HIGHLIGHT NEWS
Main menu

Editorials [-- အယ်ဒီတာ့အာဘော် --]

လူထုငတ်ရင် တို့အားလုံး ငတ်မယ်

လူထုငတ်ရင် တို့အားလုံး ငတ်မယ်

သမ္မတကြီး ဦးဝင်းမြင့် သမ္မတရာထူးကိုလက်ခံရယူခဲ့ပြီး မရှေးမနှောင်းမှာပင် အဂတိတိုက်ဖျက်ရေးကော်မရှင်ကို ခေါ်ယူတွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံပြီး ကော်မရှင်မှ တာဝန်ရှိသူများကို ကော်မရှင်၏လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးစေခြင်း၊ ကော်မရှင်ကို အားပေးစကားပြောခြင်းများအပြင် ကော်မရှင်အနေဖြင့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် အာဏာရှိသူများ၏ ဝင်ရောက်စွက်ဖက်ဟန့်တားမှုမျိုး ရှိလာခဲ့လျှင် မိမိကို အကြောင်းကြားရန်ကိုလည်း အထူးတလည် မှာကြားခဲ့သည်။ သမ္မတကြီး၏ အားပေးတိုက်တွန်းမှုပေကြောင့်လား မဆိုတတ်။ ထိုနောက်ပိုင်းတွင် ကော်မရှင်၏လုပ်ငန်းဆောင်တာများမှာ ပိုမိုအသက်ဝင်လာပြီး ယင်းတို့၏ လုပ်ဆောင်မှုများမှာလည်း ထင်သာ မြင်သာ ရှိလာခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အပေါ် အဂတိလိုက်စားမှုများ ကျူးလွန်ကြောင်း တိုင်ကြားစာများနှင့်စပ်လျဉ်း၍ ကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များအရ မတ် ၁ဝ ရက်က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရန် ဆောင်ရွက်ခဲ့သည်။ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးတွေ့ရှိချက်လေးချက်ကိုလည်း ဖော်ထုတ်ခဲ့သည်ဟု သိရသည်။ ယင်းအပြင် ထိုလုပ်ဆောင်ချက်များသည် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုများရှိခဲ့ပြီး ဝန်ကြီးချုပ်သည် ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ကာ တံစိုးလက်ဆောင်ရယူခဲ့ခြင်းဖြစ်သည်ဟုလည်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ယခုကဲ့သို့ ဝန်ကြီးချုပ်အဆင့်ရှိသူတစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးအရေးယူခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။


အကယ်စင်စစ် မိမိကိုပေးအပ်ထားသည့် ရာထူးနှင့်တာဝန်ကို ပြည်သူအား မျက်ကွယ်ပြုလျက် မိမိအကျိုးစီးပွားကို ရှေ့တန်းတင်ကာ ပြုမူဆောင်ရွက်ခဲ့ခြင်းပဲဖြစ်သည်။ ပြည်သူက ပေးအပ်ထားသော အခွင့်ထူးအာဏာနှင့် လုပ်ပိုင်ခွင့်အား ပြည်သူကိုသာ မျက်နှာမူ၍ ပြည်သူ့အကျိုးစီးပွားကိုသာ ရှေ့တန်းတင်သည့်စိတ်ဓာတ်မျိုး အစိုးရအဖွဲ့ဝင်တိုင်း ဂရုမူ ထားရှိသင့်ပေသည်။ ဤနေရာ၌ လူထုမျက်နှာကိုသာကြည့်ရန် ယူနီဖောင်းကကြမ်းသဖြင့် ဝေဖန်ပြောဆိုနေသော စစ်မှုထမ်းရဲဘော်လေးနှစ်ဦးကို ဗိုလ်ချုပ်အောင်ဆန်းက ဒေါသ တကြီး ဆူပူကြိမ်းမောင်းခဲ့သောစကားတို့ကို ပြန်လည်အောက်မေ့ သတိရချင်စရာ ကောင်းလှပေသည်။


''အချောင်သမားတွေ လူထုက ဝတ်စရာပုဆိုးမရှိတဲ့ဘဝမှာ မင်းတို့လို အလိုက်ကမ်းဆိုးမသိတဲ့ကောင်တွေက စစ်ဝတ်စုံအကောင်းတွေ ဝတ်ချင်ကြတယ်။ ငါဘယ်လိုဝတ်ထားလဲ။ မင်းတို့နဲ့ ဘာခြားလို့လဲ။ မင်းတို့က ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ။ မင်းတို့ ဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲစိတ် ထားကြ။ ငပုတွေက မင်းတို့ကိုဆော်ဖို့ အမြဲအဆင်သင့်ရှိနေတယ် ဆိုတာ မြင်ရဲ့လား။ မှတ်ထား လူထုငတ်ရင် တို့အားလုံး ငတ်ရမယ်။ လူထုဆင်းရဲရင် တို့ရဲဘော်အားလုံး ဆင်းရဲရမယ်။ ငါလဲဆင်းရဲမယ်''

အယ်ဒီတာ

#democracytoday

Rate this item
(0 votes)
back to top