Tuesday, 13 February 2018 11:31

ကျန်းမာရေး ပြဿနာများကြောင့် ဒရာမာရိုက်ကူးရေးမှ မင်းသမီး ကင်ဆိုရမ် နုတ်ထွက်

Written by
Rate this item
(0 votes)

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၂

ကိုရီးယားမင်းသမီး ကင်ဆိုရမ်သည် tvN ရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်မည့် Mr. Sunshine ရုပ်သံဇာတ်လမ်းတွဲမှ ကျန်းမာရေးပြဿနာများကြောင့် နုတ်ထွက်မည်ဖြစ်ကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် ထွက်ပေါ်လာသော ကနဦးသတင်းများအရ မင်းသမီးကင်သည် စာရေးဆရာမကင်အွန်းဆော့၏ ဒရာမာမှ နုတ်ထွက်မည်ဟုဆိုသည်။ ထုတ်လုပ်ရေး ဝန်ထမ်းတစ်ဦးက ယင်းသတင်းကို အတည်ပြုခဲ့သည်။ ၎င်းက ''သူ့ကျန်းမာရေးက အရေးကြီးဆုံးဖြစ်တဲ့အတွက် သူရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားရမှာဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။


ထို့အပြင် မင်းသမီးကင် နုတ်ထွက်သွားသည့် ဇာတ်ရုပ်နေရာတွင် အစားထိုးရမည့်သူကိုလည်း ရှာဖွေရခြင်း မရှိသေးကြောင်း၊ ရိုက်ကူးရေးလုပ်ငန်းများကို ယခုလအတွင်း စတင်ခဲ့ပြီးဖြစ်သည့်အတွက် မင်းသမီးအသစ် ရှာဖွေရေးကို အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ပြီး အချိန်ဇယား ရေးဆွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 

Mr. Sunshine ဒရာမာသည် ၁၈၇၁ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ခရီးသွားခဲ့သော လူငယ်အမျိုးသားတစ်ဦး၏ အကြောင်းနှင့် အမေရိကန်စစ်သားတစ်ဦးအနေဖြင့် အမိမြေ ကိုရီးယားသို့ ပြန်လည်ရောက်ရှိလာခဲ့ပုံကို ဇာတ်အိမ်တည်ရိုက်ကူးမည်ဟုသိရသည်။ ယခုဒရာမာသည် စာရေးဆရာမ ကင်အွန်းဆော့နှင့် ဒါရိုက်တာ လီအွန်းဘို့တို့၏ Descendants of the Sun နှင့် Goblin ဒရာမာတို့ပြီးနောက် တတိယမြောက် လက်တွဲရိုက်ကူးသော ဇာတ်လမ်းတွဲဖြစ်သည်။ ယင်းဒရာမာတွင် လီဗြောင်ဟွန်း၊ ကင်ထယ်ရီ၊ ယူယောင်း ဆော့၊ ဗြောင်ယိုဟန်နှင့် ဂျိုဝူဂျင်တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး လာမည့် ဇူလိုင်လအစောပိုင်းတွင် ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ထားသည်။ 

 

Ref: soompi

Read 126 times
Login to post comments