ရန်ကုန်၊ အောက်တိုဘာ ၎
မြန်မာန်ုင်ငံသည် လက်ရှိတွင် စတုတ္ထစက်မှုတော်လှန် ရေး အခြေအနေနှင့် ရင်ဆိုင်နေရပြီး ယင်းကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍအချို့ အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရန်ကုန်မြို့ရှိ မြို့တွင်းမြို့နယ်အချို့တွင် လမ်းလျှောက်ခရီးစဉ် Walking Tour များ ဖော်ဆောင်ပေး မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး အောက်တိုဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားကဏ္ဏတိုးမြင့်စေ ရေးအတွက် ပြည်တွင်းပြည်ပ ခရီးသွားနေရာများ ဖန်တီးမှု Walking Path များကို ဘုရားတစ်ဆူနှင့် ချိတ်ဆက်၍သော်လည်းကောင်း၊ စိတ်ဝင်စားဖွယ် နေရာတစ်ခုနှင့်တစ်ခု ချိတ်ဆက်၍သော်လည်းကောင်း ခရီးသွားလာရေး ကဏ္ဍအား ပိုမိုတိုးမြင့်အောင် လုပ်ဆောင်မည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဝန်ကြီးကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
”လမ်းလျှောက်ခရီးစဉ် (Working Tour) များ စီစဉ်ပေးခြင်းဖြင့် ဧည့်လမ်း ညွှန်တွေကသာ ဒေသန္တရဗဟုသုတနှင့် ခံစားမှုကို မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါသည် ယခုချိန်ကတည်းက ကြိုတင်စတင်ပြင်ဆင်ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ များမကြာခင်မှာလည်း အချို့သော မြို့တွင်းမြို့နယ်တွေထဲမှာ Working Tour တွေကို စီစဉ်ဆောင်ရွက်ဖို့ရှိပါ တယ်။ ထိုသို့ဖော်ဆောင်တဲ့အခါမှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် တွေကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ ဖိတ်ကြားလိုပါတယ်”ဟု ၎င်းကပြောသည်။ ရန်ကုန်တိုင်းဒေသကြီးသို့ မိမိကိုယ် ပိုင်အစီအစဉ်ဖြင့် လည်ပတ်သည့် FDI နှင့် Tour ခရီးသွားကုမ္ပဏီများမှစီစဉ်ရောင်းချသော Package Tour ဖြင့် လာရောက် လည်ပတ်သော ခရီးသွားဧည့်အမျိုးအစား နှစ်မျိုးရှိကြောင်းသိရသည်။
ယင်းနိုင်ငံခြားခရီးသည်များသည် ရန်ကုန်မြို့ရှိ မြို့နယ်ခြောက်မြို့အတွင်း သာသနိက အဆောက်အအုံများ၊ ကိုလိုနီခေတ်လက်ရာ အဆောက်အအုံများ၊ ပန်းခြံများနှင့် အခြားသော စိတ်ဝင်စားဖွယ်ရာများကို ဦးစွာလည်ပတ်လေ့လာလေ့ရှိပြီး ယင်းနေရာများအား လေ့လာပြီးမှသာ အခြားသောမြို့နယ်များရှိ စိတ်ဝင်စားဖွယ်ရာ နေရာများကို လေ့လာလည်ပတ်ကြခြင်းဖြစ်ကြောင်းသိရသည်။ ခရီးသွားကုမ္ပဏီများက ခရီးစဉ်များ ရောင်းချရာ၌ ရန်ကုန်မြို့တွင်းမြို့နယ်များ တွင် လမ်းလျှောက်ခရီးစဉ်များ ဥပမာ- ဆူးလေဘုရား၊ မဟာဗန္ဓုလပန်းခြံ၊ တရားရုံးချုပ်၊ ကြေးနန်းရုံး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ရုံး၊ အာမေးနီးယန်း ဘုရားရှိခိုး ကျောင်း၊ ဝန်ကြီးများရုံး၊ စိန့်မေရီဘုရားရှိခိုးကျောင်း စသည့်နေရာများအား မဖြစ်မနေ ထည့်သွင်း ရေးဆွဲရောင်းချနေကြကြောင်း သိရသည်။
TTMT
#democracytoday
Discussion about this post