ဇင်ဘာဘွေနိုင်ငံ ဟာရာရေး၌ ဝမ်းရောဂါဖြစ်ပွား၊ အရေးပေါ်အခြေအနေ ကြေညာထား

ဟာရာရေး၊ စက်တင်ဘာ ၁၂
ဇင်ဘာဘွေနိုင်ငံ ဟာရာရေးမြို့တော်၌ ဝမ်းရောဂါဖြစ်ပွားလာခဲ့ရာ မြို့တော်တစ်ခုလုံး အရေးပေါ်အခြေအနေကို စက်တင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းက စက်တင်ဘာ ၁၂ ရက်တွင်ဖော်ပြလိုက်သည်။ ဝမ်းရောဂါဖြစ်ပွားမှုမှာ မြို့တော်၏ လူနေထူထပ်သော ဂလင်ဗျူးနှင့် ဘူဒီရီဂိုအရပ်တို့ ၌ဖြစ်ကြောင်း၊ လွန်ခဲ့သောအပတ်က စတင် ဖြစ်ပွားခဲ့ပြီး လူ ၂ဝ သေဆုံးခဲ့ကြောင်း၊ ဝမ်းရောဂါ ဖြစ်ပွားနေသူ ၂ဝဝဝ ကျော်ရှိကြောင်း သက်ဆိုင်ရာကပြောကြားခဲ့သည်။
ဤဝမ်းရောဂါမှာ နိုင်ငံ၏အခြားဒေသများကိုပါ ကူးစက်ပျံ့နှံ့လျက်ရှိ ကြောင်း ဆင်ဟွာသတင်းကဆိုသည်။ အသစ်ခန့်ထားလိုက်သည့် ကျန်းမာရေးဝန်ကြီး အိုဘာဒီယာမိုယိုက သတင်းထောက်များအား ပြောကြားသည်မှာ အစိုးရက ရောဂါထိန်းချုပ်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း၊ အသားနှင့်ငါးများရောင်းချခြင်းကို ပိတ်ပင်ခြင်းနှင့် ရောဂါဖြစ်ရာနယ်မြေရှိ ကျောင်းများကို ပိတ်ထားခဲ့ ကြောင်း ပြောကြားလိုက်သည်။
ဟာရာရေးမြို့ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း၊ ဤသို့လုပ်ဆောင်ခြင်းဖြင့် ဝမ်းရောဂါနှင့် တိုက်ဖွိုက်-အူရောင်ငန်းဖျားရောဂါကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၊ နောက်ထပ် လူသေဆုံးမှုမဖြစ်ရန်ဖြစ်ကြောင်း၊ မိုယိုကလူနာများ ဆေးဝါးကုသနေသည့် ဟာရာရေး ဆေးရုံသို့ သွားရောက်ပြီးနောက် ပြောကြားလိုက်ခြင်းဖြစ်သည်။
မိလ္လာပိုက်များပေါက်ထွက် ခြင်းကြောင့် အဝီစိတွင်းနှင့် လူများသုံးသည့် ရေတွင်းများသို့ ရောက်ရှိခဲ့ကာ ဝမ်းရောဂါဖြစ်ပွားစေခဲ့ကြောင်း၊ ထိုရေများမှာ လူအများအသုံးပြုလျက်ရှိကြောင်း ၎င်းက ပြောသည်။ မိုယိုက အစိုးရအနေဖြင့် ရေသန့်များရရှိစေရန် ကုလသမဂ္ဂအေဂျင်စီနှင့် ပုဂ္ဂလိကအဖွဲ့များထံသို့ အကူအညီတောင်းထားကြောင်း ပြောကြားခဲ့သည်။ ဇင်ဘာဘွေနိုင်ငံတွင် ၂ဝဝ၈ ခုနှစ်ကလည်း ဝမ်းရောဂါအကြီး အကျယ်ဖြစ်ပွားခဲ့ရာ လူ ၄ဝဝဝ ကျော် သေဆုံးခဲ့ဖူးသည်။
Ref ; Xinhua
#democracytoday