HIGHLIGHT NEWS
Main menu

Entertainment   [-- ဖျော်ဖြေရေး ကဏ္ဍ --]

''ကျွန်တော်ကတော့ ယဉ်ကျေးမှု စရိုက်ကိုပြသော မေတ္တာဘွဲ့ဇာတ်တွေကိုပဲ ဆက်ရိုက်နေဦးမှာပါ'' - ဒါရိုက်တာ ဝင်းထွန်းထွန်း

''ကျွန်တော်ကတော့ ယဉ်ကျေးမှု စရိုက်ကိုပြသော  မေတ္တာဘွဲ့ဇာတ်တွေကိုပဲ ဆက်ရိုက်နေဦးမှာပါ''  - ဒါရိုက်တာ ဝင်းထွန်းထွန်း

''ပြုံးရွှင်ရေ..ပျော်ရဲ့လား''ရုပ်ရှင်ဇာတ်ကားကြီးကို ဖန်တီးရိုက်ကူးခဲ့သည့် ဒါရိုက်တာ ဝင်းထွန်းထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း.....။

 

မေး- ''ပြုံးရွှင်ရေ...ပျော်ရဲ့လား'' ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ရွေးချယ်ဖြစ်တာနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။

ဖြေ- ဒီဇာတ်ကားကိုစရိုက်ဖို့ ပြင်ဆင်တဲ့အချိန်တုန်းက အဲဒီကာလတုန်းက ရုပ်ရှင်နယ်ပယ်မှာ ဟာသကားတွေ ခေတ်စားနေတဲ့အချိန်။ အဲဒီလိုအချိန်မှာ ဒီဇာတ်ကား ကိုရွေးချယ်ရိုက်ကူးတဲ့အတွက် ရွေးချယ်မှုမှားယွင်းတယ်လို့ ပြောရမယ်။ စီးပွားရေးအရ ပြောမယ်ဆိုရင်ပေါ့နော်။ အနုပညာအရ ရွေးချယ်ရတဲ့ အကြောင်းရင်းကတော့ ရှိပါတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော့်ရိုးရာနဲ့ခံယူချက်ပါ။ ကျွန်တော့် ရိုးရာနဲ့ ခံယူချက်က ဘာလဲဆိုတော့ မြန်မာယဉ်ကျေးမှုစရိုက်ကို ဖော်ကျူးတဲ့ မိဘမေတ္တာဖွဲ့ဇာတ်ကားတွေရိုက်ကူးရမယ်လို့ ယုံကြည်တယ်။ မြန်မာ့ရုပ်ရှင်မှာ ဒီလိုဇာတ်မျိုးတွေက မြန်မာကားစစ်စစ်ဖြစ်တယ်လို့ ယုံကြည်တဲ့အတွက် ဒီဇာတ်ကားကိုရိုက်တာပါ။

မေး- ဇာတ်လမ်းက မြန်မာယဉ်ကျေးမှုဘက်ကို သွားထားတဲ့အတွက် တချို့ပရိသတ် တွေက မကြိုက်တာတွေလည်း ရှိလာနိုင်တယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်လဲ။

 

ဖြေ- မြန်မာဇာတ်ကားက မြန်မာဆန်ရမယ်။ မြန်မာဆန်ရမယ်ဆိုလို့ ရှေးရိုးစွဲပြီးတော့ နောက်ပြန်သွားနေတာမဟုတ်ပါဘူး။ ကျွန်တော့်အဖွဲ့တစ်ခုလုံး ခေတ်မီအောင်လို့ ကျွန်တော် ကြိုးစားထားတယ်။ ရိုက်ကူးတဲ့ပုံစံမှာ ခေတ်အမီဆုံးနဲ့ အဆင့်မြင့်လာအောင် ပြင်ဆင်တယ်။ တချို့တွေကထင်မယ်။ မြန်မာဆန်တဲ့ဇာတ်ကားတွေက ဟောင်းနေတယ်။ ဘိုဆန်တဲ့ဇာတ်ကားတွေကမှ ခေတ်မီတယ်လို့ထင်တဲ့ ပရိသတ်လည်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ယုံကြည်တာကတော့ ကျွန်တော့်ရိုက်ကူးရေး ပုံစံက ခေတ်နောက်မကျပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ယဉ်ကျေးမှုစရိုက်ကိုပြသော မေတ္တာဘွဲ့ဇာတ်တွေကိုပဲ ကျွန်တော်ဆက်ရိုက်နေဦးမှာပါ။ အနုပညာရှင်ဆိုတာကတော့ ပရိသတ်ရှိနေဖို့တော့လိုတာပေါ့နော်။ ဒီလိုဇာတ်ကားမျိုးကိုမှ မြန်မာဇာတ်ကားဆိုပြီးတော့ အားပေးတဲ့ ပရိသတ် တစ်ယောက်တည်း ရှိနေမယ်ဆိုရင်တောင် ဝင်းထွန်းထွန်းကတော့ ဆက်ရိုက်နေဦးမှာပါ။

