တာချီလိတ် နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ ရှမ်းတိုင်း ရင်းသားများ၏ သက္ကရာဇ် ၂၁၁၂ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကို နိုဝင်ဘာ ၁၆ ရက်၊ ည ၇ နာရီက ပါဆတ်ရပ်ကွက်ရှိ အဆိုပါ အသင်းပိုင်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ စစ်ဗျူဟာ အဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း နာယက ဦးစိုင်းယီဆာ နှင့် အသင်းဥက္ကဋ္ဌ ဦးစိုင်းမုတ်နွန်းတို့က ရှမ်းသက္ကရာဇ် ၂၁၁၂ ခုနှစ်မြောက် ရှမ်းနှစ်သစ်ကူးကြိုဆိုပွဲနှင့် ကောက်သစ် မိတ်ဆုံစားပွဲ ဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ရှမ်းနှစ်သစ်ကူးပွဲတော်အား ကြိုဆိုဂုဏ်ပြု နှုတ်ခွန်းဆက် စကားပြောကြားပြီး၊ ရှမ်းရိုးရာယဉ်ကျေးမှု အကများဖြင့် ပျော်ရွှင်စွာ တင်ဆက်ကပြသည်။
ဆက်လက်၍ ရှမ်းနှစ်သစ်ကူး အကြိုအဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ဘောလုံးပြိုင်ပွဲနှင့် ခြင်းလုံးပြိုင်ပွဲများ၌ ဆုရအသင်းများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးသည်။ အဆိုပါရှမ်းနှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာလ ၁၆ ရက်နေ့ မှ ၁၈ ရက်နေ့အထိ ရှမ်းရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ တေးဂီတများ၊ ရိုးရာယဉ်ကျေးမှု အကအလှများနှင့်အတူ ကပြဖျော်ဖြေကာ နှစ်သစ်ကူးကြိုဆိုခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်းသိရသည်။
MOI
Discussion about this post