HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

အနည်းဆုံး လုပ်ခ ခံစားခွင့်ကို ကျပ် ၄၈ဝဝ အဖြစ် တိုးမြှင့် သတ်မှတ်ပေးပြီ

အနည်းဆုံး လုပ်ခ ခံစားခွင့်ကို ကျပ် ၄၈ဝဝ အဖြစ် တိုးမြှင့် သတ်မှတ်ပေးပြီ

ရန်ကုန်၊ မေ ၁၄

ပုဂ္ဂလိကလုပ်သားများ၏ အနည်းဆုံးလုပ်ခခံစားခွင့်ကို ကျပ် ၄၈ဝဝ အဖြစ် တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံရှိအလုပ်သမားများအတွက် နေရာဒေသနှင့်လုပ်ငန်း အမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီဖြင့် တစ်နာရီလျှင် ကျပ် ၆ဝဝ နှုန်းဖြင့် အလုပ်ချိန်ရှစ် နာရီအတွက် ကျပ် ၄၈ဝဝ ကို မေ ၁၄ ရက်တွင် အတည်ပြုသတ်မှတ် ပေးလိုက်ခြင်းဖြစ်ပြီး စတင်အတည် ပြုသည့်နေ့မှစ၍ အကျိုးခံစားခွင့် ပါတစ်ပါတည်းခွင့်ပြုပေးလိုက် ခြင်းဖြစ်ကြောင်း သိရသည်။

''ဒီနေ့ပဲအတည်ပြုပေးလိုက်ပါပြီ။ အတည်ပြုတဲ့နေ့ပဲစပြီး အကျုံးဝင်ပြီဖြစ်တဲ့အတွက် ဒီလ ၁၄ ရက်ကစပြီး ရတဲ့လုပ်ခကို ကျပ် ၄၈ဝဝ နဲ့တွက်ပြီး ပေးရမှာဖြစ်ပါတယ်''ဟု အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးအမျိုးသားကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန် ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဒီမိုကရေစီ တူဒေးသို့ပြောသည်။ ယခုတိုးမြှင့်သတ်မှတ်ပေးလိုက်သည့်ကျပ် ၄၈ဝဝ သတ်မှတ်ချက်သည် အလုပ်သမား ၁ဝ ဦးအထိရှိသည့်လုပ်ငန်းများပါ အကျုံးဝင်မည်ဖြစ်ကာ လုပ်သား ၁ဝ ဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစုတစ်နိုင်တပိုင် လုပ်ငန်းများနှင့်သက်ဆိုင်ခြင်းမရှိစေရဟု အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏အမိန့်ကြော်ငြာစာ အမှတ်(၂/၂ဝ၁၈) ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်ကို ၂ဝ၁၅ ခုနှစ်တွင် ကျပ် ၃၆ဝဝ အဖြစ် ပထမအကြိမ်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းပထမအကြိမ်တွင် လုပ်သား ၁၅ ဦးနှင့် အထက်ရှိလုပ်ငန်းများသာ အကျုံးဝင်ခဲ့ခြင်းဖြစ်သည်။  ''တောင်းဆိုထားတာတော့ ကျပ် ၅၆ဝဝ ရရှိရေးပေါ့။ ဒါပေမဲ့ ကျပ် ၄၈ဝဝ သတ်မှတ်ချက်အပေါ်တော့ ကန့်ကွက်စရာမရှိသေးပါဘူး။ သို့ ပေမဲ့ မေလကစပြီးအကျိုးခံစားခွင့်ပြုစေချင်တာ အခုက လဝကနဲ့အချက်ကတော့ အလုပ်သမားတွေအတွက် မမျှတဘူးထင်တယ်။ စောင့်လာရတာလည်းကြာပြီလေ မေလတစ်လလုံးအတွက်တော့ အကျုံးဝင်သင့်တာပေါ့''ဟု အလုပ်သမား ကိုအောင်ကျော်က ပြောသည်။


နိုင်ငံဝန်ထမ်းများအတွက် လစာတိုးမြင့်သတ်မှတ်ခဲ့ရာတွင် ဧပြီလမှစတင်ခံစားခွင့်ရှိသည်ဟု ပါရှိခဲ့သော်လည်း လုပ်သားများအနေ ဖြင့် မေ ၁ ရက်မှ ၁၃ ရက်အထိ လစာကိုမူ ယခင်နှုန်း ကျပ် ၃၆ဝဝ အတိုင်းသာရရှိမည်ဖြစ်ပြီး မေ ၁၄ ရက်နောက်ပိုင်းတွင်သာ ကျပ် ၄၈ဝဝ နှုန်းထားဖြင့်ရရှိမည့်အနေအထားဖြစ်နေကာ လုပ်ငန်းရှင်များ၏ သဘောထားကြီးမြှင့်မှုအပေါ်ကိုသာကြည့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်အတွင်းရေးမှူး ကိုသက်နှင်းအောင်ကပြောသည်။ ''အလုပ်သမားတွေအနေနဲ့လည်းကိုယ်ရွေးချယ်ထားတဲ့ အစိုးရရဲ့ အတည်ပြုချက်ကိုလေးစားပေးပါလို့။ သူတို့ရဲ့စေတနာရှိမှုအရ ဒီလိုလုပ်တယ်လို့ပဲ ကျွန်တော်တို့မြင်တယ်ပေါ့။ နောက်တစ်ခုကကျွန် တော်တို့တောင်းဆိုတာ ကျပ် ၅၆ဝဝ ပေါ့။

 

အဲဒါကို ကျပ် ၄၈ဝဝ ဖြစ်သွားတဲ့အပေါ်နောက်ပိုင်းမှာ ကျွန်တော်တို့အလုပ်ရှင်တွေနဲ့ဘယ်လိုရနိုင် မလဲဆိုတာ ဆက်ညှိနှိုင်းပြီးလုပ်သွားမယ့်သဘောရှိတယ်။ ပြီးတော့ လက်ရှိ ကျပ် ၄၈ဝဝ ကိုလည်း လုပ်ငန်းရှင်တွေတကယ်ပေးမပေးကိုလည်း စောင့်ကြည့်ပြီးလုပ်သွားမယ်''ဟု ကိုသက်နှင်းအောင်က ပြောသည်။ သို့သော် အတည်ပြုမထုတ်ပြန်မီ ကျပ် ၄၈ဝဝ ပေးရေးဆန္ဒပြ တောင်းဆိုမှုများရှိနေပြီး လှိုင်သာယာစက်မှုဇုန်တွင်ပင် ကျပ် ၄၈ဝဝ ရရှိရေးအလုပ်သမားများလုပ်ငန်းခွင်ရပ်ဆိုင်း၍ ဆန္ဒပြတောင်းဆိုမှု စက်ရုံငါးရုံထက်မနည်းရှိနေကြောင်း သိရသည်။ 

ZCH

#democracytoday

 

Rate this item
(0 votes)
back to top