HIGHLIGHT NEWS
Main menu

Business News [-- စီးပွားရေး သတင်းများ --]

ပုဂ္ဂလိက ဘဏ်များမှ တိုင်းအစိုးရ ချေးယူထားသောငွေ မဖြစ်မနေ ပြန်ဆပ်ရမည်ဟု KBZ ဘဏ် အကြံပေးဆို

ပုဂ္ဂလိက ဘဏ်များမှ တိုင်းအစိုးရ ချေးယူထားသောငွေ  မဖြစ်မနေ ပြန်ဆပ်ရမည်ဟု KBZ ဘဏ် အကြံပေးဆို

ရန်ကုန်၊ အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အာမခံကာ ချေးယူထားသော ချေးငွေများကို မဖြစ်မနေပြန်ဆပ်ရမည်ဖြစ် ကြောင်း  ဘဏ် KBZ အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောသည်။ ''ဘဏ်ချေးငွေဆိုတာ သူဌေး ချေးငွေမဟုတ်ဘူးလေ။ ဘဏ်ဆိုတာက ချေးငွေတစ်ရပ်က ဘယ်ကရလဲဆိုတော့ ပြည်သူလူထုက အပ်ထားတဲ့ ငွေကရတာ။ အဲဒီတော့ ပြည်သူငွေပေါ့၊ ပြည်သူပိုင်တဲ့ငွေကို ချေးတာ။ ချေးတယ်ဆိုရင်တော့ ပြန်ဆပ်ရမှာပေါ့''ဟု ၎င်းက ဒီမိုကရေစီတူဒေးသို့ အောက်တိုဘာ ၇ ရက်တွင် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ခရီးသည်တင်ယာဉ် အစီး ၁ဝဝဝ ဝယ်ယူရန် လွှတ်တော်မှ ခွင့်ပြုထားသည့် ဘီလီယံ ၇ဝ အပြင် ဧရာဝတီဘဏ်မှ ငွေကျပ် ၈ ဘီလီယံနှင့် ကျောင်းကားဝယ်ယူရန် ကမ္ဘောဇဘဏ်မှ ကျပ်သန်း ၅၅ဝဝ ကို ချေးထား ကြောင်း ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက်နှင့် ပတ်သက်၍ အဆိုပါ ချေးငွေများကို လူပုဂ္ဂိုလ်အရ ချေးထားခြင်း ကြောင့် ပြန်လည်ပေးဆပ်ရန် လွှတ် တော်မှ သဘောမတူကြောင်း ဘဏ္ဍာ ရေး၊ စီမံကိန်းနှင့် စီးပွားရေးကော် မတီဥက္ကဋ္ဌ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အောက်တိုဘာ ၂ ရက်တွင် ပြောကြားထားရာ ယင်းနှင့်ပတ်သက်ပြီး ဦးသန်းလွင်က အထက်ပါအတိုင်း ပြန်လည် ပြောကြားခြင်းဖြစ်သည်။

 

ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်မှ ချေးယူခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က လွှတ်တော်သို့ တင်ပြအတည်ပြုခြင်း မရှိသည့်အတွက် ပြန်လည်ပေးဆပ်ရန် လွှတ်တော်မှ သ ဘောမတူခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရလုပ်ငန်းများတွင် ရင်း နှီးမြှုပ်နှံရန် လွှတ်တော်မှ ခွင့်ပြုထား သည့်ငွေဖြင့် မလုံလောက်၍ ထပ်မံလိုအပ်၍ အခြားမှ ငွေချေးယူမည်ဆိုပါက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃ဝ အရ လွှတ်တော် သို့ အတည်ပြု ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ဆိုသည် ''ပုဂ္ဂလိကချေးငွေ ဟုတ်၊ မဟုတ်တော့ မသိဘူးဗျာ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အာမခံတယ်ဆိုရင်တော့ သူ့မှာ တာဝန်ရှိတယ်။ လွှတ်တော်ကလည်း ပြည်သူလူထုသွားရေးလာရေးကောင်းဖို့ ချေးတယ်ဆိုရင်တော့ နည်းနည်းတော့ စဉ်းစားပေးဖို့ ကောင်းတယ်''ဟု KBZ ဘဏ်အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောသည်။


