ပေကျင်း

မန်ချက်စတာယူနိုက်တက်ဘောလုံး အသင်းသည် တရုတ်နိုင်ငံရှိ အွန်လိုင်းတွင် လူကြိုက်အများဆုံးအသင်းအဖြစ် ထိပ်ဆုံး နေရာကို ထိန်းသိမ်းထားနိုင်ဆဲရှိကြောင်း အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြခဲ့သည်။ မန်ချက်စတာယူနိုက်တက်၏နောက်တွင် စပိန်နိုင်ငံ၏ ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့ က အသီးသီးနေရာယူထားကြောင်း သိရသည်။

မိုးညှင်း

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်း တော်ကြီးကန် (အင်း/အိုင်)သို့ လာရောက် နေထိုင်ကျက်စားသည့် ဆောင်းခိုငှက်များမှာ ယခုအခါ အင်းတော်ကြီး ရွှေမဉ္ဇူဘုရားဖူးခရီးသည် လာရောက်သူ များပြားလာသဖြင့် အစာရေစာ အဆင်ပြေသည့်အပြင် ကန်အတွင်း သွားလာနေထိုင်ကျက်စားသည့်နေရာပါ ကျယ်ဝန်းလာကြောင်း သိရသည်။

ရန်ကုန်

ရန်ကုန်တွင် နေအိမ်တိုက်ခန်းများ ငှားရမ်းရာ၌ ဈေးမြင့်သည့်နေရာတချို့တွင် နှစ်ချုပ်နှင့် ငှားရမ်းသူ နည်းပါးလာပြီး တချို့ တိုက်ခန်းများမှာ သုံးလတစ်ခါပေး ငှားရမ်းမှု ပိုမိုများပြားလာကြောင်း အိမ်ခြံမြေအကျိုး ဆောင်အသိုင်းအဝိုင်းမှသိရသည်။ ''ဒီဘက်ပိုင်းမှာတော့ အနည်းဆုံး သုံးလချုပ်ရတယ်။ နှစ်ရှည်မချုပ်ကြတော့တာက ငှားခတွေ ဈေးမြင့်လာကြတာတွေကြောင့်ပါ။ တစ်လကို ကျပ်တစ်သိန်းဝန်းကျင်နဲ့ တစ်သိန်း အောက်အခန်းတွေက ကျပ်နှစ်သိန်းနီးပါး ဈေးမြင့်လာတယ်။ အရင်က တစ်နှစ်ချုပ် လောက်ပေးငှားနိုင်ကြပေမယ့် အခုနောက်ပိုင်းမှာ ခြောက်လချုပ်ကိုပဲ အဆင်ပြေအောင် ရှာ နေတာများတယ်''ဟု ကမာရွတ်မြို့နယ်မှ အိမ် ခြံမြေအကျိုးဆောင် ဒေါ်သက်သက်ဆွေက ပြောသည်။

လန်ဒန်

အစိုးရ၏ လေထုညစ်ညမ်းမှု တိုးတက် ရေးဆောင်ရွက်မှု အစိတ်အပိုင်းအဖြစ် ဗြိတိန်နိုင်ငံရှိ လူများ၏အိမ်များတွင် ထင်းနှင့် ကျောက်မီးသွေးကို လောင်စာအဖြစ် မီးရှို့သုံးစွဲနေမှုကို အသေးစိတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံအတွင်းရှိမြို့များတွင် လေ အရည်အသွေးတိုးတက်စေရေး အထောက် အကူပြုရန် အာဏာပိုင်တို့က တောင်းဆိုလျက်ရှိသည်။

ဆန်ဖရန်စစ္စကို

သိပ္ပံပညာရှင်တို့က ကျူးကျော်ဝင်ရောက်လာသည့် ဗိုင်းရပ်စ်များကို ချေမှုန်းမည့် ကာကွယ်ရေးဗက်တီးရီးယားများနှင့် ပတ်သက်၍ စမ်းသပ်လုပ်ဆောင်လျက်ရှိရာ ဗက်တီးရီးယားမျိုးဗီဇ ၁ဝ မျိုးကို အသစ်တွေ့ရှိကြောင်း ဖော်ပြခဲ့ကြသည်။ လက်ရှိတွေ့ရှိမှုသည် ကိုယ်ခံအားစနစ်ကို နှစ်ဆကျော် ပိုမိုခံနိုင်ရည်ရှိစေမည်ဖြစ်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ အဏုဇီဝဗေဒပညာရှင် ဂျိုးဆက်ဘွန်ဒီဒီနိုမီက ပြောကြားခဲ့သည်။

