HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

နှုတ်မဆက်ဘဲ ထွက်ခွာသွားတဲ့ အိမ်သားနှစ်ဦး

နှုတ်မဆက်ဘဲ ထွက်ခွာသွားတဲ့ အိမ်သားနှစ်ဦး

( ၁ )

မိသားစုတစ်စုတွင် လူပိုရောက်လာပါက မသိသာပေမယ့် မိသားစုဝင် တစ်ဦးတစ်ယောက် လျော့သွားခဲ့လျှင် သိသာသည်ဆိုသည့် ရှေးလူကြီးသူမများ၏ စကားလေးကို ပြန်လည် ကြားယောင်မိသည်။ အခုလည်း မိသားစုဝင်ထဲမှ လူတစ်ဦးက နှုတ်ဆက်ချိန်မတန်ခင် ထွက်ခွာ သွားချိန်မှာပင် နောက်ထပ်မိသားစုဝင်တစ်ဦး ရှေ့ဆင့်နောက်ဆင့် လိုက်ပါသွားရသည့်အဖြစ်ဆိုးက သူတို့မိသားစုလေးအတွက် ထင်မှတ်မထားသည့် ခြောက်အိပ်မက်ကြီးဖြစ်နေမည်။

( ၂ )

သူတို့က မန္တလေးတိုင်း ချမ်းမြသာစည် မြို့နယ်အပိုင် ဒေါနခြံရပ်ကွက်နေတဲ့ မိသားစု လေးဖြစ်သည်။ မိသားစုဝင် ခြောက်ဦးရှိပြီး မောင်နေအောင်ဆိုသည်မှာ ညီအစ်ကိုမောင် နှမလေးယောက်ထဲတွင် ဒုတိယမြောက်သားတစ်ဦးဖြစ်သည်။ သူ့အထက်နှင့်အောက်တွင် အစ်ကိုတစ်ယောက်နှင့် ညီမနှစ်ယောက်ရှိသည်။ မောင်နေအောင်က အသက် ၂ဝ အရွယ်သာရှိသေးတာကြောင့် ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက် လူငယ်ဘဝ၏ အရွယ် ကောင်းဟု ဆိုရမည်ဖြစ်သည်။ လိမ္မာယဉ်ကျေး ပြီး ပတ်ဝန်းကျင်တွင် သတင်းကောင်းများနှင့် အမြဲလို မွှေးပျံ့နေသူဖြစ်သည်။ သူကအခြား လူငယ်များအတိုင်း ဘဝကို ရိုးရှင်းစွာ ဖြတ် သန်းနေသူတစ်ယောက်လည်းဖြစ်ကြောင်း သူ့ကိုချစ်ခင်သူများက ဆိုကြသည်။


အမြဲပြုံးနေတတ်တဲ့ သူ့အကျင့်လေး ကြောင့် သူ့ကို ချစ်ခင်သူတွေ ပိုလို့ပေါများခဲ့သည်။ ဆန်းကြယ်ခမ်းနားမှုတွေမပါဘဲ သဘာဝ အရှိတရားကို အခြေခံရိုက်ကူးထားတဲ့ သူ့ရဲ့ပုံရိပ် တွေက သူ့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အပြည့်အနှက်နေရာယူထားသည်။ သူ့ရဲ့ဖေ့စ်ဘွတ်ခ်ဖရန့်တွေက သူ့ကို ချစ်ခင်ကြကြောင်း သူ့ဝေါထဲ ဝင်ကြည့်လိုက်ချိန်မှာ သိခဲ့ရပြန်သည်။ ပျော်ပျော်ရွှင်ရွှင်နေတတ် သော်လည်း သူက အများစိတ်ဝင်စားလောက်သည့် Cele ကြီးတစ်ဦးပမာ ခမ်းနားကြီးကြယ်မှုမရှိပြန်။ သူငယ်ချင်းတွေနဲ့ စမည် နောက်မည်။ လူငယ်တစ်ဦးဖြစ်တဲ့အတိုင်း ဘဝကို လွတ်လပ်ပျော်ရွှင်စွာ ဖြတ်သန်းကူးခတ်ခဲ့ပုံရိပ်တွေကို မြင်ယောင်မိသည်။ ဒီလိုနေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရာ ကနေ တစ်နေ့တော့ . . . ။

