HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

'သူများနဲ့ မတူဘဲ ထူးတာကို ရိုက်ချင်တဲ့ အခါကျတော့ ပိုပြီးတော့ အားထည့် ရိုက်ကူးခဲ့ရတယ်' - ဒေါ်နန်းမောက်လောဝ်ဆိုင် (ခ) မမီး

'သူများနဲ့ မတူဘဲ ထူးတာကို ရိုက်ချင်တဲ့ အခါကျတော့ ပိုပြီးတော့ အားထည့် ရိုက်ကူးခဲ့ရတယ်'  - ဒေါ်နန်းမောက်လောဝ်ဆိုင် (ခ) မမီး

Moon Myanmar Media  Co.ltd မှ ပထမဦးဆုံး အကြိမ်အဖြစ် ရိုက်ကူးထုတ်လုပ်ရိုက်ကူးခဲ့ပြီး ၂ဝ၁၇ ခုနှစ်က အကယ်ဒမီရရှိခဲ့သော ''မနောမြေမှ ကျောက်စိမ်းကမ္ဘာ'' ရုပ်ရှင်ဇာတ်ကားကြီး Free Show  ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် သမ္မတရုပ်ရှင်ရုံတွင် ပြုလုပ်ခဲ့ရာ Moon Myanmar Media  Co.,ltd  မှ ဥက္ကဋ္ဌ/ ထုတ်လုပ်သူ ဒေါ်နန်းမောက် လောဝ်ဆိုင်(ခ) မမီးနှင့်တွေ့ဆုံကာ ဇာတ်ကားရိုက်ကူးမှု အတွေ့အကြုံများနှင့်ပတ်သက်ပြီး ယခုလိုပဲ မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - ''မနောမြေမှ ကျောက်စိမ်းကမ္ဘာ'' ရုပ်ရှင်ဇာတ်ကားကြီး မကြာခင် ရုံတင်ခွင့်ရတော့မယ်ဆိုတော့ ထုတ်လုပ်သူတစ် ယောက်အနေနဲ့ ရင်ထဲကခံစားချက်လေးလည်း ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်ကားလေး ရုံတင်ခွင့်ရဖို့အတွက် အချိန်တွေအကြာကြီး စောင့်နေခဲ့ရတာပါ။ အရမ်းကို မျှော်နေရတာ ပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်လေးကို ကြည့်ချင်တဲ့ သူတွေကလည်း မျှော်နေကြတယ်။ မေးနေကြတယ်။ ကိုယ် တွေဘက်ကလည်း စည်းကမ်းအတိုင်းပဲ တန်းစီစနစ်နဲ့ပဲ တန်းစီတယ်။ နောက်အကျဆုံးမှ ရုံတင်ဖို့ရတယ်ဆိုပေမယ့်လည်း အခုလိုမျိုး ရုံတင်ခွင့်ရတဲ့အတွက်ပဲ ကျေနပ်ပါတယ်။

မေး - ဒီဇာတ်ကားလေးကနေ အဓိကပေးချင်တဲ့အကြောင်း အရာကဘာဖြစ်မလဲ။

ဖြေ - မနောမြေက ကျောက်စိမ်းကမ္ဘာဆိုတော့ ဦးဆုံး ဖားကန့်ရောက်ဖူးလား။ မှော်ထဲကို ရောက်ဖူးလား။ ကျောက်စိမ်းကိုကြိုက်လားလို့ အရင်မေးချင်ပါတယ်။ အဲဒီထဲမှာ အဓိပ္ပာယ် တွေအများကြီး ပါပါတယ်။ ဒီဒေသရဲ့ အဓိပ္ပာယ်ကတော့ ကျောက်ကောင်းတစ်ပွင့်ရဖို့အတွက် ဘဝတွေအများကြီး ပေးဆပ်ခဲ့ရတယ်။ အဲဒါက နံပါတ်တစ်ပါပဲ။ လူတွေဖြတ် သန်းနေရတဲ့ဘဝတွေကို ပြချင်တယ်။ နောက် လူတွေမရောက်ဖူးသေးတဲ့ ဒီနေရာ ဒီဒေသလေးကို ရုပ်ရှင်လေးတစ်ကား ကြည့်ပြီးတော့ မြင်ဖူးစေချင်တယ်။ ကမ္ဘာပေါ်မှာ တန်ဖိုးမ ဖြတ်နိုင်တဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းရတနာတွေထွက်ရှိရာ နေရာတစ်နေရာပါ။ အဲဒီဒေသမှာ ကျောက်တူးဖော် ခြင်း အလုပ်ကိုလုပ်ကိုင်နေကြတဲ့ ကျောက်တူးသမားတွေရဲ့ ဘဝဖြစ်ရပ်မှန်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတယ်။ ကချင် ပြည်နယ်ရဲ့ လွမ်းမောဖွယ်ရာ ရေခဲပြင်အလှနဲ့ တောတောင် ရေမြေသဘာဝအလှတွေကို ဘဝနှင့်အလှ ယှဉ်တွဲရိုက်ကူးထားတဲ့ဇာတ်ကားပါ။

