HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

လူမှုကွန်ရက် facebook ကြောင့် ပြိုကွဲသွားခဲ့သော အသိုက်အမြုံလေးများ

လူမှုကွန်ရက် facebook  ကြောင့်  ပြိုကွဲသွားခဲ့သော အသိုက်အမြုံလေးများ

သန်းဦး (လေးမျက်နှာ)

ယနေ့အချိန်အခါသည် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာမျှသာ ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော် ဆိုရှယ်မီဒီယာခေတ် ရောက်ရှိသွားသောကြောင့် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အရှေ့ခြမ်းမှာဖြစ်ဖြစ်၊ အနောက်ခြမ်းမှာဖြစ်ဖြစ် တစ်ခုခုဖြစ်ပါက ချက်ချင်းသိခွင့်ရှိနေပေသည်။ အကြောင်းမှာ ဆိုရှယ်မီဒီယာ ကြောင့် ချက်ချင်းအချိန်မဆိုင်း Live လွှင့်၍သော်လည်းကောင်း၊ ပြီးလျှင်ပြီးချင်း လူမှုကွန်ရက်သို့ ချက်ချင်းတင်၍သော်လည်း ကောင်း အချိန်နှင့်တစ်ပြေးညီ သိရပေသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် အင်တာနက် အီးမေးလ်အပြင် ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ ဝီချက်၊ မိုင်ချက်၊ ဗိုက်ဘာစသည်ဖြင့် လူမှုကွန်ရက်များ အသုံးပြုလာကြပြီ ဖြစ်သည်။ ခေတ်မီတိုးတက် လာသောခေတ်စနစ်နှင့်အညီ လူ့အသုံးအဆောင်များမှာလည်း ခေတ်စနစ်နှင့်အညီ တိုးတက်လာခဲ့ပေသည်။ တိုးတက်လာသော ခေတ်ရေစီးကြောင်းနှင့်အညီ သုံးတတ်လျှင် ဗဟုသုတ ဟင်းလေး အိုးကြီးဖြစ်သလို မသုံးတတ်လျှင် မိမိတို့ ပိုင်ဆိုင်ထားသောဘဝများ အစိတ်စိတ်အမြွာမြွာဖြစ်ကာ ဘဝပျက်သွားနိုင်သည်။ ယခင်က ကွန်ပျူတာ၊ လက်ပ်တော့နှင့်သာ အသုံးပြုနိုင်သော အရာများသည် ယခုအခါ လက်ကိုင်ဖုန်း တစ်လုံးရှိရုံဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်သည်။ အသစ်ပေါ်သမျှ ဆော့ဝဲလ်များကို လက်ကိုင် ဖုန်းထဲထည့်လိုက်တာနှင့် အသုံးပြုနိုင်ပြီဖြစ်သည်။ ကိုယ့်မိသားစုများ ဘယ်နိုင်ငံရောက်နေပါစေ အဆက် အသွယ်မပြတ် အချိန်မရွေး ဆက်သွယ်နိုင်နေပြီဖြစ်သည်။


လူမှုကွန်ရက်ခေါ် ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခု ရှိရုံမျှဖြင့် မိမိ ဆွေမျိုးအသိုင်းအဝိုင်းသာမကသိသူ၊ မသိသူများကို မိတ်ဆက်၍ အသိအကျွမ်းလုပ်နိုင်ပေသည်။ တစ်ဦးတင်သော ပို့စ်တစ်ခုကိုတစ်ဦးက ဖတ်ခွင့်သိခွင့်ရနေပေသည်။ အားလုံးကို မိတ်ဆွေဖွဲ့ လို့ရနိုင်သကဲ့သို့ ဆက်သွယ်ချစ်ကျွမ်းဝင်နိုင်ရန် ပြောဆိုနိုင်ပေသည်။ ဤနေရာတွင် ပြောချင်တာတစ်ခုရှိသည်။ အပျို၊ လူပျိုချစ် ကျွမ်းဝင်တာကိစ္စမရှိချေ။ သို့သော်လည်းလိုင်းပေါ်မှာ ချစ်ကျွမ်းဝင်ပြီး တစ်ယောက်အကြောင်း တစ်ယောက်သေချာမသိဘဲ အပြင်လက်တွေ့ဘဝမှာ ချိန်းတွေ့ကြပြီး ကြောရအောင်ကြံသွား ကြသည့် ယောက်ျားများနှင့်တွေ့ရ၍ ဘဝပျက်သွားခဲ့ရသော အမျိုး ကောင်းသားသမီးများမှာလည်း ဒုနဲ့ဒေးကြားသိနေရသည်။


