HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကျောက်တံတားမြို့နယ်ရှိ ဆေးဝါး အရောင်းဆိုင် လေးဆိုင်ကို FDA က ရှောင်တခင်စစ်ဆေးရာ မှတ်ပုံတင်မဲ့ ဆေးဝါးများတွေ့ရသဖြင့် သုံးလပိတ်၍ အရေးယူမည် ဟုဆို

ကျောက်တံတားမြို့နယ်ရှိ ဆေးဝါး အရောင်းဆိုင် လေးဆိုင်ကို FDA က ရှောင်တခင်စစ်ဆေးရာ မှတ်ပုံတင်မဲ့ ဆေးဝါးများတွေ့ရသဖြင့် သုံးလပိတ်၍ အရေးယူမည် ဟုဆို

ရန်ကုန်၊ မတ် ၁၃

ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ဆေးဝါးအရောင်းဆိုင်များကို FDA(ရန်ကုန်)မှ ရှောင်တခင်စစ်ဆေးရာ ဆေးဝါးအရောင်းဆိုင်လေးဆိုင်တွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်အမှတ်မပါ သော ဆေးဝါးများရောင်းချနေသည်ကိုတွေ့ရသဖြင့် ပဏာမ အ ရေးယူမှုအဖြစ် သုံးလဆိုင်ပိတ်သိမ်းစေပြီး အရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

ယင်းစစ်ဆေးမှုကို မတ် ၁၂ ရက်တွင်ပြုလုပ်ခဲ့ပြီး ကျောက်တံတားမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌ၏ညှိနှိုင်းအဆို ပြုမှုအရ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ FDA (ရန်ကုန်)မှ တာဝန်ရှိသူများက ကော်မတီဝင်များနှင့်အတူ ရှောင်တခင်စစ်ဆေးရာမှ စစ်ဆေးတွေ့ ရှိရခြင်းဖြစ်သည်။

 

''ခြောက်ဆိုင်လား၊ ခုနစ်ဆိုင်လားစစ်တယ်။ လေးဆိုင်မှာ တော့ တားမြစ်ဆေးဝါးရှိလို့ Report ပြန်တက်ထားတယ်။ သုံးလပိတ်သိမ်းဖို့ပေါ့။ အတိအကျတော့ ကျွန်တော့်ဆီမရောက်သေးဘူး။လွယ်လွယ်ခေါ်ရရင် လိုင်းဆေး ခေါ်တာပေါ့နော်။ နယ်စပ်ကဝင် တာလည်းရှိတယ်။ လိုင်းပေါင်းစုံ ကဝင်တာပေါ့နော်။ ဆေးဝါးစစ်လား၊ မစစ်လားလည်းမသိဘူး။ ဘယ်ကုမ္ပဏီကမှန်းလည်း မသိဘူးပေါ့။ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးပေါ့။ မြန်မာပြည်မှာ ဆေးဝါးရောင်းရင် မှတ်ပုံတင်ရတယ် ပေါ့။ FDA မှာ မှတ်ပုံတင်နံပါတ်တင်ရတယ်ပေါ့။ အဲဒီလို မလုပ်ဘဲ ရောင်းချနေလို့ပါ။ အရေးယူမှုက တော့ သုံးလပိတ်အရေးယူမယ်။ ဒါကပထမဦးဆုံးအကြိမ်မို့ ဆိုင်ယာယီပိတ်ပြီးပဲ အရေးယူတာ ဖြစ်ပါတယ်''ဟု အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ FDA (ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က ပြောသည်။


 FDA (ရန်ကုန်)အနေဖြင့် ပြည်သူလူထုကျန်းမာရေးအတွက် ရန်ကုန်မြို့ရှိ မြို့နယ်များအတွင်းတွင် ရောင်းချလျက်ရှိသည့်ဆေးဆိုင်များကိုလစဉ်ရှောင်တခင်စစ်ဆေးနေကြောင်း သိရသည်။ ''လစဉ်စစ်နေတာပါ။ ကြာပြီ။ ပြည်သူလူထုကိုပြောလိုတာက တော့ဆေးဝါးနဲ့ပတ်သက်လို့ ဝယ်မယ်ဆိုရင် မြန်မာနိုင်ငံဆေးဝါး မှတ်ပုံတင်အမှတ်လေးကို တစ်ချက်ကြည့်ဖို့နဲ့ ရက်လွန်နေ့စွဲ ကြည့်ဖို့နဲ့ စပ်ဆေးတွေ မဝယ်ဖို့ မှာလိုပါတယ်''ဟု ၎င်းကဆက်လက်ပြောသည်။ ဆေးဝါးနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှတားမြစ်ထားသည့် ဆေးဝါး၊ ဆေးဝါးအမျိုးအစားများကို ရောင်းချပါက ပထမအကြိမ်ရောင်းချ သောဆိုင်ကို သုံးလပိတ်၍ အရေး ယူမည်ဖြစ်ပြီး တတိယအကြိမ် တွေ့ရှိပါက လိုင်စင်လုံးဝပိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။


ယင်းနှင့်ပတ်သက်ပြီး ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးကျော်က''ဆေးဆိုင်တွေ ဖမ်းတာတော့ အဖွဲ့ဝင်တွေ ထည့် ပေးလိုက်တာပေါ့။ မနေ့က ၁၂ နာရီလောက်က စုဖွဲ့ပြီးတော့သွားတာပေါ့။ ရဲတပ်ဖွဲ့လည်းပါတယ်။ FDA ကနေ ဦးဆောင်ပြီး အရေးယူတာလည်း သူတို့ပဲ''ဟု မတ် ၁၃ ရက်တွင် ပြောသည်။ အဆိုပါဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မတ် ၁၃ ရက် မွန်းလွဲပိုင်းအထိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (င်္ီဗ) မှ ရဲစခန်းသို့ လာရောက်အမှုဖွင့်ထားခြင်းမရှိသေးကြောင်း ကျောက်တံတားမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ''ဖွင့်မယ်ဆိုရင် FDA က သူတို့ ကိုယ်တိုင်တရားလိုလုပ်မှာလေ''ဟု ၎င်းက မတ် ၁၃ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။

TTHL,WYHW

#democracytoday

Rate this item
(0 votes)
back to top