ဖိုးရာဇာ(မအူပင်)
——————-
လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေး ဂိတ်ကနေ ရန်ကုန်-ပုသိမ် ကားလမ်းအတိုင်းသွားရင် ကားလမ်းဘေးမှာ အောက်ခံအနီရောင်နဲ့ ဆိုင်းဘုတ်ကြီးတွေ ထောင်ထားတာ တွေ့ခဲ့ဖူးပါတယ်။ အမိန့်ပေးတဲ့ သဘောဆန်တယ်လို့လည်း ထင်မြင်ခဲ့ဖူးပါတယ်။ ”ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်”ဆိုပြီး မော်တော်ယာဉ်တွေကို သတိပေးထားတာပါ။ အခု ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်း လမ်းမကြီးများပေါ်မှာ ရပ်ချင်သလို ရပ်ထားကြတဲ့ ကားကြီး၊ ကားငယ်တွေကို မြင်ရတဲ့အခါ ဘာကြောင့်ရပ်ရပ် လမ်း ဘေးချရပ်ဆိုတဲ့ သတိပေးဆိုင်းဘုတ်တွေကို သတိရလာမိပါတယ်။ အချို့လမ်းမကြီး တွေမှာ ”မည်သည့်ယာဉ်မျှ မရပ်ရ၊ ယာဉ်မရပ်ရလမ်း”ဆိုပြီး ဆိုင်းဘုတ်ထောင်ထား ပေမယ့် ယာဉ်မျိုးစုံ ရပ်နေကြတာလည်း တွေ့ ရပါတယ်။ ဆိုးတာကတွဲတင်ယာဉ်တွေပါ။ အချို့ ကိုယ်ထည်သက်သက်၊ အချက်ပြမီးတို့ ရောင်ပြန်တို့မပါဘဲ ရပ်ထားကြတာလည်းရှိပါတယ်။
စာရေးသူနေတဲ့ မြို့နယ်မှာဆိုရင် လမ်း တွေ ပြုပြင်တိုးချဲ့နေတာ ရှိပါတယ်။ လေးလမ်းသွား၊ နှစ်လမ်းသွား ကွန်ကရစ်လမ်းတွေ ဖြစ်လို့ မော်တော်ယာဉ်တွေ သွားရလာရတာ အဆင်ပြေလာပါတယ်။ ယခင်ကလို့ ချိုင့်တွေ မညီမညာတွေ မရှိတော့ဘဲ လိုရာခရီးကို အချိန်တိုတိုနဲ့သွားလာနိုင်ကြပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လမ်းကျယ်၊ လမ်းချောလာသလို၊ လမ်းပေါ်မှာရပ်ထားတဲ့ မော်တော်ယာဉ် တွေလည်း ပေါများလာပါတယ်။ အချို့နေရာ တွေမှာ လေးလမ်းသွားဆိုပေမယ့် ဘေးနှစ်ဖက်မှာ ရပ်ထားတဲ့ မော်တော်ယာဉ်တွေကြောင့် အလယ်မှာနှစ်လမ်းသွားလောက်ပဲကျယ်ပါ တော့တယ်။ အဲဒီနှစ်လမ်းသွား နေရာမှာ နှစ်ဖက်ယာဉ်တွေ မောင်းနေရပြီး၊ အချို့ ကျော်တက် ဖြတ်မောင်းယာဉ်တွေကြောင့် ယာဉ်အန္တရာယ် ကြုံတွေ့ဖို့လည်း နီးစပ်လာ ပါတယ်။ ပိုဆိုးတာက နှစ်လမ်းသွား လမ်း မှာ လမ်းတစ်ခြမ်းကိုနေရာယူပြီး တန်းစီရပ်ထားတဲ့ ယာဉ်တွေဖြစ်ပါတယ်။ တစ်လမ်းသွားသာသာ ကျန်တဲ့နေရာလေးမှာ နှစ်ဖက်ယာဉ် တွေ အလုအယက် မောင်းနေကြရတဲ့အတွက် ယာဉ်ကြောပိတ်တာ၊ တိုက်ခိုက်မှုဖြစ်တာ စတဲ့ အန္တရာယ်တွေလည်း ကြုံတွေ့နေ ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက် ည ၉ နာရီလောက်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရွှေလီလမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပါတယ်။ ရပ်ထားတဲ့ ကုန်သေတ္တာတင်ယာဉ် နောက်ပိုင်းကို ယုဇနဥယျာဉ်မြို့တော်နဲ့ ရန်ကုန်မြို့ထဲ ပြေးဆွဲနေတဲ့ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းဂိတ်ကထွက်တဲ့ ကျပ် ၅ဝဝ ကားက ဝင်တိုက်တာပါ။ ခရီးသည်တင်ကားရဲ့ ညာဘက်ခြမ်းနဲ့ ရပ်ထားတဲ့ကားရဲ့ ဘယ်ဘက်နောက်ပိုင်းကို ဝင်တိုက် တာဖြစ်တဲ့အတွက် ဦးခေါင်းခန်းမှာ စီးလာတဲ့ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဆိုးရွားစွာ ထိခိုက်မိပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ရပါတယ်။ နောက်အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ သေဆုံးတဲ့ အမျိုးသမီးရဲ့ ခုနစ် နှစ်အရွယ်ကလေးအပါအဝင် အမျိုးသား လေးဦး၊ အမျိုးသမီးနှစ်ဦး ဒဏ်ရာရလို့ ဆေးရုံတင်ထားရပါတယ်။ နှစ်ဦးကတော့ စိုးရိမ် ရတဲ့ အခြေအနေရှိတယ်လို့ သတင်းများအရ သိရပါတယ်။
အခင်းဖြစ်တဲ့လမ်းက နှစ်လမ်းသွားလမ်းပါ။ အဲဒီလမ်းပေါ်မှာ လမ်းတစ်ခြမ်းစာ နေရာယူပြီး ရပ်ထားတဲ့ကားကို ကျော်တက်ရင်း တစ်ဖတ်ကလာတဲ့ယာဉ်ကို ရှောင်ရာကနေ ဝင်တိုက်မိတာပါ။ အဲဒီရွှေလီလမ်းရဲ့တစ်ခြမ်းမှာ စီပြီးရပ်ထားတဲ့ YBS အမှတ် (၃)ယာဉ်တွေ၊ ကုန်သေတ္တာယာဉ်တွေ ရှိနေပါတယ်။ လမ်းဘေးမရပ်ဘဲ လမ်းပေါ်မှာရပ်ထားတာပါ။ ခရီးသည်တင် ယာဉ်မောင်းက အရမ်းမောင်းလို့ ဖြစ်တယ်ဆိုပေမယ့် အခုလို လမ်းပေါ်မှာ အချက်ပြမီးမပါ၊ ရောင်ပြန်မရှိဘဲ ရပ်ထားတဲ့ကားမရှိဘူးဆိုရင်တိုက်မိ စရာအကြောင်းမရှိဘူးလို့ဆိုနိုင်ပါတယ်။ လမ်းဆိုတာ ကားရပ်နားရာနေရာ မဟုတ်ပါဘူး။ ကြုံသလို ဖြစ်သလိုရပ်ထားလို့လည်း မရပါဘူး။ အထူးသဖြင့် ယာဉ်တိုက်မှုဖြစ်သွားတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရွှေလီလမ်း၊ ကျွန်းရွှေဝါလမ်းတွေပေါ်မှာ အမှတ်(၃)၊ (၄) YBS ကားတွေ၊ တွဲတင်ကား တွေ ညအိပ်ရပ်နားထားကြပါတယ်။ ရပ်ထားတဲ့ ကားတွေကြောင့် ယာဉ်ကြောကျပ် ပြီး လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ်တွေ ဖြစ် လာရပါတယ်။ နောက် ရတနာလမ်း၊ ရာဇ ဂြိုဟ်အလိုတော်ပြည့် ကားမှတ်တိုင်နေရာ တွေ၊ ရတနာနှင်းဆီအိမ်ရာ နေရာတွေမှာဆို လည်း လမ်းဘေးဝဲယာတွေမှာ YBS အမှတ် (၈ဝ)ယာဉ်တွေ၊ ကုန်သေတ္တာတင်ယာဉ်တွေ ရပ်ထားတဲ့အတွက် လမ်းလယ်ကြောမှာပဲ ယာဉ်တွေ မောင်းနေကြရပါတယ်။ နေ့ည အလွန်အန္တရာယ်များပါတယ်။ လမ်းတွေကျယ်လာသလို လမ်းမတွေပေါ်မှာ စည်းကမ်းမဲ့ရပ် ထားတဲ့ယာဉ်တွေလည်းများလာပါတယ်။