ထို့ပြင် ယနေ့အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသူ ကျောင်းသားလေးများပင်လျှင် တလွဲဆံပင်ကောင်း လိုင်းများကို သုံးတတ်နေပြီဖြစ်သည်။ အကျင့်စာရိတ္တ ပျက်စီးစေရာ လိုင်းများကြောင့် ပျက်စီးခဲ့ရသော ကျောင်းသား၊ ကျောင်းသူများလည်း ဒုနဲ့ ဒေးကြားသိနေရသည်။ ကျောင်းသား၊ ကျောင်းသူများအတွက် သုံးတတ်လျှင် တကယ့်ဟင်းလေးအိုးကြီးပင်ဖြစ်သည်။ လိုင်းထဲတွင် ပညာယူစရာ၊ ဖတ်စရာ၊ မှတ်စရာ တစ်ပုံတပင်ရှိသည်။


အဆိုးတကာ့အဆိုးဆုံးမှာ အိမ်ထောင်ရှင်မိသားစုများပင် ဖြစ်သည်။ လိုင်းပေါ်တွင် မိမိတို့မျက်စိကျသော အမျိုးသမီး၊ အမျိုးသားများကို ခင်မင်မှုရစေရန် ''ဟိုင်း ဟိုင်း'' လုပ်၍ ဆက်သွယ်မှု ရယူကြသည်။ ခင်မင်ရင်းနှီးမှုရရှိသောအခါ တစ်ဆင့်တက်ချင်၍ စူးစမ်းကြသည်။ အိမ်ထောင်ရှင်အမျိုးသားကလည်း မိမိကိုယ်မိမိ ''အစ်ကိုကလူပျိုပါ။ ဒါကြောင့် ညီမကို ချစ်ခွင့်တောင်းတာပါ။ အစ်ကို့ကို မယုံဘူးလား။ ခုပို့ပေးတာ အစ်ကို့ပုံအမှန်ပါ။ ညီမသဘော ကျတယ်မို့လား'' စသည်ဖြင့် တစ်ဖက်မိန်းကလေး သဘောကျ လောက်အောင် ငယ်ရွယ်စဉ်ကရိုက်ထားတဲ့ ဓာတ်ပုံကို ပို့ပေးပြီး တစ်ဖက်မိန်းကလေးယုံကြည်အောင် အမျိုးမျိုးသိမ်းသွင်းပြီး ချဉ်းကပ်ကြသည်။ တစ်ဖက်မိန်းကလေး ယုံကြည်သွားပြီဆိုလျှင် ''ညီမ ရေ...အစ်ကို တို့ရှေ့ရေး ဆွေးနွေးကြရအောင် တွေ့ချင်တယ်ကွာ'' ဘာညာနဲ့ အပြင်မှာတွေ့ကြလေသတည်း။


ဒီအကွက်ချောင်းနေသောကျားက တစ်ဖက်မိန်းကလေးကခွင်ထဲဝင်လာပြီဆိုလျှင်တော့ ရှေ့ရေးကို ဆိတ်ကွယ်ရာမှာ ဆွေးနွေး ကြပြီပေါ့။ မိန်းကလေးကလည်း မေးမြန်းစုံစမ်းခြင်းမရှိ၊ တစ်ဖက် ယောက်ျားပြောစကားကိုပဲ ယုံကြည်ပြီး မိမိဘဝ ရေ စုန်မျောနေတာကို မသိ ကြဘူး။ ဒီလိုနဲ့ ရက်က လေးစားလာတော့ ပွားခဲ့ တာက မဖုံးမဖိနိုင်ဘူး ပေါ်သလို ပေါ်လာတော့ တစ်ဖက်ယောက်ျားကို အတင်းအပူကပ် တစ်ဖက် ယောက်ျားကလည်း ကလေးတစ်ယောက် အဖေသားဖြစ်သူက တောင်သူနဲ့ရွယ်တူ၊ ကဲ...ကောင်းရော၊ မိန်းကလေးမှာလည်း ဘဝပျက်၊ တစ်ဖက်ယောက်ျားမှာလည်း သူရဲ့ သာယာနေသော မိသားစုဘဝလေး ပျက်စီးသွားရလေသည်။


