ဆိုးလ်၊ ဖေဖော်ဝါရီ ၁၂

ကေပေါ့ပ် အမျိုးသမီးတစ်ကိုယ်တော် အဆိုတော် BoA သည် လာမည့်သီတင်းပတ်တွင် အယ်လ်ဘမ်အသစ်တစ်ခုကို ဖြန့်ချိမည်ဖြစ်ကြောင်း ၎င်း၏ စီမံခန့်ခွဲရေး အေဂျင်စီက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ S.M. အင်တာတိန်းမန့်က BoA  ၏ "One Shot, Two Shot"  အယ်လ်ဘမ်ကို ဖေဖော်ဝါရီ ၂ဝ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီတွင် ဖြန့်ချိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၂

ကိုရီးယားမင်းသမီး ကင်ဆိုရမ်သည် tvN ရုပ်သံလိုင်းမှ ရိုက်ကူးထုတ်လွှင့်မည့် Mr. Sunshine ရုပ်သံဇာတ်လမ်းတွဲမှ ကျန်းမာရေးပြဿနာများကြောင့် နုတ်ထွက်မည်ဖြစ်ကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၂ ရက်တွင် ထွက်ပေါ်လာသော ကနဦးသတင်းများအရ မင်းသမီးကင်သည် စာရေးဆရာမကင်အွန်းဆော့၏ ဒရာမာမှ နုတ်ထွက်မည်ဟုဆိုသည်။ ထုတ်လုပ်ရေး ဝန်ထမ်းတစ်ဦးက ယင်းသတင်းကို အတည်ပြုခဲ့သည်။ ၎င်းက ''သူ့ကျန်းမာရေးက အရေးကြီးဆုံးဖြစ်တဲ့အတွက် သူရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ လေးစားရမှာဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၁၁ 

မကြာသေးမီကမှ လက်ထပ်ထိမ်းမြားခဲ့ကြသော ဂျွန်စတားမို့စ်နှင့် ကိတ်လင်းမတ်ဟုခ်ျတို့သည် ဒစ်စနေးလန်းအပန်းဖြေဥယျာဉ်သို့ ပျားရည်ဆမ်းခရီး ထွက်ခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦး စတင်တွေ့ဆုံချစ်ကြိုက်ခဲ့သည်မှာ ဒစ္စနေးလန်း ဖြစ်သောကြောင့် တစ်ကျော့ပြန် ထပ်မံသွားရောက်ရခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၁ ရက် E Online သတင်းကဆိုသည်။

Snare အဖွဲ့ရဲ့ တတိယမြောက် တေးအယ်လ်ဘမ်ဖြစ်တဲ့ ''ပူးတွဲချန်ပီယံ''အခွေကို ဖေဖော်ဝါရီ ၁၂ ရက် ယနေ့ (ပြည်ထောင်စုနေ့)မှာ စတင်ဖြန့်ချိ သွားမယ်လို့ တေးသံရှင်နေဝင်းက ပြောပါတယ်။ ''ကျွန်တော်တို့ သီချင်းတွေလုပ်ရင် စိတ်နှစ်ကိုယ်နှစ်လုပ်ဖြစ်ပါတယ်။ အမြဲတမ်းလည်း သီချင်းအရေးအသား ကအစ သေချာလုပ်တယ်။ နောက် အခွေကထုတ်တာ နည်းနည်းလည်း ကြာသွားတယ်ဆိုတော့ ကျွန်တော်အထင်တော့ ပိုပြီးကျစ်လျစ်သွားတယ်လို့ထင်ပါတယ်။ အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လုပ်ထားတယ်။ မတူတာတွေကိုလည်း ပရိသတ်တွေခံစားနိုင်မှာပါ။ သီချင်းအကြောင်းအရာတွေကတော့ ထူးခြားတယ်။ ပုံစံတွေသွားတဲ့ လမ်းကြောင်းတွေက ငယ်ငယ် တုန်းကသူငယ်ချင်းတွေနဲ့ ဆိုးခဲ့တဲ့အကြောင်းတွေ လမ်းမပေါ်ကဖြစ်နေတဲ့ အမှန်တရားတွေ ကျွန်တော်တို့တွေ့ကြုံခဲ့ရတာတွေကို ပြန်လည်ရေးသားထားတာတွေများပါတယ်''လို့ သူကဆိုပါတယ်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ကမ္ဘာအနှံ့မှ အနုပညာရှင်များ တစ်နိုင်ငံတစ်ပုဒ်ဖန်းတီးမည့် New York City ဆိုသည့်သီချင်းကို မြန်မာနိုင်ငံမှ Big Bag အဖွဲ့က ပါဝင်သွားမည်ဖြစ်ကြောင်း အဆိုတော် ဟန်ထူးလွင်က သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ ယင်းသို့ New York City ဆိုတဲ့သီချင်းကို ပါဝင်ဖန်တီးရန်အတွက် ကမ္ဘာကျော်တေးဂီတအဖွဲ့ဖြစ်သည့် Queen နှင့် အဆို တော် Freddy Mercury  တို့အတွက် မန်နေဂျာအဖြစ်ဆောင်ရွက်ခဲ့သည့် မစ္စတာ Jim Beach က အဆိုတော်ဟန်ထူးလွင်ကို ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၃ နာရီခန့် တွေ့ဆုံကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

