M Bwe

M Bwe

ဆိုးလ်၊ ဇန်နဝါရီ ၁

တောင်ကိုရီးယားနိုင်ငံ သမ္မတရုံးက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏နှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုကြောင်း ပြောကြားလိုက်သည်။ ကင်ဂျုံအန်၏ မိန့်ခွန်းတွင် လာမည့်ဆောင်းရာသီအိုလံပစ် ပွဲ တော်သို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့စေလွှတ်ရန် ဖော်ပြခဲ့ကြောင်း၊ ဆောင်းရာသီအိုလံပစ်ပွဲတော်ကို တောင်ကိုရီးယား ပြုံချန်၌ကျင်းပသွားမည်ဖြစ်ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

မက်ဒရစ်၊ ဒီဇင်ဘာ ၂၉ 

အယ်လ်ဂျီးရီးယားနိုင်ငံနှင့် မော်ရိုကိုနိုင်ငံမှ စပိန်နိုင်ငံသို့ ရောက်လာသူဦးရေသည် တိုးတက်များပြားလာသောကြောင့် ယခင်နှစ်ကနှင့် နှိုင်းယှဉ်လျှင် စပိန်နိုင်ငံသို့ ရောက်လာသော ရွှေ့ပြောင်းလာသူဦးရေသည် ၂ဝ၁၇ ခုနှစ်တွင်သုံးဆ မြင့်တက်လာခဲ့သည်။ ယခုနှစ်အတွင်း အာဖရိက မြောက်ပိုင်းမှ မြေထဲပင်လယ်ကို ဖြတ်၍ စပိန်နိုင်ငံသို့ လာရောက်စဉ်အချိန်၌ လူပေါင်း ၂ဝဝ ကျော် သေဆုံးခဲ့သည်။ ''ဒီနှစ်ကုန်ပိုင်းမှာ ရွှေ့ပြောင်းလာသူအရေအတွက်ဟာ အလွန်များပြားလာတယ်''ဟု ဒုက္ခသည်များခိုလှုံခွင့်ရရှိရေးလုပ် ဆောင်ပေးနေသော စပိန်နိုင်ငံဒုက္ခသည်များအရေးကော်မရှင် (CEAR)က ထုတ်ဖော်ပြောကြားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

တစ်နိုင်ငံလုံး အတိုင်းအတာအရ တရားမဝင် ရထားလမ်းနှင့် ကားလမ်းကူးနေရာ(Level Crossing) ၂၀ဝ၀ ကျော်အထိရှိနေရာ မလိုအပ်သည့်ဂိတ်များကို ပိတ်ပစ်မည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှသိရသည်။ လက်ရှိတွင် တရားမဝင်ရထားလမ်း ကူးများသာမက တရားဝင် ကား-ရထား လမ်းကူးတို့တွင်ပါ မတော်တဆမှုများဖြစ်ပွားနေပြီး တရားမဝင်ရထားလမ်းကူးများတွင်ဖြစ်ပွားသော မတော်တဆမှုမှာ ပိုများနေကြောင်း သိရသည်။ တရားမဝင် ကား-ရထားလမ်းကူးများတွင် ဖြစ်ပွားလျက်ရှိသော မတော်တဆမှုများနှင့် စည်းကမ်းမလိုက်နာမှုများ ကြောင့် ဖြစ်ပွားလျက်ရှိသော မတော်တဆမှုများ လျော့နည်းကျဆင်းရေးနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲကို ဒီဇင်ဘာ ၂၉ ရက်က မြန်မာ့မီးရထား (အောက်မြန်မာပြည်) ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

လော့စ်အင်ဂျလိစ် ဒီဇင်ဘာ ၂၉


ဝါရင့်မင်းသားကြီး ဆေဗက်စတာ စတားလုံးက "Rocky III" ရုပ်ရှင်မှ ရော်ကီ ဇာတ်ရုပ်ပုံတူ ရုပ်ထုကို ဒေါ်လာ ၄ သိန်းဖြင့် ဝယ်ယူခဲ့ကြောင်းသိရသည်။ "Expendables" ရုပ်ရှင်စတား မင်းသားကြီး စတားလုံးက လေလံဆွဲပွဲ တစ်ခုတွင်အမည်မဖော်လိုသူတစ်ဦးက ဝင်ရောက်လေလံဆွဲခဲ့ပြီးနောက် ယင်းပုံတူရုပ်တုအတွက် ကျသင့်ငွေ ကိုလွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း TMZ မီဒီယာတွင် ဖော်ပြထားသည်။