ထို့ကြောင့် ဆိုရှယ်မီဒီယာလူမှုကွန်ရက်ဆိုသည်မှာ သုံး တတ်လျှင် ဗဟုသုတဟင်းလေးအိုးကြီး၊ မသုံးတတ်လျှင် ဘဝတွေ စုတ်ပြတ်သတ်သွားသည်အထိ ဆိုးကျိုးကို ခံစားရမှာဖြစ်သည်။  စားရေးသူကိုယ်တိုင်သိရသော ဖေ့စ်ဘွတ်ခ်ဇာတ်လမ်းလေး တစ်ခုကို ပြောပြချင်သည်။ အမည်က ကျော်ခိုင်နဲ့ ချောစုစံတို့ လင်မယားအကြောင်း၊ သူတို့မှာ သားတစ်ယောက်ရှိသည်။ အမည်က သူရတဲ့(အဆိုပါ အမည်များမှာ နာမည်လွှဲများသာ ဖြစ်သည်)။ သူတို့ မိသားစုလေးမှာ မောင်တစ်ထမ်းရမယ်တစ်ရွက် လုပ်ကိုင် ရှာဖွေစားသောက်ရင်း တစ်ဦးတည်းသောသား သူရကိုပညာတတ် ဖြစ်အောင် ကြိုးစားနေကြသူ မိသားစုလေးဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးရှိ တောမြို့လေးတစ်မြို့မှာ နေထိုင်ကြပြီး မိသားစု ဘဝလေး အေးချမ်းလှပေသည်။ ကိုယ်ပိုင်အိမ်ခြံဝိုင်းလေးနှင့် နေထိုင်ကြရပြီး သင့်တင့်သော ပိုင်ဆိုင်မှုများရှိနေပြီ ဖြစ်သည်။


သူတို့ဇနီးမောင်နှံရဲ့ တစ်ဦးတည်းသောသားမှာလည်း သူတို့ ဇနီးမောင်နှံမျှော်မှန်းထားသည့်အတိုင်း (၁ဝ) တန်းကို တစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်သွားခဲ့ပေသည်။ သို့သော် မည်သို့မည်ပုံ ဘယ်အချိန်ကမှန်းမသိ ကျော်ခိုင်မှာ ဖေ့စ်ဘွတ်ခ်မှဆက်သွယ်၍ အငယ်အနှောင်းထားပြီး သာယာနေသည်။ တစ်နေ့ ကျော်ခိုင်ရေချိုးနေစဉ် အဆိုပါအမျိုးသမီးက ဖုန်းဆက်လေရာ ဇနီး ဖြစ်သူ ချောစုစံက ဖုန်းကိုကိုင်လိုက်လေသည်။ ထိုအချိန်မှစ၍ အိမ်သူ ဇနီးဖြစ်သူ ပေါက်ကွဲသွားတော့သည်။ တစ်ဖက်ကလည်း အရိပ်အခြေမသိ ''ကိုကြီးလား ညီမလေး ပြောစရာရှိလို့၊ အစ်ကိုကြီးနဲ့ ညီမလေးတို့အကြောင်း အိမ်ကလူကြီးတွေ သိသွားလို့၊ အဲဒါအစ်ကိုကြီးကို တိုင်ပင်စရာရှိလို့ပါ'' တစ်ဖက်က သူ ပြောချင်တာစွတ်ပြောနေတော့ ကျော်ခိုင်၏ဇနီးဖြစ်သူ ချောစုစံက ''ခု ဖုန်းကိုင်နေတာ အစ်ကိုကြီး မဟုတ်ဘူး၊ နင်ဆက်နေတဲ့ အစ်ကိုကြီးမိန်းမ ချောစုစံ ဟဲ့ လင်ခိုးမရဲ့'' ဆိုပြီး ပြန်ပြောလိုက်လေသည်။


