နယူးမက္ကဆီကို၊ ဖေဖော်ဝါရီ ၁ဝ

ကျူးဘားနွယ်ဖွား အမေရိကန်အဆိုတော်၊ တေးရေးဆရာမက မီလာကာဘယ်လိုသည် မက္ကဆီကိုနိုင်ငံ ကမ်းခြေတစ်ခုတွင် ချစ်သူနှင့်အတူ အပန်းဖြေခဲ့ကြောင်း ဖေဖော်ဝါရီ ၁ဝ ရက် E Online  သတင်းကဆိုသည်။ '' Havana ''သီချင်းဖြင့် နာမည်ကြီးခဲ့သော ကမီလာကာဘယ်လိုနှင့် ချစ်သူ မက်သရူးဟတ်ဆီတို့ ကမ်းခြေတွင် ပြုံးပျော်နေသည်ကို ဓာတ်ပုံထဲတွင် တွေ့ရသည်။ မက်သရူးဟတ်ဆီသည် နာမည်ကြီး စာရေးဆရာတစ်ဦးဖြစ်သည်။ ၎င်းသည် Cosmopolitan မဂ္ဂဇင်းတွင် ဘဝနေထိုင်နည်း ဆောင်းပါးများ ပင်တိုင် ရေးသားလျက်ရှိသည်။

နယူးယောက်၊ ဖေဖော်ဝါရီ ၁ဝ

အမေရိကန် နာမည်ကြီးမော်ဒယ် ဘယ်လာဟားဒစ်အား နောက်ယောင်ခံနှောင့်ယှက်သူတစ်ဦးကို နယူးယောက်မြို့ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း ဖေဖော်ဝါရီ ၁ဝ ရက် E Online သတင်းကဆိုသည်။ အသက် (၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဘယ်လာဟား ဒစ်ကို နောက်ယောင်ခံ နှောင့်ယှက်ခဲ့ကြောင်း၊ ၎င်းကို တိုက်ခန်းရှေ့ တွင်တွေ့ရသဖြင့် ဘယ်လာဟားဒစ်က ရဲကို ဖုန်းဆက်ပြီးတိုင်ကြား ခဲ့ရာ ရဲက လာဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

နယူးယောက်၊ ဖေဖော်ဝါရီ ၁ဝ

Catastophe  ရုပ်ရှင်ဖြင့် နာမည်ကြီးခဲ့သော မင်းသားရော့ဘ်လာနေးက မိမိ၏နှစ်နှစ်အရွယ် သားဖြစ်သူ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီဟု ပြောကြားကြောင်း ဖေဖော်ဝါရီ ၁ဝ ရက် AP သတင်းကဆိုသည်။ မိမိ၏သားသည် ဥာဏ်ကောင်းပြီး အလွန်ချစ်စရာကောင်း သော ''လူဆိုး''လေးတစ်ဦးဖြစ်ကြောင်း ရော့ဘ်ဒီလာနေးက ဖေ့စ်ဘွတ်ခ်တွင် ပြောကြားသည်။

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၉

မင်းသမီး နာတာလီယာပို့တ်မန်းက အခြားမင်းသမီးများနှင့် စကား ကတောက်ကဆတ် ဖြစ်လေ့မရှိဘဲ အတူတူအလုပ်တွဲလုပ်ပါက အမျိုးသမီးများမှာ ပိုမိုအင်အားခိုင်မာလာကြောင်း ဝန်ခံပြောကြားလိုက်သည်။ အသက် (၃၆)နှစ်အရွယ် မင်းသမီးက ဟောလိဝုဒ်တွင် အမျိုးသမီးများအပေါ် ဆက်ဆံမှုအကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ ပြီး ဟောလိဝုဒ်နာမည်ကျော် ရုပ်ရှင်များတွင် အဓိကသရုပ်ဆောင်အ ဖြစ်ပါဝင်ရန် အမျိုးသမီးတစ်ဦးနှင့်တစ်ဦး ရန်ဖြစ်မနေသင့်ကြောင်းလည်း ပြောဆိုလိုက်သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၉

