နယူးယောက်၊ မေ ၁၇
တေလာဆွစ်ဖ်ကို နောက်ယောင်ခံ နှောင့်ယှက်ခဲ့ပြီး နယူးယောက်ရှိ တေလာဆွစ်ဖ်၏တိုက်ခန်းထဲ ဝင်ရောက်ခဲ့သူကို ဖောက်ထွင်းမှုဖြင့် တရားရုံးက ထောင်ဒဏ်ခြောက်လချမှတ်လိုက်ကြောင်း မေ ၁၇ ရက် Contactmusic သတင်းကဆိုသည်။ တရားခံမိုဟာမက်ဂျက်ဖာသည် ယခင်နှစ် မတ်လတွင် တေလာဆွစ်ဖ်ကို နောက်ယောင်ခံနှောင့်ယှက်ကာ တေလာဆွစ်ဖ်တိုက်ခန်းထဲအထိ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ၎င်းကို တရားရုံးက ဖမ်းဆီးထိန်းသိမ်းအပြီး တစ်နှစ်ကျော် အကြာတွင် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
မိုဟာမက်ဂျက်ဖာသည် ဖောက်ထွင်းခိုးယူရန် ကြိုးပမ်းခဲ့ကြောင်း တရားရုံးတွင် ဝန်ခံခဲ့သည်။ ၎င်းသည် ထောင်ဒဏ်ခြောက်လအပြင် နောက်နောင် မကျူးလွန်ပါဟူသော အာမခံဖြင့် ငါးနှစ်ဆက်လက် နေထိုင်ရမည်ဟုသိရသည်။ တရားခံသည် စိတ်ကျန်းမာရေးချို့တဲ့သူဖြစ်သည့်အတွက် အမှုစစ် ဆေးရာတွင် ယခုလို ကြန့်ကြာခဲ့ခြင်းဖြစ်သည်ဟု တရားရုံးကပြောသည်။ ၎င်းသည် စိတ်ကျန်းမာရေး ဆေးကုသမှုခံရမည်ဟုလည်း ပြောသည်။
တေလာဆွစ်ဖ် (၂၈)နှစ်၏ ဘီဗာလီဟီးရပ်ကွက်ရှိ နေအိမ်ကို လွန်ခဲ့သော တစ်လခန့်ကလည်း ကြိုးတစ်ချောင်းကိုင်ထားသော မသင်္ကာဖွယ်လူတစ်ဦး ချဉ်းကပ်ခဲ့သည်။ ၎င်းထံတွင် သေနတ်များ၊ လက်အိတ်များနှင့် ဓားတစ်ချောင်း တွေ့ရသည်ဟုလည်း ရဲတပ်ဖွဲ့က ပြောသည်။ သို့သော် အခင်းဖြစ်ပွားချိန်တွင် နေအိမ်၌ တေလာဆွစ်ဖ်ရှိမနေခဲ့ဟု သိရသည်။ ရဲတပ်ဖွဲ့သည် ထိုသူကို ဖမ်းဆီးပြီး နှစ်ရက်အကြာတွင် ပြန်လွှတ် ပေးခဲ့ရသည်။
Ref: Contactmuisc
#democracytoday
Discussion about this post