ဗစ်တိုးရီးယားဗက်ခမ်းက အလုပ်လုပ်သော မိခင်များအတွက် အကောင်းဆုံး အကြံများ ပြောပြခဲ့

ဟောလိဝုဒ်၊ စက်တင်ဘာ ၂၁
နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာနှင့် အဆိုတော်ဟောင်းတစ်ဦးဖြစ်သူ ဗစ်တိုးရီးယားဗက်ခမ်းက စက်တင်ဘာ ၂၁ ရက်က E! News မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကလေးတစ်ဖက်နှင့် အလုပ်လုပ် သောမိခင်များအတွက် အကောင်းဆုံးအကြံဥာဏ်များနှင့် အားပေးစကားများ ပြောကြားခဲ့ကြောင်း Hello သတင်းက ဖော်ပြခဲ့သည်။
ကလေးလေးဦး၏မိခင် ဗစ်တိုးရီးယားက ''ကလေးတစ်ဖက်နဲ့ အလုပ်လုပ်ရလို့ မကောင်း ဘူးလို့ မခံစားပါနဲ့။ ကလေးကိုထားပြီး အလုပ်သွားရလို့ စိတ်မသိုးမသန့်မဖြစ်ပါနဲ့။ ဒါဟာ ကျွန်မတို့ လုပ်နိုင်တာတွေကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေတာပါ။ အမျိုးသမီး တွေအကုန်လုံးက အကောင်းဆုံးဇနီးနဲ့ အမေဖြစ်ချင်ကြတယ်။ ဒီလိုဖြစ်နိုင်ဖို့က အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ကြင်နာပါလို့ ကျွန်မက မှာချင်ပါတယ်''ဟု ဆိုခဲ့သည်။
ဘောလုံးအကျော်အမော် ဒေးဗစ်ဗက်ခမ်းနှင့် ဗစ်တိုးရီးယား ဗက်ခမ်းတို့ဇနီးမောင်နှံတွင် ဘရွတ်ကလင်း (၁၉)နှစ်၊ ရိုမီယို (၁၆) နှစ်၊ ခရုဇ် (၁၃)နှစ်နှင့် ဟာပါ (၇)နှစ်ဟူသော ရင်သွေး လေးဦး ရရှိထားသည်။ ''ကျွန်မတို့ကလေးတွေကို စည်းကမ်းကြပ်မတ်တယ်။ ဒါပေမဲ့ သူတို့ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် ပွဲလမ်းသဘင်သွားလာခွင့်ကိုလည်း အထိုက် အလျောက် ခွင့်ပြုပေးလေ့ရှိတယ်။ သွားစရာလာစရာရှိရင်လည်း မိသားစု အတူသွားကြတယ်''ဟုလည်း သူမက ပြောပြခဲ့သည်။
ဒီဇိုင်နာတစ်ဦးဖြစ်သည့် ဗစ်တိုးရီးယားသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် လန်ဒန်ဖက်ရှင်ရှိုးတွင် အစီအစဉ်တင် ဆက်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး မိသားစုကလည်း ရှေ့တန်းခုံမှထိုင်ကာ အားပေးခဲ့ကြသည်။ သူမက မိမိမှာအလုပ်ကြိုးစားသူဖြစ်ပြီး ကုန်ပစ္စည်းသစ်များ တီထွင်နိုင်ရန် အမြဲစဉ်းစားနေကြောင်း၊ ဖောက်သည်များအပေါ် ဂရုစိုက်သူဖြစ်ကြောင်း သို့သော် မိသားစုကိစ္စကို လုံးဝပစ်ပယ်မထားဘဲ မျှခြေရှိနေစေရန် အာရုံစိုက်ထား ကြောင်း ပြောပြခဲ့သည်။ သူမက ''မိသားစု၊ အလုပ်နဲ့ ဘဝမျှတပြီး ပျော်ရွှင်ဖို့ သော့ချက်ကတော့ ကိုယ့်ကိုယ်ကိုယ် အရင်ချစ်ဖို့ ကြင်နာတတ်ဖို့ပါပဲ''ဟု ဆိုခဲ့သည်။
Ref: Hello
#democracytoday