( ၃ )

ထိုနေ့က သူ့ဝေါလ်လေးမှာ အမှောင်ကျခဲ့သယောင်ဖြစ်ခဲ့သည်။ တိတိပပဆိုရသော် သူ့နှလုံးသားမှာ မွန်းကျပ်မှုတွေ ပြည့်နှက်နေ၍ ခံစားမှုများကို မျက်ရည်အသွင်နှင့် စီးဆင်းလိုက်တာကြောင့်လည်း သူ့အမြင်များ ဝေဝါး တာဖြစ်နိုင်သည်။ R.I.P My Father ဆိုတဲ့စာသားကလေးကို မတ် ၇ ရက်မှာ သူ့စတေးတပ်မှာ တင်လိုက်ချိန်မှာပင် သူ့ကိုချစ်တဲ့ သူငယ်ချင်းများ၊ မိတ် ဆွေများက အားပေးစကားများ၊ ထပ်တူဝမ်း နည်းကြောင်း မှတ်ချက်များပြုပေးထားခြင်းက သူ့ရဲ့လွမ်းဆွေးမှုတွေကို အနည်းငယ် ဖြေဖျောက် ပေးခဲ့မည်ထင်သည်။ ဒီလိုနှင့် သူတို့အဖေ့ရဲ့ နောက်ဆုံးခရီး ကို မိသားစုတွေ အကောင်းဆုံးစီစဉ်နေကြရင်း တစ်နေ့ ကြမ္မာဆိုးတစ်ခု ကျရောက်လာပြန်သည်။ ထိုနေ့မတိုင်ခင်ကပင် မောင်နေအောင်တစ် ယောက် နီးစပ်သူများကို သူ့အဖေနာရေးရက် လည်အတွက်လိုက်လံဖိတ်ကြားခဲ့သေးသည်။


မတ် ၁၁ ရက် နံနက်ပိုင်းတွင်တော့ သူ့အဖေနာရေးရက်လည်အတွက် ပြင်ဆင်နေချိန် ဖြစ်သည်။ ထိုအချိန်မှာပင် နာရေးအိမ်များ၌ ဓလေ့များအရရှိတတ်တဲ့ ဖဲဝိုင်းလေးမှ အစပြုကာ ကြမ္မာဆိုးကြီး ကျရောက်လာတော့သည်။ ထိုအချိန် ဖဲဝိုင်းအတွင်းမှ လူတစ်ဦးက ဖဲရိုက် နေရာမှ ၎င်း၏လက်ကိုင်ဖုန်းကို ပေါင်ဖို့အတွက် မောင်နေအောင်ကို ပြောခဲ့သည်ဟု သိရသည်။ ''မင်းက နာရေးရှင်လားလို့မေးပြီး ငါ့ဖုန်းကို တစ်သိန်းနဲ့အပေါင်ထားမယ် ပြောတယ်။ မောင်နေအောင်က ကျွန်တော်တို့မှာ ငွေမရှိ ပါဘူးခင်ဗျာလို့ ပြန်ပြောတာ။ မင်းငါတို့အ ကြောင်း သိစေရမယ်လို့ပြောပြီး အဲဒီလူတွေ အပြင် နောက်လူတွေပါ ရောက်လာပြီး ဝိုင်းပြီး ရိုက်နှက်ကြတာ''ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ထိုဖြစ်အင်ကို ဖေ့စ်ဘွတ်ခ်စာမျက်နှာ ထက်တွင် ရေးသားထားသည်။