ယော့ရှိုင်းယား

ထင်ရှားကျော်ကြားသော စည်းရုံးလှုံ့ဆော်သူတို့က ကျောက်ပုစွန်နှင့် ကဏန်းများကို အရှင်လတ်လတ်ချက်ပြုတ်ခြင်းမှ အကာအကွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ၎င်းတို့က ပတ်ဝန်းကျင်ရေးရာဝန်ကြီးထံ ပုစွန်၊ ကဏန်းများနှင့်ပတ်သက်၍ တိရစ္ဆာန်ချမ်းသာသုခ ဥပဒေကြမ်းတွင် အမျိုးအစားခွဲပေးရန် တိုက်တွန်းသည့်စာကို လက်မှတ်ရေးထိုး၍ ပေးပို့ခဲ့ကြသည်။

ပေကျင်း

သိုးကိုယ်ပွားများကို ဖန်တီးထုတ်လုပ်သည့် နည်းပညာကို အသုံးပြု၍ မျောက်ကလုန်းများကို ဖန်တီးနိုင်ခဲ့ကြောင်းသိရသည်။ မျောက်ကလုန်းများကို လွန်ခဲ့သည့်ရက်သတ္တပတ်အတန်ကြာက တရုတ်နိုင်ငံရှိ ဓာတ်ခွဲခန်းတွင် ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ပြီး မျောက်ကလုန်းများကို ကျုန်းကျုန်းနှင့် ဟွာဟွာဟူ၍ အမည်ပေးထားသည်။

နယူးယောက်

မိခင်၏ ဝမ်းကြာတိုက်အတွင်းရှိ ကလေးများ ကန်ကျောက်လှုပ်ရှားခြင်းသည် နာ့ဗ်ကြောစနစ်၊ အရိုးစုနှင့် ကြွက်သားများ အလုပ်လုပ် ဆောင်မှုကို တွန်းအားပေးခြင်းဖြစ်သည်ဟုဆိုသည်။ ဝမ်းကြာတိုက်အတွင်း ရက်သတ္တ ၁ဝ ပတ်ကြာ သန္ဓေသားကလေးငယ်သည် သူ၏ ဦးခေါင်းနှင့် လည်ပင်းကို ကွေးညွတ်ထားပြီး ရက်သတ္တ ၁၅ ပတ်အကြာတွင် အသက်ရှူ ခြင်းနှင့် တစ်ကိုယ်လုံး လှုပ်ရှားခြင်းကို ပြုမူ ကြသည်ဟုဆိုသည်။

ဝါရှင်တန်

အမေရိကန်မေဂျာလိဂ်ကလပ် Phoenix Rising တိုက်စစ်မှူုးဖြစ်သူ ဒရော့ဘာသည် အသစ်ပြောင်းလဲနိုင်သည့် အသင်းဖွဲ့စည်းပုံအရ အသင်း၏ ရှယ်ယာဝေစုအချို့ အား ဝယ်ယူခဲ့ခြင်းကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားများ သမိုင်းတစ်လျှောက် ပထမဦးဆုံးအသင်းပိုင်ရှင် ကစားသမားအဖြစ် မှတ်တမ်းဝင် ရပ်တည်နိုင်ခဲ့ပြီလည်း ဖြစ်သည်။

လန်ဒန် 

ဝက်ဖို့ဒ်အသင်းခေါင်းဆောင် ဒီနေးလ်သည် ချဲလ်ဆီးအသင်းအား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် အဖွင့်ဂိုးအား ပင်နယ်တီမှတစ်ဆင့်ရယူပေးခဲ့ပြီးနောက်ရိုင်းစိုင်းသည့် အပြုအမူဖြင့် အောင်ပွဲခံခဲ့သည့်အတွက် အရေးယူခံရမည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ် လျက်ရှိသည်။

Page 37 of 371