ကျော်ခိုင်တစ်ယောက် ရေချိုးပြီးချိန်မှာတော့ မိန်းမဖြစ်သူ ချောစု စံ၏ ဖရုဿဝါစာ ပြောဆိုမှုများကို ခံစားနေရသည်။ နေ့စဉ် မိန်းမ ဖြစ်သူကစောင့်ကြည်နေသည်ကို ကျော်ခိုင်တစ်ယောက်ခံစားနေရသည်။ ဤအချိန်မှစ၍ သာယာချမ်းမြေ့နေသော အိမ်ထောင်ရေးမှာ တစ်စ တစ်စ မကျေနပ်မှုတွေ၊ အထင်လွဲမှုတွေနဲ့ လင်မယားနှစ်ယောက်အကြား အဖုအထစ်တွေကြီးထွားလာခဲ့ရလေသည်။  ထိုအချိန်မှာ သားဖြစ်သူကလည်း (၁ဝ)တန်းကို ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်မြင်ပြီးခါစ လင်မယားနှစ်ယောက်သားလေးရဲ့ပညာရေးကို မြေတောင်မြှောက်ပေးရမည့်အစား ကျော်ခိုင်က အငယ်နဲ့ မွှန်ထူနေ ပြီး နေ့စဉ်ရက်ဆက် အိမ်ကမိန်းမကို ပြဿနာရှာနေတော့သည်။ တစ်စတစ်စ ပြဿနာကြီးထွားလာခဲ့ပြီး ကျော်ခိုင်က သူ့အမျိုးသမီးကို ကွာ ရှင်းခွင့်တောင်းလေတော့သည်။ အမျိုးသမီးဖြစ်သူ ချောစုစံကလည်း သည်းခံနိုင်သည့်အတိုင်းအတာ လွန်သွားခဲ့သောကြောင့် ကွာရှင်းခွင့် ပေးရန် ဆုံးဖြတ်လိုက်လေသည်။


ဤသည်မှာ ကျော်ခိုင်တစ်ယောက် အငယ်တစ်ယောက်နှင့် မွှန်ထူ နေပြီး ရှိသမျှပစ္စည်းအားလုံးကို ချောစုစံနှင့်သားအတွက်ထားခဲ့ပြီး အငယ် တစ်ယောက်ထံ ကောက်ကောက်ပါအောင် လိုက်ပါသွားတော့သည်။ ကျော်ခိုင်တစ်ယောက် မည်သို့မည်ပုံ ဆုံးဖြတ်လိုက်သည်မသိ။ အနှစ် ၂ဝ ပေါင်းသင်းလာသော အိမ်ထောင်ရေးမိသားစုဘဝလေးဟာ ပြိုကွဲ သွားရပါတော့သည်။  ခေတ်စနစ်ကြောင့် ပေါ်ပေါက်လာပါသော ဤဆိုရှယ်မီဒီယာဖေ့စ် ဘွတ်ခ်ကြောင့် ကျော်ခိုင်တို့ သာယာလှပသော မိသားစုဘဝလေး ပြိုကွဲသွားရပါတော့သည်။ ကျော်ခိုင်တို့လို သာယာအေးချမ်းလှသောမိသားစု များ ဘယ်လောက်များတောင် အဆိုပါဖေ့စ်ဘွတ်ခ်ကြီးသုံးမိ၍ ပြိုကွဲ ကုန်ပြီလဲဟု စာရေးသူအတွေး နယ်စိတ်ကူးမှာ အဖြေရှာနေမိတော့သည်။

သန်းဦး (လေးမျက်နှာ)

#democracytoday

Rate this item
(0 votes)
back to top