ဝိုင်းဝန်းရိုက်နှက်ခံရမှုကြောင့် မောင်နေ အောင်တစ်ယောက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ အဖေ့နာရေးရက်လည်အတွက် ဝိုင်းဝန်းကူညီပေးရမည့်အလုပ်များကလည်း ရှိနေ သေးသည်။ သို့သော် ထိုအရာများအားလုံး သူမလုပ်နိုင်တော့ပေ။ ပြီးတော့ သူ့မိသားစုကို သူနှုတ်ဆက်ခွင့်မရတော့ဘဲ သံသရာခရီးကိုနှင်ခဲ့လိုက်ရသည်။ ''ဒီနေ့ အဖေ့ရက်လည်ပြီးရင် နားနား နေနေ နေလို့ရပြီလေကွာ အခုတော့ လူမဆန်တဲ့ကောင်တွေကြောင့် မင်းထာဝရနားရတော့မှာလားငါ့ညီရာ။ အဖေအရမ်းချစ်တဲ့ မင်းအဖေက တစ်ခါတည်း ခေါ်တော့မှာလားကွာ''ဟု သူ၏အစ်ကိုဖြစ်သူ ကိုအောင်ကျော်ဦး တင်ထားသည့်ပို့စ်ကလေးကလည်း ကျန်ရစ်သူများအတွက် လွမ်းဆွတ်စရာပင်ဖြစ်နေသည်။


ထို့အတူပင် သူ့ကိုချစ်သော၊ သူ့ကိုနှမြောတသဖြစ်သော၊ အမှန်တရားကို လိုလားသာ သူ့အပေါင်းအသင်းမိတ်ဆွေများကမူ ...
''လူမဆန်လိုက်တာဗျာ၊ အမှုဖွင့်ပြီး သေ ဒဏ်အထိကျအောင် လုပ်လိုက်ပါလား''
''အကြွေစောခဲ့ရပြီ''
''သူ့အဖေရက်လည် လာဖိတ်ရင်းနဲ့ idol idol နဲ့တောင် လာလာစနေတာ''
''မင်းက ငယ်ငယ်လေးကတည်းက လိမ္မာတဲ့ကလေးပါ။ ရောက်ရာဘုံဘဝမှာ ပျော်ရွှင် နိုင်ပါစေ။ အစ်မ ဆုတောင်းပေးလိုက်ပါတယ် ကလေးရယ်'' စသည်ဖြင့်မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြသည်။


ထိုအမှုတွင် ကျူးလွန်သူများထဲမှ လေးဦးသာ ဖမ်းဆီးရမိထားသေးကြောင်း ကိုအောင် ကျော်ဦးက ပြောဆိုထားသည်။ ရန်ကုန်တိုင်းမ်ဂျာနယ်အနေဖြင့် အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သက်၍ ချမ်းမြေ့သာစည်မြို့နယ် အမှတ်(၁) မြို့မရဲစခန်းမှ ဒုရဲမှူးအောင်မျိုးလွင်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အစည်းအဝေး ပြုလုပ်နေသည်ဟုဆိုကာ ထပ်မံချိန်းဆိုခဲ့သည်။ ယခုတွင်တော့ သူတို့အိမ်ကလေးမှာ ဖခင်ဖြစ်သူရဲ့ ရက်လည်အပြီး သားဖြစ်သူ၏ နာရေးကို ဆက်လက်လုပ်ဆောင်နေရပြီဖြစ်သည်။ ဖခင်နှင့်အတူ တမလွန်ဘဝခရီးလမ်းကို မရည်ရွယ်ဘဲ လိုက်ပါသွားခဲ့ရသည့် မောင် နေအောင်အတွက်မူ တရားမျှတမှုရှိရန် လိုအပ်ပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအကြား မှတ်ချက်ပြုနေကြသည်။ ထို့အတူ တရားဥပဒေစိုးမိုးရေးနှင့် မင်းမဲ့စရိုက်ဆန်ဆန်ပြစ်မှုများကို လူ့အဖွဲ့အစည်းအတွင်း ပျောက်ကွယ်စေရန် တာဝန်ရှိသူများအနေဖြင့် ဆတက်ထမ်းပိုး ကြိုးစားရပေဦးမည်ဖြစ်သည်။ 

မင်းကို

#theyangontimes

Rate this item
(0 votes)
back to top