HIGHLIGHT NEWS
Main menu

Editorials [-- အယ်ဒီတာ့အာဘော် --]

ဒေါ်လာဈေး ကစားသူများကို မပျက်မကွက် အရေးယူပေးရန်လို

ဒေါ်လာဈေး ကစားသူများကို မပျက်မကွက် အရေးယူပေးရန်လို

ယခုရက်ပိုင်းအတွင်း သတင်းစာမျက်နှာများကို လွှမ်းမိုးထားသော အကြောင်းအရာမှာ ဒေါ်လာဈေး၊ ရွှေဈေးနှင့် စက်သုံးဆီဈေးတက်သည့်အကြောင်းများဖြစ်သည်။ ယနေ့ဒေါ်လာပေါက်ဈေးက ၁၆ဝဝ ကျော် နှင့် အခေါက်ရွှေဈေးက (စနေနေ့ ညနေပိုင်းအထိ) ဆယ်သိန်းတစ်သောင်း နှစ်ထောင်ဖြစ်သည်။ စက်သုံးဆီဈေးကလည်း အတက်ချည်းဖြစ်နေသည်။ 

မနက်တိုင်းစားနေကျ ရှမ်းခေါက်ဆွဲဆိုင်လည်း တစ်ပွဲတစ်ထောင်မှ တစ်ထောင့်နှစ်ရာကျပ်ဖြစ်သွားသည်။ ရုံးသို့အသွား တက္ကစီငှားလျှင် ပုံမှန်ကျပ် ၃၅ဝဝ ကို ကားဆရာများက ကျပ် ၄ဝဝဝ၊ ကျပ် ၅ဝဝဝ မှမရလျှင် မလိုက်ချင်ကြ။ ဆီဈေးတက်လို့ပါဟု အကြောင်းပြသည်။ အလားတူ ထိုင်းဘတ်ဈေးများလည်းတက်သဖြင့် သူနှင့်ဆက်စပ်သည့် ကုန်ပစ္စည်းများလည်း တက်ကြသည်။ ယခုလို ဒေါ်လာဈေး၊ ဆီဈေး၊ ရွှေဈေး အကုန်ပြုံတက်ကြတော့ မီးဖိုချောင်သုံးကုန်စည်တွေလည်း အကုန်တက်ကုန်ကြပါသည်။ ယနေ့ဖတ် မိသောသတင်းအရဆိုလျှင် အဝေးပြေးကားခများပင် ဈေးတက်လိုက် ကြသည်ကို တွေ့ရသည်။ ရန်ကုန်အခြေစိုက်အဝေးပြေးယာဉ်လိုင်းအချို့ လက်မှတ်ခ ကျပ် ၁ဝဝဝဝ မှ ကျပ် ၂ဝဝဝဝ ခန့်တိုးကောက်ဟု ဖတ်လိုက်ရသည်။


တစ်နေ့က သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည့်စကားရှိသည်။ ယင်းမှာ ''ဒေါ်လာဈေးကစားသူများကို စုံစမ်းဖော်ထုတ်အရေးယူရန် အစိုးရဆောင်ရွက်နေကြောင်း'' ပြောကြားချက်ဖြစ်သည်။ ''အရင်တုန်းကဆိုရင် တစ်ခါတည်း ဆွဲစေ့လိုက်တာပေါ့။ ဆွဲလိုက်တယ်ဆိုရင် ငြိမ်သွားတယ်။ ဒါမျိုးတော့ အခုကျွန်တော်တို့ လုပ်လည်းမလုပ်ချင်ဘူး။ လုပ်လည်းမလုပ်ဘူး''ဟု အဆိုပါအဆင့်မြင့် အရာရှိက ဆက်လက်ပြောကြားထားသည်။ ထိုစကားမည်မျှမှန်မမှန်တော့ မသိ။ ထိုသို့ပြောကြားအပြီး ကန်ဒေါ်လာဈေး ပြန်ကျသွားသည့်သတင်း နောက်တစ်ရက်တွင် တွေ့လိုက်ရသည်။ အလားတူပင် မြန်မာငွေတန်ဖိုး ကျဆင်းသွားမှု အစိုးရလျင်မြန်စွာတုံ့ပြန်ရန် စီးပွားကူးသန်းဒုဝန်ကြီး ဟောင်း တိုက်တွန်းထားသည့်သတင်းကိုလည်း တွေ့လိုက်ရသည်။


ဒေါ်လာဈေးစတက်ကာစကမူ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပဲ နိုင်ငံရေးကစားလို့တက်ရသလို ပြောကြဆိုကြသံမျိုး ကြားခဲ့ရသည်။ အလားတူပင် စက်သုံးဆီဈေးကိုလည်း ကမ္ဘာ့အရေးများနှင့်ယှဉ်ပြီးပဲ အတက်ပြခဲ့ကြသည်ကို တွေ့ရသည်။ သို့သော် ကမ္ဘာ့ပေါက်ဈေးက ပြန်ကျသွားသည့်တိုင် မြန်မာပေါက်ဈေးကမူ ဘယ်တော့မှ ပြန်ကျလေ့မရှိချေ။ ဒေါ်လာအမြင့်ဈေးနှင့် ဝယ်ထားရခြင်းကြောင့် ပြန်မချနိုင်ခြင်းဖြစ်သည်ဟု အကြောင်းပြတတ်လေ့ရှိသည်ကို တွေ့ရသည်။ သို့သော် ထိုစကားများသည် အမြတ်ကြီးစားကုန်သည်အချို့နှင့် ဒေါ်လာဈေးကစားသူများ၏ လက်သုံး စကားများသာဖြစ်သည်ကို ယခုတွေ့မြင်နေရချေသည်။ အကြောင်းမှာ အစိုးရက ဒေါ်လာဈေးကစားသူများကို စုံစမ်းဖော်ထုတ်အရေးယူရန် ဆောင်ရွက်နေပြီဟု လေသံပစ်လိုက်ရုံမျှရှိသေးသည်။ ဒေါ်လာဈေးကချက် ချင်းပြန်ကျသွားခြင်းကြောင့် ဖြစ်သည်။


သို့ဖြစ်ရာ အစိုးရအနေဖြင့် ထိုသို့ဒေါ်လာဈေးကစားသူ ဝိသမလောဘ သမားများကို နမူနာစံပြအနေဖြင့် ဖမ်းဆီးအရေးယူပြရန် အမှန်တကယ် လိုအပ်နေပြီဖြစ်သည်။ သူတို့က တကယ်ဈေးကွက်ကို ကိုင်လှုပ်နေခြင်း ဖြစ်သည်ကို တွေ့မြင်နေရပြီဖြစ်သည်။ တကယ်အရေးမယူဘဲ လွှတ်ထားလိုက်မည်ဆိုပါက အခါအခွင့်သင့်တိုင်း ဈေးကစားနေဦးမည်ဖြစ်ရာ နောင်ကြဉ်သွားအောင် ဖမ်းဆီးအရေးယူယူမှုကို လက်တွေ့လုပ်ဆောင်ရန်လိုအပ်နေပြီဖြစ်ပါကြောင်း ဒီမိုကရေစီတူဒေးက သုံးသပ်ဖော်ပြအပ်ပေသည်။


(အယ်ဒီတာ) စက်တင်ဘာ ၂၃၊ ၂ဝ၁၈။

#democracytoday

Rate this item
(0 votes)
back to top