ရန်ကုန်၊ စက်တင်ဘာ ၂
”နေရယ် လရယ် အမှန်တရားရယ် ၂” ရုပ်သံဇာတ် လမ်းတွဲကို MRTV တွင် စက်တင်ဘာ ၅ ရက်မှ စတင်ကာ ထုတ်လွှင့်ပြသတော့မည်ဖြစ်ကြောင်းသိရသည်။ ယင်းရုပ်သံဇာတ်လမ်းတွဲ စတင်ပြသ ခြင်း မိတ်ဆက်ပွဲအခမ်းအနားကို သြဂုတ် ၃၁ ရက်တွင် Junction City ၌ ပြုလုပ်ခဲ့ပြီး အနုပညာရှင်များစွာ တက်ရောက်ခဲ့သည်။
”ဒီဇာတ်လမ်းတွဲက ဒုတိယပိုင်း ပေါ့နော်။ ဒီဇာတ်လမ်းတွဲက မြန်မာနိုင်ငံအတွက် အဓိကလိုအပ်နေတဲ့ ဥပဒေနဲ့ပတ်သက်တာကို ရိုက်ပြထားတယ်။ ဥပဒေကို မှန်ကန်စွာအသုံးချနိုင်တဲ့ ဥပဒေဖြစ် အောင် နောက်ပြီးတော့ ဥပဒေကို လူတိုင်းနားလည်ဖို့ လိုအပ်တယ်။ ဘာလို့ နားလည်ဖို့လိုအပ်တာလဲဆိုတော့ ဥပဒေကို နားမလည်တဲ့အတွက် လက်တစ်လုံး ခြားခံလိုက်ရတာတွေရှိတယ်”ဟု ဒါရိုက်တာ အောင်ကိုလတ်က ပြောသည်။ ”နေရယ် လရယ် အမှန်တရားရယ် ၂” ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ အောင်ကိုလတ်မှ ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင်ဆုပန်ထွာ၊ ဘုဏ်းသိုက်၊ မိုးယံဇွန်၊ ခင်ဇာခြည်ကျော်၊ ညီနန္ဒ၊ နေယံတို့မှ အဓိကပါဝင်ထားသည်။
”အမှန်တရားတစ်ခုက လူတိုင်းအတွက်တော့ အမြဲတမ်းလိုအပ်တဲ့အရာတစ်ခုပဲ။ ပန်ပန့်ဘဝမှာလည်း ဒီအမှန်တရားတစ်ခုကိုပဲ လက်ကိုင်ထားပြီး တော့ ဒီနေ့အချိန်ကိုရောက်အောင် ရပ်တည်ခဲ့ရတာဖြစ်တဲ့အတွက် နေရယ် လရယ် အမှန်တရားရယ်ဆိုတဲ့စကားကို အရမ်း သဘောကျတယ်”ဟု သရုပ် ဆောင် ဆုပန်ထွာက ပြောသည်။
”နေရယ် လရယ် အမှန်တရားရယ် ၂” ရုပ်သံဇာတ်လမ်းတွဲသည် ခေတ်နှင့် အညီလိုအပ်ချက်များကို ထင်ဟပ်စေနိုင်သည့် တရားမျှတမှုဆိုင်ရာ ပြဿနာများ၊ ဖြေရှင်းချက်များ၊ နိုင်ငံတစ်ဝန်းတွင် လူအများခံစားနေရသည့် ခေါင်းပုံ ဖြတ်သောငွေချေးမှု ပြဿနာများ၊ အစိုးရ၏ အကျင့်ပျက်ခြစား မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါး၊ တရားမဝင်ကုန်ကူးမှုနှင့် မြေယာသိမ်း ခြင်း စသည့်ပြဿနာများကို ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်းရုပ်သံဇာတ်လမ်းတွဲကို MRTV ရုပ်သံလိုင်းတွင် အပတ်စဉ် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့ ည ၇နာရီ ၁၅ မိနစ်နှင့် ၈ နာရီအတွင်း မိနစ် ၃ဝ စာ အပိုင်း ၁ဝ ပိုင်းကို ထုတ်လွှင့်ပြသပေးမည်ဖြစ်ကြောင်းသိရသည်။
NN
#democracytoday
Discussion about this post