နယူးမက္ကဆီကို၊ ဖေဖော်ဝါရီ ၁ဝ

ကျူးဘားနွယ်ဖွား အမေရိကန်အဆိုတော်၊ တေးရေးဆရာမက မီလာကာဘယ်လိုသည် မက္ကဆီကိုနိုင်ငံ ကမ်းခြေတစ်ခုတွင် ချစ်သူနှင့်အတူ အပန်းဖြေခဲ့ကြောင်း ဖေဖော်ဝါရီ ၁ဝ ရက် E Online  သတင်းကဆိုသည်။ '' Havana ''သီချင်းဖြင့် နာမည်ကြီးခဲ့သော ကမီလာကာဘယ်လိုနှင့် ချစ်သူ မက်သရူးဟတ်ဆီတို့ ကမ်းခြေတွင် ပြုံးပျော်နေသည်ကို ဓာတ်ပုံထဲတွင် တွေ့ရသည်။ မက်သရူးဟတ်ဆီသည် နာမည်ကြီး စာရေးဆရာတစ်ဦးဖြစ်သည်။ ၎င်းသည် Cosmopolitan မဂ္ဂဇင်းတွင် ဘဝနေထိုင်နည်း ဆောင်းပါးများ ပင်တိုင် ရေးသားလျက်ရှိသည်။

နယူးယောက်၊ ဖေဖော်ဝါရီ ၁ဝ

အမေရိကန် နာမည်ကြီးမော်ဒယ် ဘယ်လာဟားဒစ်အား နောက်ယောင်ခံနှောင့်ယှက်သူတစ်ဦးကို နယူးယောက်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း ဖေဖော်ဝါရီ ၁ဝ ရက် E Online သတင်းကဆိုသည်။ အသက် (၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဘယ်လာဟား ဒစ်ကို နောက်ယောင်ခံ နှောင့်ယှက်ခဲ့ကြောင်း၊ ၎င်းကို တိုက်ခန်းရှေ့ တွင်တွေ့ရသဖြင့် ဘယ်လာဟားဒစ်က ရဲကို ဖုန်းဆက်ပြီးတိုင်ကြား ခဲ့ရာ ရဲက လာဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

နယူးယောက်၊ ဖေဖော်ဝါရီ ၁ဝ

Catastophe  ရုပ်ရှင်ဖြင့် နာမည်ကြီးခဲ့သော မင်းသားရော့ဘ်လာနေးက မိမိ၏နှစ်နှစ်အရွယ် သားဖြစ်သူ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီဟု ပြောကြားကြောင်း ဖေဖော်ဝါရီ ၁ဝ ရက် AP သတင်းကဆိုသည်။ မိမိ၏သားသည် ဥာဏ်ကောင်းပြီး အလွန်ချစ်စရာကောင်း သော ''လူဆိုး''လေးတစ်ဦးဖြစ်ကြောင်း ရော့ဘ်ဒီလာနေးက ဖေ့စ်ဘွတ်ခ်တွင် ပြောကြားသည်။

Page 4 of 58