 

မေး- ရုံပြိုင်စနစ်ဆိုပေမယ့် ဒီတစ်ပတ်ရုံထိပ်တိုက်အနေနဲ့ မင်းသားတစ်ဦးတည်း ရုံထိပ်တိုက် ဖြစ်နေတဲ့ အပေါ်မှာရော ဘာပြောချင်တာမျိုးရှိလဲ။

ဖြေ- ရုံပြိုင်မှာ မြင့်မြတ်နှစ်ကားတိုက်တယ်။ အခုလည်း နေတိုး၊ ကျော်ကျော်ဗိုလ် ရုံပြိုင်တိုက်တယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ တစ်ပတ်အတွင်းမှာပဲ မင်းသားတွေတိုက်နေတာကို ကလေးအတွေးနဲ့ တွေးကြည့်မယ်ဆိုရင်တောင်မှ သိသာပါတယ်။ ဟိုဘက်ဒီဘက်ကို မင်းသားတူ တိုက်နေပြီဆိုတာနဲ့ အနုပညာနစ်နာမှု အကြီး ကြီးရှိပါတယ်။ ဒါပေမဲ့ အခုတော့ မပြောသေးပါဘူး။ နှစ်ကားစလုံးမှာ ကျွန်တော် ဒါရိုက်တာဖြစ်နေတဲ့အတွက် ကိုယ့်ကိုထိခိုက်မှ ပြောတယ်ဖြစ်မှာစိုးလို့ မပြောသေးပါဘူး။ အနုပညာရှင်တစ်ယောက်အနေနဲ့ ဒီလိုမျိုးဖြစ်တာကို လုံးဝလက်မခံပါဘူး။ ဖြစ်လည်း မဖြစ်သင့်ပါဘူး။ ဖြစ်နေတဲ့ စနစ်တစ်ခု လွဲမှားနေတာကို လွဲနေတဲ့အတိုင်း ထိုင်ကြည့် နေတာ အလကားတော့ မဟုတ်ပါဘူး။ အဲဒါကြောင့် အခုတော့မပြောသေးဘူး။ ပြီးရင် တော့ ပြောဖို့ အစီအစဉ်ရှိပါတယ်။ တစ်ကယ်နစ်နာမှုရှိလာတဲ့ အနုပညာသမားတွေရဲ့ နစ်နာမှုကို ဘယ်သူတွေက ကာကွယ်ပေးမှာလဲ။

 

မေး- မင်းသားတူရုံထိပ်တိုက်ဖြစ်နေတာက ဘယ်လောက်အထိဆုံးရှုံးမှုဖြစ်နိုင်လဲ။

ဖြေ- အကြီးမားဆုံးဆုံးရှုံးမှုပါ။ နှစ်ဖက်စလုံးက ဒီမင်းသားဖြစ်လာပြီဆိုရင် မင်းသား ပရိသတ်က နှစ်ခြမ်းဖြစ်သွားမှာပါ။ နေတိုးကိုပဲ ပြောမယ်။ နေတိုးဆိုရင် ဇာတ်ကိုလည်း စိစစ်တယ်။ ဇာတ်ကားအရေအတွက်ကိုလည်း လျှော့ချတယ်။ ဇာတ်ကားလည်း အများ ကြီးမရိုက်ထားဘဲနဲ့ ဒီမင်းသားက ဘာလို့ ရုံထိပ်တိုက်ကြီးဖြစ်တာလဲ။ အရမ်းစဉ်းစားလို့ရတယ်။ ကားတွေအရမ်းများလို့ တိုက်တာဆိုရင်လည်းထားတော့ တစ်နှစ်လုံးမှာ ရက် တွေမှအများကြီးပဲ။ ဒါပေမဲ့ ဒီတစ်ပတ်ကို ရုံတိုက်တယ်။ နောက်တစ်ပတ်တွေကျတော့ မပါတော့ဘူး။ အရမ်းအံ့သြဖို့ ကောင်းပါတယ်။ ဒါကရိုးသားလား မရိုးသားလားဆိုတာ အဖြေပေါ်မှာပါ။ 

NN

#democracytoday

Rate this item
(0 votes)
back to top