ကေပေါ့ပ်အဆိုတော် ဘတ်ဂျီယောင်း၏ခင်ပွန်း၊ မင်းသားဂျောင်ဆော့ဝန်သည် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံလိုက်ရပြီး မူးယစ်ဆေးသုံးစွဲမှုစွဲချက် ဖြင့် စစ်ဆေးခံနေရကြောင်းသိရသည်။ ဖေ ဖော်ဝါရီ ၉ ရက်တွင် ဆိုးလ် မက်ထရိုပိုလီတန် ရဲအေဂျင်စီက သြစတေးလျမှ ကိုရီးယားသို့ပြန်လာချိန် အင်ချွန်းလေဆိပ်၌ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၈ ရက် ညပိုင်းတွင် မူးယစ်ဆေးသုံးစွဲမှု စွဲချက်ဖြင့် ဖမ်းဆီးလိုက်ကြောင်း အတည်ပြုခဲ့သည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၉

စိတ်ကူးယဉ် ဒရာမာရုပ်ရှင်ဖြစ်သော "Along With the Gods: The Two Worlds" ရုပ်ရှင်သည် တောင်ကိုရီးယားနိုင်ငံတွင် ဒုတိယလူကြည့်အ များဆုံး ရုပ်ရှင်ဖြစ်လာခဲ့ကြောင်းသိရသည်။ ကိုရီးယားရုပ်ရှင်ကောင်စီမှ ထုတ် ပြန်သော ရုံဝင်ငွေစာရင်းအရ ပရိသတ်များအကြား လူကြိုက်များခဲ့သော ယင်းရုပ်ရှင်သည် ရုံတင်ပြသအပြီး ၅၁ ရက်မြောက်ဖြစ်သော ဖေဖော်ဝါရီ ၈ ရက် ညနေ ၆ နာရီတွင် စုစုပေါင်း လာရောက်ကြည့်ရှုသူ ၁၄၂၅၉၃၉၄ ဦးအထိ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ဆိုးလ်၊ ဖေဖော်ဝါရီ ၈

တောင်ကိုရီးယားမင်းသမီး ဂိုယောင်းဂျောင်းသည် ထုတ်လုပ်ရေးအဖွဲ့နှင့် ပဋိပက္ခဖြစ်ခဲ့ပြီးနောက် SBS ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသနေသော "Return" ရုပ်သံဇာတ်လမ်းတွဲမှ ၎င်းကို ဖယ်ရှားလိုက်လိုက်ကြောင်း ၏ အေဂျင်စီက ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြား လိုက်သည်။ IOK Co. က ''သူဟာ ထုတ်လုပ်ရေးအဖွဲ့နဲ့ မတူကွဲပြားတဲ့အမြင် ထပ်ခါတလဲလဲ ရှိလာခဲ့ပါတယ်။ ပြီးတော့ ဆက်လက်စေ့စပ်ညှိနှိုင်းမှုတွေ ရှိခဲ့ပေမယ့် သဘောထားကွာဟမှုက မကျဉ်းမြောင်းနိုင်တော့ပါဘူး။ ဆက်လက်ရိုက်ကူးဖို့ ခက်ခဲနိုင်တယ်ဆိုတာကို အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလိုကျွန်တော်တို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

လော့စ်အိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၈

မင်းသမီး အလိဆီယာဗီကန်ဒါသည် 'Tomb Raider'  အမည်ရှိ အက်ရှင်ရုပ်ရှင်ကို ရိုက်ကူးနေစဉ်အတွင်း ခန္ဓာကိုယ်တစ်ခုလုံး ပြာနှမ်းခဲ့သည်အထိ အအေးမိခဲ့သည့်အတွက် ရိုက်ကွင်းကို ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။ အသက် (၂၉)နှစ်အရွယ် မင်းသမီးသည် ယင်းရုပ်ရှင်တွင် အက်ရှင်ဟီးရိုးလာရာကရော့ဖ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ရိုက်ကွင်းတွင် အအေးမိခဲ့ပြီးနောက် ခန္ဓာကိုယ်ပြာနှမ်းသည်အထိ ဖြစ်ခဲ့ရသည်အတွက် နွေးထွေး စေရန် ခေတ္တမျှ ရိုက်ကွင်းမှ အနားယူခဲ့ရခြင်းဖြစ်သည်။

Page 5 of 58