YBS ယာဉ်လိုင်းအများစု ရပ်နားစ ရာ ကားဝင်းမရှိပါဘူး။ လမ်းပေါ်၊ လမ်းဘေး ဖြစ်သလိုပဲ ရပ်ထားကြရပါတယ်။ လမ်းပေါ် ရပ်တာထက်စာရင် လမ်းဘေးရပ်တာက တော်သေးတယ်လို့ ဆိုရပါမယ်။ အချို့လမ်း တွေမှာ လမ်းပခုံးမရှိတာရယ်၊ လမ်းဘေးမှာ ကျူးကျော်အိမ်တွေ ပြည့်နေလို့ လမ်းပေါ် ရပ်ထားရတာလည်း ရှိပါတယ်။ အခုဆို ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ကားတွေများလာပြီး ရပ်နားစရာကားပါကင်လို၊ ကားဝင်းလို မရှိတာကြောင့် လမ်းပေါ်၊ လမ်းဘေး ရပ်ထားရတာတွေများပြီး ခရီးသွားများအတွက် လွန်စွာအန္တရာယ်များလာပါတယ်။ လမ်းဘေး ကျူးကျော်အိမ်ရာတွေကလည်း လမ်းစပ်အထိ နေရာယူထားကြလို့ သွားလာရေး အတော်ကျပ်တည်းပါတယ်။
မော်တော်ယာဉ်တွေ သွင်းနေသလို အဲဒီယာဉ်တွေထားဖို့ နေရာကိုလည်း စဉ်းစား လုပ်ဆောင်ပေးဖို့ လိုပါတယ်။ သွင်းသမျှယာဉ်တွေအားလုံး လမ်းတွေပေါ်မှာ ဒီလိုပဲထားကြမယ်ဆိုရင် ခရီးသွားလူသားတွေအ တွက်လွန်စွာမှပင် အန္တရာယ်များလှပါတယ်။ လူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာမှန်သမျှ တန်ဖိုးဖြတ်လို့ ရနိုင်ပေမယ့်၊ လူ့တန်ဖိုး၊၊ လူသားတို့၏ တန်ဖိုးကိုတော့ တန်ဖိုးဖြတ်လို့ မရနိုင် ပါဘူး။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊ လူဟာလူပဲဖြစ်လို့ လူတိုင်းဟာ တန်ဖိုးရှိကြပါတယ်။ အောက်တိုဘာ ၁၄ ရက်က ဖြစ်စဉ်မှာဆို မိခင်ကသေဆုံးပြီး၊ သားက ဒဏ်ရာရပါတယ်။ နောက် ဒဏ်ရာရသူ တွေထဲမှာမိသားစုလေးဦး၊ မိခင်၊ သားနှစ် ယောက်နဲ့ အဘွားတို့လည်း ပါဝင်ပါတယ်။ ဒီလိုနဲ့လမ်းတွေပေါ်မှာ ယာဉ်အန္တရာယ် ကြောင့် သေဆုံးရသူတွေ၊ ထိခိုက်ဒဏ်ရာရ သူတွေ၊ မိသားစု ဘဝပျက်ရသူတွေ များပြားလာပါတယ်။
ဒါကြောင့် တာဝန်ရှိသူတို့အနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတို့ကို သေသေချာချာ ကြပ်မတ်ကိုင်တွယ်သင့်ပါတယ်။ မော် တော်ယာဉ် ရပ်နားစခန်းတွေကို စနစ်တကျ စီစဉ်ပေးဖို့လိုပါတယ်။ ထို့အတူ မလွှဲမကင်း သာလို့ ကားရပ်ရမည်ဆိုလျှင်လည်း ”ဘာ ကြောင့်ရပ်ရပ် လမ်းဘေးချရပ်”ဆိုသည့်အတိုင်း လမ်းပေါ်မှာမရပ်ဘဲ လမ်းဘေးတွင်သာ ရပ်ကြဖို့လိုအပ်ပါကြောင်း ရေးသားတင် ပြလိုက်ရပါတယ်။ ။
ဖိုးရာဇာ(မအူပင်)
#democracytoday
Discussion about this post