HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

မိုဘိုင်းဖြင့် အခွန်ပေးဆောင်နိုင်ရေး ပြည်တွင်းအခွန် ပြင်ဆင်နေ

မိုဘိုင်းဖြင့် အခွန်ပေးဆောင်နိုင်ရေး ပြည်တွင်းအခွန် ပြင်ဆင်နေ

ရန်ကုန်၊ သြဂုတ် ၁၃

အခွန်ထမ်း ပြည်သူများနိုင်ငံတော်သို့ အခွန်ပေး ဆောင်ရာတွင်မိုဘိုင်း(သို့မဟုတ်)အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ နိုင်ငံတော်သို့ အခွန်ငွေများပေး ဆောင်လျက်ရှိရာတွင် ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် မိုဘိုင်းငွေပေးချေမှုနှင့်အီလက်ထရွန်နစ်ငွေပေးချေမှုများဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ပုဂ္ဂလိဘဏ်များတွင်အသုံးပြုလျက်ရှိသော ခေတ်မီ ICT နည်းစနစ်များဖြစ်သည့် i- Banking၊ Mobile Banking  စနစ်များအသုံးပြု၍လည်းကောင်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုအဖွဲ့အစည်းများ၏ Mobile Payment  စနစ်များအသုံးပြု၍လည်း ကောင်းပေးဆောင်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်းအခွန်များဦးစီးဌာန၏ညွှန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က''မိုဘိုင်းငွေပေးချေမှုစနစ်ကို တစ်နှစ်အတွင်းအကောင်အထည်ဖော်သွားမှာပါ။ ဒီစနစ်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် i-Banking  ဆောင်ရွက်နေတဲ့ဘဏ်တွေ mobile payment ဆောင်ရွက်နေတဲ့အဖွဲ့ အစည်းတွေကိုဖိတ်ခေါ်ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ကိုလည်း တင်ပြထားတာရှိတယ်။ ဝန်ဆောင်ခကိုယူတဲ့အခါ transaction  တစ် ကြောင်းကိုဘယ်လောက်ဆိုပြီး သတ်မှတ်ပြီးတစ်ပြေးညီကောက်ယူဖို့အတွက်လည်း တင်ပြထားတယ်။ ဒီစနစ်ကိုအကောင်အထည်ဖော်ပြီး သွားချိန်မှာ ပြည်တွင်းအခွန်များဦးစီးဌာနကိုပေးဆောင်ရမယ့် အခွန် တွေအားလုံး မိုဘိုင်း ဒါမှမဟုတ် အီလက်ထရွန်နစ်ငွေပေးချေမှုကနေ ပေးဆောင်နိုင်မှာဖြစ်ပါတယ်''ဟု သြဂုတ် ၁၃ ရက်က ပြောသည်။


အဆိုပါစနစ်ကိုအကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာနသည်အခွန်ထမ်းပြည်သူများကလစဉ်ထမ်း ဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ သုံးလတစ်ကြိမ်ထမ်းဆောင်ရသည့်ဝင်ငွေခွန်များကို မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့် ဝန်ဆောင်မှုပေးလိုသည့်ဘဏ်များ၊ မိုဘိုင်းငွေရေးကြေး ရေးအဖွဲ့အစည်းများသို့ စိတ်ပါဝင် စားမှုဖော်ပြချက် (EOI) အဆိုပြုလွှာများပေးပို့တင်ပြရန်ဖိတ်ခေါ်ထားရှိကြောင်းသိရသည်။ ဦးမင်းထွဋ်က''လုပ်နိုင်တဲ့သူ တွေအကုန်လုံးကိုလုပ်ခွင့်ပေးသွားမှာပါ။တစ်ဦး၊ နှစ်ဦးပဲလုပ်ရမယ်လို့ ကန့် သတ်ထားတာမရှိဘူး။ လုပ်နိုင်တဲ့သူအကုန်လုံးလုပ်လို့ရမှာပါ။ စိတ်ဝင်စားပြီး EOI  တင်လာတဲ့သူ တွေကိုလိုက်နာဖို့ အချက်ကိုးချက် ကိုပေးမှာပါ။ EOI ကို နောက်ဆုံး ထားပေးပို့ရမယ့်ရက်ကိုလည်း ကြေညာပေးထားပါတယ်''ဟုပြောသည်။


မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရန်အတွက် ဝန်ဆောင်မှုပေးလိုသူများအနေ ဖြင့် အဆိုပြုလွှာ (EOI) ကို ယခု သြဂုတ် ၃ဝ ရက် နောက်ဆုံးထား၍ နေပြည်တော်ရှိရုံးအမှတ်-၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံသို့ လိပ်မူပေးပို့ရမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်အလက်များကို သတင်းအချက်အလက်နှင့်နည်း ပညာဌာနခွဲ၊ ပြည်တွင်းအခွန်များ ဦးစီးဌာနဖုန်း ဝ၆၇-၃၄၃ဝဝဝ၆၊ ဝ၆၇-၃၄၃ဝ၄၁၅ သို့ ဆက်သွယ် မေးမြန်းနိုင်သည်။

TEEP

#democracytoday

Rate this item
(0 votes)
back to top