မြိတ်၊ မေ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်ကျွန်းစု ဒေသတွင် ယခုအခါ သစ်များရှားပါးလာမှုကြောင့် သစ်သားငါးဖမ်း လှေများအစား သံခွံငါးဖမ်းလှေများကို ပြောင်းလဲတည်ဆောက်လျက်ရှိ ကြောင်း ဒေသခံလွန်းကျင်းလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
မြိတ်ကျွန်းစုဒေသခံများအတွက်လွန်းကျင်းများတွင် ဝါလပ်လှေများ၊ ဝါတန်းလှေများ၊ မီးထွန်းလှေများ၊ ကမ်းနီးကမ်းဝေးငါးဖမ်းလှေများ၊ ကုန်တင်လှေများနှင့် အခြားလှေအမျိုးမျိုးကိုပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းလုပ်ငန်းများကိုလုပ်ကိုင်ပေးနေပြီး ယခုအခါ သစ်များရှားပါးလာမှုကြောင့် သစ်လှေအသစ်ပြုလုပ်နိုင်ရန်နှင့် ရှိပြီးသားလှေများကိုလည်းပြုပြင်နိုင်ရန် အခက်အခဲဖြစ်ပေါ်နေသည့်အတွက် သစ်သား လှေများအစား သံခွံလှေများကိုပြောင်းလဲတည်ဆောက်ပေးနေရသည်။
”ကျွန်တော်တို့လွန်းကျင်းမှာ ဒီနေ့အထိ လှေအစင်းပေါင်း ၆၅၃၁ စင်းကိုပြုပြင်ဆောင်ရွက်ပေးခဲ့ပြီး လှေအသစ် ၁၅၁ စင်းကိုလည်း အသစ်တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ အခုနောက်ပိုင်း သစ်ရှားပါးလာတဲ့အတွက် သစ်ဈေးနှုန်းတွေလည်းမြင့်တက်လာတယ်။ သစ်လှေတစ်စင်းတည်ဆောက်ရင် လှေအကြီးအသေးအပေါ်မူတည်ပြီး လေးလကနေ ခြောက်လအထိကြာတယ်။ သံခွံလှေတစ်စင်းတည်ဆောက်မယ်ဆိုရင် အနည်းဆုံးအချိန်ခြောက်လကြာပါတယ်။ အခုနောက်ပိုင်းဆိုရင် လှေပြုပြင်တာပဲဖြစ်ဖြစ်၊ လှေအသစ်တည်ဆောက်တာပဲဖြစ်ဖြစ် သစ်တွေကရှားပါးပြီး သစ်ဈေးတွေမြင့်လာတာကြောင့် အခုနောက်ပိုင်းမှာ သံခွံ လှေနဲ့ သင်္ဘောတွေတည်ဆောက်လာတယ်”ဟု ကျွန်းစုမြို့နယ် ပထော်ပထက် ကျွန်းပေါ်ရှိ အောင်မြတ်ဖြိုးအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက် မြေပေါ်လွန်းကျင်းမန်နေဂျာ ဦးကျော်ကျော်လင်းက ပြောသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ မြိတ်မြို့နှင့် ကျွန်းစုမြို့နယ်အတွင်းတွင် ငါးဖမ်းလှေ၊ ကုန်တင်လှေနှင့် အခြားလှေအမျိုးမျိုး ပြုပြင်ပေးနေသော လွန်းကျင်းလုပ်ငန်းလေးခုရှိပြီး ကော့သောင်းမြို့ တွင် လွန်းကျင်းလုပ်ငန်းတစ်ခုရှိကြောင်း သိရသည်။
MN
#democracytoday
Discussion about this post