ဘဏ်ချေးငွေဆိုသည်မှာ ချေးယူရန်အတွက် အာမခံတစ်ခုခုပေးရပြီး အာမခံမပေးနိုင်ပါက Sovereign Guarantee (အစိုးရ သို့မဟုတ် အာဏာပိုင် အဖွဲ့အစည်းက နေအာမခံပေးခြင်း) ပြုလုပ်ရကြောင်း ဟု ၎င်းကပြောသည်။ ''ပြန်မဆပ်ဘူးဆိုတာတော့ သိပ်တော့ အဓိပ္ပာယ်မရှိဘူး။ ပြန်မဆပ်ဘူးဆိုတာ ခွင့်မပြုလို့ ထင်ပါတယ်။ လွှတ်တော်က သဘောမတူဘူးဆိုတော့ လွှတ်တော်ကို မတင်ခဲ့တာကိုး။ အဲဒီကိစ္စကို လွှတ်တော် မတင်ခဲ့လို့လား။ လွှတ်တော်တင်တာ လိုသွားလို့လားဆိုတာ အန်ကယ်တို့ သဘောမပေါက်ဘူး''ဟု ဦးသန်းလွင်က ထပ်လောင်းပြောသည်။ ယခုကဲ့သို့ ပြဿနာဖြစ်ပေါ် ခြင်းသည် လုပ်ကိုင်သည့် နည်းလမ်းများ မမှန်ကန်၍ ဖြစ်ပေါ်လာရသည်ဟု ယူဆကြောင်း ၎င်းကပြောသည်။


''နည်းလမ်းမမှန်တာတော့ ရှိရင်ရှိမှာပေါ့။ လုပ်ပုံလုပ်နည်းလေး တွေက လွဲသွားတာတော့ ဒါကအ တွေ့အကြုံလည်း မရှိသေးတာပါမှာပေါ့ဗျာ။ ကျွမ်းကျင်တဲ့ အကြံပေး တွေ မရှိတာလည်းပါမှာ ပေါ့ဗျာ''ဟု ၎င်းက ပြောသည်။ ကျောင်းကားဝယ်ယူရန် ကမ္ဘောဇဘဏ်မှ ကျပ် ၅ ဒသမ ၅ ဘီလီယံ ချေးယူထားသည်မှာ ရန်ကုန်တိုင်းအစိုးရ သို့မဟုတ် မည်သူက ချေးယူထားကြောင်း တိတိကျကျမသိကြောင်း။ အောက်တိုဘာ ၅ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA  ဥက္ကဋ္ဌ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး တိုင်းဒေသကြီးဝန် ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။


ဘဏ်များမှ ချေးငွေကို ပြန် ဆပ်၊ မဆပ် လွှတ်တော်က မည်သို့မှ မဆုံးဖြတ်သေးကြောင်း၊ သို့ရာတွင် ယခုကဲ့သို့ ဖြစ်ပွားရခြင်း သည် စာရင်းစစ်ဥပဒေအရ လုပ်ထုံးလုပ်နည်း နည်းလမ်းမကျ ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သုံးသပ်သည်။ ''ငွေတွေ ချေးတယ်ဆိုရင် အစိုးရဆိုလည်း အစိုးရအဖွဲ့၊ လူပုဂ္ဂိုလ်ဆိုရင်လည်း လူပုဂ္ဂိုလ် တိတိကျကျပေါ့။ ခုဖြစ်နေတဲ့ ပြဿနာက လူပုဂ္ဂိုလ်လိုလို၊ အစိုးရအဖွဲ့လိုလို ဖြစ်နေတာ။ အစိုးရကချေးတယ်ဆိုရင်တော့ ပြည်သူက ဆပ်ရမှာ၊ ပြည်သူ့ဘဏ္ဍာထဲကဆပ်ရမှာပေါ့'' ဟု ၎င်းက ပြောသည်။

NT

#democracytoday

Rate this item
(0 votes)
back to top