HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ရန်ကုန်ဆေးရုံကြီးဝင်းရှိ ဈေးဆိုင်များကို ယခုလအတွင်း တင်ဒါပြန်ခေါ်မည်

ရန်ကုန်ဆေးရုံကြီးဝင်းရှိ ဈေးဆိုင်များကို ယခုလအတွင်း တင်ဒါပြန်ခေါ်မည်

ရန်ကုန်၊ ဇူလိုင် ၉ 

ရန်ကုန်ဆေးရုံကြီးဝင်းရှိ ဈေးဆိုင်များကို ယခုလအတွင်း တင်ဒါပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်းသိရသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် လုံခြုံရေးပိုမိုကောင်းမွန်စေရန်အတွက် စီမံချက်များရေးဆွဲကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ဆေးရုံကြီးအထောက်အကူပြုအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

အဆိုပါ တင်ပြချက်အပေါ် အတည်ပြုချက်ရရှိပါက ဆေးရုံတာဝန်ရှိသူများနှင့် ဈေးသည်များတွေ့ဆုံကာ ညှိနှိုင်းသွားမည်ဖြစ်ပြီး တင်ဒါခေါ်ယူခြင်းကိုလည်း တစ်ပြိုင်တည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုဆေးရုံအုပ် ဒေါက်တာနေဝင်းသိန်းက ပြောသည်။ ''စီမံချက်ကျလာရင် ဈေးသည်တွေနဲ့ဆေးရုံက တာဝန်ရှိသူတွေနဲ့တွေ့မယ်။ ဈေးသည် တွေကလည်း သူတို့လိုချင်တာတွေပြော၊ ဆေးရုံကလည်း စည်းကမ်းချက်တွေ လိုအပ်ချက်တွေပြောမယ်။ ဆိုင်ခန်းတွေ တင်ဒါပြန်ခေါ်တာတွေ တစ်ခါတည်းလုပ်သွားမှာပါ'' ဟု ၎င်းက ဇူလိုင် ၉ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ရန်ကုန်ဆေးရုံကြီးတွင် ဈေးဆိုင်ပေါင်း ၇ဝ ကိုရောင်းချခွင့်ပြုထားပြီး ဆိုင်ခန်းတစ်ခန်းလျှင် တစ်လငှားရမ်းခ ကျပ် ၆ဝဝဝ နှုန်းဖြင့် လူနေထိုင်ခွင့်မပြု၊ မီးသုံးစွဲချက် ပြုတ်ခွင့်မပြု၊ သန့်ရှင်းရေးကိုယ်တိုင်ဆောင်ရွက်ရန်အပါအဝင် စည်းကမ်းချက် ၂၁ ချက် ဖြင့် ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။


ယခုအခါ ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း ပျံကျဈေးသည်များ ဈေးရောင်းချနေ ခြင်း၊ တရားဝင်ဖွင့်ခွင့်ပြုထားသည့်ဆိုင်ခန်းအချို့ကလည်း သတ်မှတ်စည်းကမ်းမလိုက်နာဘဲ ဆိုင်ခန်းတွင် လူများနေထိုင်ခြင်း၊ နေရာများတိုးချဲ့ခြင်းနှင့် စည်းကမ်းမဲ့အမှိုက်စွန့် ပစ်ခြင်းများပြုလုပ်နေကြသလို လုံခြုံရေးပိုင်းလိုအပ်ချက်လည်းဖြစ်ပေါ်လာသဖြင့် တင်ဒါ ပြန်လည်ခေါ်ယူရန် စီစဉ်ရခြင်းဖြစ်သည်။ ''သူတို့ကို ဆေးရုံကနေ တစ်လကျပ် ၆ဝဝဝ ကောက်တယ်ဆိုတာ သဘောအနေနဲ့ ကောက်တာပါ။ ကျပ် ၆ဝဝဝ ဆိုတဲ့ပမာဏကလည်း ဆေးရုံအတွက် အကျိုးသိပ်မပြုပါဘူး။ ဒါပေမဲ့ ဈေးသည်တွေရဲ့စားဝတ်နေရေး၊ လူနာတွေနဲ့ လူနာစောင့်တွေ အဆင် ပြေရေးအတွက် အစိုးရက ခွင့်ပြုပေးထားတဲ့သဘောပါ။ အခု စီမံချက်ဆောင်ရွက်မလို့ စီစဉ်နေတော့ လစာမကောက်တာတောင် သုံးလနီးပါးရှိနေပါပြီ''ဟု ဒေါက်တာနေဝင်း သိန်းက ပြောသည်။


