုတ်လုပ်တဲ့ လုပ်ငန်းတွေဖြစ်ထွန်းခဲ့တာမရှိခဲ့ဘူး။ အခု LIFT  ရဲ့တောင်သူအဖွဲ့ တွေအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုကူညီပေးတာရယ် မျိုးစေ့ထုတ် လုပ်မှုစတင်နိုင်ဖို့ကို အကောင်အထည်ဖော်မယ့် လုပ်ငန်းတွေအတွက် ငွေကြေးထောက်ပံ့ပေးတာတွေကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကလည်း မျိုးစေ့ဘဏ်ကနေ မျိုးရင်းမျိုးသန့် တွေ ပံ့ပိုးပေးတာတွေကြောင့် အခုလိုတောင်သူတွေအတွက် အကျိုး ရှိစေမယ့်မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းကို တည်ထောင်နိုင်ခဲ့တာပါ''ဟု မေ ၁၉ ရက်က ပြောသည်။


မျိုးစေ့ထုတ်လုပ်ရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့ရှိ တောင်သူများပိုင်ဆိုင်သော မြေဧက ၅ဝဝဝ ပေါ်တွင် ယခုနှစ်မိုးရာသီ၌ စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး စတင်လည်ပတ်ချိန်တွင် တစ်နှစ်လျှင်မျိုးစေ့တန်ချိန်၂၅ဝဝ ခန့်ထုတ်လုပ်နိုင်ရန်ရည်ရွယ်ထားကာ ပြန်လည်ရောင်းချရေးလုပ်ငန်းများကို ဆောင်းရာသီကာလတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။ ဦးသတိုးဟိန်းက''ပထမမျိုးစေ့ကုမ္ပဏီကို တောင်သူ ၂၅ဝဝ နဲ့ သူတို့ရဲ့ကိုယ်စားပြုတောင်သူတွေနဲ့ မြန်မာ့သြဘာလုပ်ငန်းစုတို့ အကျိုးတူရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီး တည်ထောင်ထားတာဖြစ်ပါတယ်။ တောင်သူ ၂၅ဝဝ အတွက်လိုအပ်တဲ့အရင်းအနှီးတွေကို LIFT က အကုန်ကျခံခဲ့တာဖြစ်ပါတယ်။ မြန်မာ့သြဘာလုပ်ငန်းစုက ဒေါ်လာ သုံးသန်းကျော်ထည့်ဝင်ပါတယ်။ မျိုးစေ့သန့်စင်စက်ကိုလည်း အခု ကစပြီး ၁၂ လအတွင်းမှာ စတင်လည်ပတ်အကောင်အထည်ဖော် သွားမှာပါ''ဟု ပြောသည်။


ယင်းအပြင်မြန်မာ့သြဘာလုပ်ငန်းစုသည် တောင်သူဦးကြီး ၂၅ဝဝ နှင့် အကျိုးတူပူးပေါင်း၍ ပထမမျိုးစေ့ကုမ္ပဏီကိုတည်ထောင် ထားရှိပြီး မြန်မာ့သြဘာလုပ်ငန်းစုမှ ရှယ်ယာ ၅၁ ရာခိုင်နှုန်းပါဝင်ကာ တောင်သူဦးကြီးအဖွဲ့အစည်းမှ ရှယ်ယာ ၄၉ ရာခိုင်နှုန်းပါဝင်ကြောင်း၊ တောင်သူများအနေဖြင့် အရည်အသွေးမြင့်မျိုးစေ့များကိုထုတ်လုပ် ရမည်ဖြစ်ပြီး ယင်းမျိုးစေ့များကို မြန်မာ့သြဘာမှ ဈေးကောင်းဖြင့် ပြန်လည်ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။


စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက ''လုပ်ကွက်ငယ်တောင်သူတွေကို မြန်မာနိုင်ငံရဲ့ စိုက်ပျိုးစားသောက်ကုန်စနစ်အသွင်ကူးပြောင်းမှုရဲ့အချက်အချာမှာ အလေးထားထည့်သွင်းထားပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အားလုံးအကျုံးဝင်တဲ့စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးကိုရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုလိုအစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့်လုပ်ကွက်ငယ် တောင်သူတွေအနေနဲ့ရာသီဒဏ်ခံနိုင်ပြီး ရေရှည်ဖြစ်ထွန်းမယ့် အရည်အသွေးမြင့် ပဲအမျိုးမျိုးနဲ့ ဆီထွက်သီးနှံမျိုးစေ့တွေကို ရရှိနိုင် မှာဖြစ်ပါတယ်''ဟု ပြောသည်။ မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းတွင်ပါဝင်သည့် တောင်သူများအ နေဖြင့် ကုမ္ပဏီ၏အမြတ်ဝင်ငွေ၊ ၎င်းတို့မှတင်သွင်းနိုင်သည့်မျိုးစေ့ ပမာဏနှင့် တန်ဖိုးအပေါ်မူတည်၍ အမြတ်ငွေဝေစုကို ရရှိမည်ဖြစ် ကြောင်း သိရသည်။ 

TEEP

#democracytoday

Rate this item
(0 votes)
back to top