 

မေး - ဇာတ်ကားရိုက်ကူးနေရင်းနဲ့ အခက်အခဲတွေလည်း ရှိခဲ့တယ်ဆိုတော့ အဲဒါလေးတွေလည်း ပြောပြပေးပါဦး။

ဖြေ - ကိုယ်တိုင်လည်းသွားခဲ့ဖူးတဲ့အတွက် အခက်အခဲ တွေလည်း အများကြီးပဲ။ လေ့လာရေးအနေနဲ့ သွားခဲ့တယ်ဆိုပေမယ့်လည်း တကယ်ကိုခက်ခဲပါတယ်။ ခက်ခဲတယ်ဆိုတာထက် ဘဝတွေကို မြင်လိုက်တွေ့လိုက်ရတဲ့အချိန်မှာ ပိုပြီးတော့ခံစားရပါတယ်။ ရုပ်ရှင်တကယ် ရိုက်တုန်းကလည်း ရေခဲပြင်ကို ရိုက်ချင်တဲ့အခါကျတော့ မိုးရွာတဲ့အချိန်ကို စောင့် ရတယ်။ မိုးရွာပြီးရင် ပြေးရိုက်ရတယ်။ အချိန်လည်း ပိုယူခဲ့ရတယ်။ ရိုက်ကူးရေးလုပ်တဲ့အချိန်မှာလည်း ရင်တမမနဲ့ စိတ်ပူခဲ့ရတယ်။ သူများနဲ့မတူဘဲ ထူးတာကိုရိုက်ချင်တဲ့ အခါကျတော့ ပိုပြီးတော့အားထည့်ရတယ်။ ရိုက်ရတဲ့အပိုင်းကလည်း ဒါရိုက်တာတွေ၊ မင်းသား၊ မင်းသမီးတွေက တိုင်းရင်းသားတွေဖြစ်နေတဲ့အခါကျတော့ စိတ်လေးတွေက တူကြ တယ်။ အဲဒါကြောင့်လည်း ပိုအားရှိခဲ့ရတယ်။

 

မေး - ဒီဇာတ်ကားမှာပါဝင်တဲ့ တချို့နေရာတွေက ဒီအချိန်မှာ မရှိတော့ဘူးလို့လည်းသိရတယ်။

ဖြေ - အစ်မတို့ အကယ်ဒမီရပြီးတော့မှ ဖားကန့်ကိုရောက်သွားတဲ့အချိန်မှာ သွားခဲ့တုန်းက ရုပ်ရှင်ထဲမှာပါတဲ့ တောင် ကြီးတွေက ရုပ်ရှင်ထဲမှာပါတာက ကိတ်မုန့်ကြီးလို ဖြစ်နေတာ။ အစ်မတို့သွားတဲ့အချိန်မှာ မရှိတော့ဘဲနဲ့ လုံးဝမြေပြင်ကိုဖြစ်သွားတာ။ တောင်တွေလည်း မရှိတော့ဘူး။ မြေ သယ်တဲ့ကားတွေဆိုရင်လည်း ဟိုးတောင်ခြေကို ဆင်းသွားရတာတွေကို မြင်တွေ့ခဲ့ရတယ်။ မိုးတွေအရမ်းရွာတဲ့အချိန် မသွားရဲဘူး။ ကားတွေက လျှောဆင်းသွားတာ။ ဒါတွေက အစ်မတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာ။

 

မေး - ဖန်တီးသူတစ်ယောက်အနေနဲ့ ရည်မှန်းချက်က ဘာ ဖြစ်မလဲ။

ဖြေ - ဒါရိုက်တာ ဖြစ်ချင်တာ။ တစ်နေ့တော့ ဖြစ်အောင်လုပ်ဦးမယ်။ ဘာလို့လဲဆိုတော့ ငယ်ငယ်လေးကတည်းက အရမ်းရူးသွပ်တယ်။ ရွှေသွေးကာတွန်းတစ်အုပ်လုံးကို တစ် ယောက်တည်း သရုပ်ဆောင်တာ။ ငယ်ငယ်တုန်းက အသံသွင်းထားတာ အခုထိရှိသေးတယ်။ ကတာလည်း ဒဏ်ရာ တောင်ရတယ်။ မျက်နှာမှာ။ မသိစိတ်က ဝါသနာပါနေတာ။ အနုပညာကို လုပ်နေရင် မောရ ပန်းရမှန်းကို မသိဘူး။

NN

#democracytoday

Rate this item
(0 votes)
back to top