တင်ဒါပြန်လည်ခေါ်ယူရာတွင် ယခင်ခွင့်ပြုထားသော ဆိုင်ခန်း ၇ဝ အနက် စည်းကမ်းလိုက်နာသောဆိုင်ခန်းများကို ပိုမိုဦးစားပေးမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ အုပ်ဒေါက်တာ ခင်သိင်္ဂီမြင့်က ပြောသည်။ ''တချို့ဆိုင်တွေက ယခုဆိုရင် စာချုပ်ပါစည်းကမ်းချက်တွေကိုပါ မလိုက်နာဘဲ လမ်းမပေါ်တိုးချဲ့ရောင်းချနေတော့ အရေးပေါ်ကားတွေ၊ လူနာတင်လာတဲ့ ကားတွေ သွားလာရာမှာ အနှောင့်အယှက်ဖြစ်နေပါတယ်။ နောက်ပြီး ဈေးရောင်းတဲ့ဆိုင်ခန်းမှာ လည်း နေအိမ်လို လူတွေနေကြပြီး ဆေးရုံက ရေတွေ၊ မီးတွေသုံးတာ၊ ရန်ဖြစ်တာတွေ၊ ဆူညံတာတွေရှိတဲ့အတွက် လူနာတွေ အထိတ်တလန့် ဖြစ်စေပါတယ်''ဟု ဒုဆေးရုံအုပ် ဒေါက်တာခင်မောင်ကြီးက ပြောသည်။ ဆေးရုံတာဝန်ရှိသူများနှင့် တရားဝင်တွေ့ဆုံရမည်ဆိုခြင်းနှင့် ဆိုင်ခန်းတင်ဒါပြန် ခေါ်မည့်အပေါ်ကြိုဆိုကြောင်း ဈေးသည်တစ်ဦးဖြစ်သူ ဦးညီညီက ပြောသည်။


''ဒီလိုဆေးရုံက တာဝန်ရှိသူတွေနဲ့ တရားဝင်တွေ့ရတော့ ကျွန်တော်တို့အတွက် ပို ကောင်းသွားတယ်။ ကျွန်တော်တို့အတွက် လိုအပ်တာတွေ တောင်းဆိုလို့ရတာပေါ့၊ ဆိုင်ခန်းတွေ ပြန်ချပေးမယ်ဆိုတော့ ဆိုင်နေရာကောင်းကောင်းလေး ပြန်ရနိုင်တာပေါ့'' ဟု ၎င်းကပြောသည်။  ယခုအခါဆေးရုံဝင်းအတွင်း လုံခြုံရေးအားနည်းနေသဖြင့် ဆေးရုံဝန်ထမ်းအ ယောင်ဆောင်ပြီး ဝန်ဆောင်ခတောင်းယူခြင်း၊ ဆေးရုံဝင်းအတွင်း အလစ်သုတ်သူများ၊ သူခိုးများရှိနေခြင်း၊ အိမ်ရာမဲ့သူများဆေးရုံတွင် နေထိုင်နေခြင်းတို့ကြောင့် အမှုအခင်း များဖြစ်ပေါ်လျက်ရှိကြောင်း ဆေးရုံတာဝန်ရှိသူများက ပြောသည်။

NT

#democraytoday

Rate this item
(0 votes)
back to top