နယူးယောက် ဒီဇင်ဘာ ၂၉
 

မြောက်ကိုရီးယားနိုင်ငံအပေါ် ပစ်မှတ်ထားသော နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများက တားမြစ်ထားသည့် သယ်ယူပို့ဆောင်ရေး ကုန်ပစ္စည်းများပါရှိ တင်ဆောင်လာသည်ဟု သံသယရှိသော မြောက်ကိုရီးယား သင်္ဘောလေးစင်းကို နိုင်ငံတကာဆိပ်ကမ်းများ၌ ကမ်းကပ်ခွင့်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့တွင် ပိတ်ပင်လိုက်ကြောင်း သံတမန်များက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ 

မွမ်ဘိုင်း ဒီဇင်ဘာ ၂၉
 

အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းရှိ အထပ်များစွာရှိသော အဆောက်အဦးတစ်ခု၌ ဒီဇင်ဘာ ၂၈ ရက် ညနှောင်းပိုင်းတွင် မီးလောင်ကျွမ်း ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၅ ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူများ က သောကြာနေ့ တွင်ပြောကြားလိုက်သည်။ 

နယူးယောက် ဒီဇင်ဘာ ၂၉

နယူးယောက်မြို့၊ The Bronx ဒေသရှိ တိုက်ခန်းအဆောက်အဦတစ်ခုတွင် မီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ပြီး အခြား ၄ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။ 
မီးသတ်သမားများက မီးကိုငြှိမ်းသတ်ခဲ့ပြီးနောက် အခင်းဖြစ်ရာနေရာတွင် နယူးယောက်မြို့တော်ဝန် ဘေလ် ဒီဘလာစီယိုက " တစ်နှစ်သားအရွယ်လောက်ပဲရှိသေးတဲ့ ကလေးတစ်ဦးအပါအဝင် နယူးယောက်မြို့သား ၁၂ ဦးသေဆုံးတယ်လို့ ကြေညာရတာ စိတ်မကောင်းပါဘူး၊ အခြားသူတွေကိုလည်း ကျွန်တော်တို့ဆုံးရှုံးနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။  ၄င်းက "နှစ်ပေါင်းများစွာ အတွင်းမှာ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့တဲ့ အဆိုးရွားဆုံး မီးလောင်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်၊ အနည်းဆုံး ရာစုနှစ် လေးပုံတစ်ပုံအတွင်း မြို့တော်မှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ အဆိုးအရွား မီးလောင်မှု အဖြစ်ဆိုးကြီးတစ်ခုဖြစ်ပါတယ်"ဟုပြောကြားခဲ့သည်။ 
 

မော်စကို၊ ဒီဇင်ဘာ ၂၉

အကြမ်းဖက်သမားဟု သံသယရှိသူများကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ချက်ချင်းသတ်ပစ်ရန် ရုရှားသမ္မတပူတင်က အမိန့် ပေးလိုက်ကြောင်း ဒီဇင်ဘာ ၂၉ ရက် AFP သတင်းကဆိုသည်။ လူ ၁၄ ဦးဒဏ်ရာရခဲ့သော စိန့်ပီ တာစဘတ်မြို့ စူပါမားကက်ဗုံးကွဲမှုမှာ အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟုလည်း ပူတင်ကပြောသည်။

ကဘူးလ်၊ ဒီဇင်ဘာ ၂၈

ကဘူးလ်မြို့တွင် ဒီဇင်ဘာ ၂၈ ရက်က မီဒီယာရုံး တစ်ခုနှင့် ဗလီတစ်ခုတို့၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ ၄၁ ဦး သေဆုံး ပြီး ၈၄ ဦး ဒဏ်ရာရရှိသွား ခဲ့ကြောင်း သက်ဆိုင်ရာက ပြောခဲ့သည်။  ဤပေါက်ကွဲမှုမှာ အာ ဖဂန်နစ္စတန်မြို့တော် ကဘူးလ်၌ နောက်ဆုံးအကြမ်းဖက်မှု ဖြစ်သည်။

မော်စကို၊ ဒီဇင်ဘာ ၂၈

ရုရှားနိုင်ငံ၏ ၂ဝ၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ရန် လက်ရှိသမ္မတ ဗလာဒီမာပူတင်က တရားဝင်အမည်ပေးစာရင်းသွင်းလိုက် ကြောင်း ဒီဇင်ဘာ ၂၈ ရက် ဆင်ဟွာသတင်းကဆိုသည်။ ဗဟိုရွေးကောက်ပွဲကော်မ ရှင်ရုံးချုပ်များသို့ သမ္မတပူတင် ကိုယ်တိုင်ရောက်လာကာ လျှောက်လွှာတင်ခဲ့ပုံကို ရုရှားရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသခဲ့သည်။ လျှောက်လွှာတင်သွင်းရသည့် စာရွက်စာတမ်းများတွင် သမ္မတပူတင်၏ဝင်ငွေနှင့် ပုဂ္ဂလိကပိုင်ဆိုင်မှုကိန်းဂဏန်းအချက်အလက်များလည်း ပါဝင်သည်။

Page 9 of 59