HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဒီဘဝ ဒီမျှနဲ့သာ . . .

ဒီဘဝ ဒီမျှနဲ့သာ . . .

( နိဒါန်း )

အကယ်စင်စစ် ဤအဖြစ်အပျက်သည် ဝတ္ထုတစ်ပုဒ် (သို့မဟုတ်) ရုပ်ရှင်ဇာတ်လမ်းတစ်ခုသာဖြစ်မည်ဆိုလျှင် ဘယ် လောက်ကောင်းလိုက်မလဲဟု တွေးမိသည်။ သို့သော် ဤဖြစ်စဉ်မှာ တကယ့်ဖြစ်ရပ်မှန် ဖြစ် နေလေသောအခါ ....။

( ၁ )

''တူနှစ်ဖြာ . . . ရွှေဂဟေဆက်ဖို့ သွေမပျက်တဲ့မေတ္တာ ရေစက်ရဲ့ရှေးအလာ မနှေး အခါခါချင်တွေး . . . ဖြစ်ရေးခု သမုဒယနွယ်လာ . . . ဖြစ်ရေးခု . . . သမုဒယနွယ်လာ . . . အခုဘဝ တကယ် ဘယ်မမုန်းတော့လေး . . . လေး . . . လေး . . .''

ကိုသက်ပိုင်တစ်ယောက် စိတ်ကူးထဲတွင် မင်္ဂလာတေးကို တီးတိုးရေရွတ်နေမိသည်။ တစ်ချက်တစ်ချက်တွင်တော့ အသံထွက်၍ဆိုနေမိ၏။ ဆိုင်ကယ်မောင်းနှင်နေခြင်းကြောင့် သူဆိုနေသည့်သီချင်းကို ပတ်ဝန်းကျင်က မကြား နိုင်ပေ။ နှုတ်က သီဆိုနေသော်လည်း ဆိုင်ကယ် မောင်းနှင်နေတဲ့အရှိန်ကြောင့် သူကိုယ်တိုင်ပင် မကြားရပေ။ သူ့ရဲ့အတွေးထဲမှာတော့ ပျော်ရွှင်ကြည်နူး စိတ်များဖြစ်နေလေသည်။ မိမိချစ်မြတ်နိုးသူနှင့် ဘဝခရီးကို အတူလျှောက်လှမ်းဖို့ ရက်အနည်းငယ်မျှသာ လိုတော့သည်။ တိတိကျကျဆိုရမူ အချိန် ၄၈ နာရီမျှသာ လိုတော့၏။ ဒီလို အချိန်မျိုးမှာကို သက်ပိုင်လို သတို့သားလောင်း အနေနဲ့ ပျော်မဆုံးနိုင်ဖြစ်နေမိမှာ အမှန်ပင် ဖြစ်သည်။


မိမိချစ်မြတ်နိုးသူနဲ့ လက်ချင်းအတူတွဲလို့ ဘဝခရီးလမ်းအစကို ဖြတ်သန်းဖို့အတွက် နာရီပိုင်းမျှသာ လိုတော့သည်။ ကိုယ့်ချစ်သူရဲ့ လက်ကိုဆုပ်ကိုင်လို့ ဘယ်လိုအခက်အခဲ တွေရှိလာပါစေ ကျော်လွှားဖြတ်သန်းဖို့အသင့် ဖြစ်နေသည်။ အခုလည်း မင်္ဂလာဆောင်အတွက် လိုအပ်တဲ့ပစ္စည်းများကို ဝယ်ယူဖို့ ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး အပြန်ခရီးဖြစ်ပေသည်။ သူတို့နေထိုင် တာက ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)လက်ပံတန်းအပိုင် ဆင်တလင်းကျေးရွာဖြစ်သည်။ သူ့အသက်က ၃ဝ စွန်းစွန်း။ ပေါင်းတည် သူ မအေးမော်နှင့် မေတ္တာမျှခဲ့ကြပြီး လက်ထပ် ဖို့အတွက် နှစ်ဖက်သဘောတူထားကြခြင်းဖြစ်သည်။

( ၂ )

သူစီးနေတဲ့  SMASH ဆိုင်ကယ်လေးကို ဝယ်ထားတာ မကြာသေး။ ချွေးနည်းစာလေးနဲ့ စုဆောင်းပြီး ဝယ်ထားတာကြောင့် ပို၍ပင် သံယောဇဉ်ဖြစ်မိနေသည်။ အခုလည်း ရန်ကုန်အလာတုန်းက ဒီဆိုင်ကယ်လေးနဲ့ ချစ်သူနှစ်ဦး အတူစီးပြီးလာခဲ့ကြသည်။ ဧပြီ ၅ ရက်မှာ ကျင်းပမယ့် မင်္ဂလာပွဲအတွက် လိုအပ်တာလေးတွေဝယ်ဖို့ ရန်ကုန်ကို နှစ်ယောက်အတူလာခဲ့ကြ ခြင်းဖြစ်သည်။


ပစ္စည်းတွေ ဝယ်ခြမ်းပြီး အပြန်လမ်းတွင် ကိုသက်ပိုင်တစ်ယောက် ဇနီးလောင်းဖြစ်သူ နှင့်အတူ ပြန်ချင်သည်။ ဒါပေမဲ့ဆိုင်ကယ်နဲ့ဆို ခရီးပန်းမည်။ စီးရတာ သက်သောင့်သက်သာ မရှိလှ။ ဒီကြားထဲ တပေါင်းနွေဦးက အပူဒဏ် ပြင်းထန်လှသည်။ ဇနီးလောင်းဖြစ်သူ မအေး မော်ကို ဆိုင်ကယ်ဖြင့် လိုက်ပါခဲ့ပါမူ ပင်ပန်းမည့်အရေးကို ကြိုတွေးမိပြန်သည်။ ဖြစ်နိုင်လျှင် သူအသက်တမျှ ချစ်ရသူအပေါ်ကို နေကျမှာ မပြောနှင့် လေခတ်တာကိုပင်မခံချင်။ ဒီအတွက် ကြောင့်ပင်ဆိုင်ကယ်ဖြင့် မလိုက်ခိုင်းဖို့ ဆုံး ဖြတ်လိုက်သည်။ အဝေးပြေးကားဝင်းထဲကနေ လက်ပံတန်းပြန်မည့် ကားလက်မှတ်တစ်စောင် ဖြတ် လိုက်သည်။ ပြီးတော့ ဇနီးလောင်းဖြစ်သူကို ထိုကားဖြင့် လိုက်ပါရန် မှာကြားခဲ့သည်။ သူ ကတော့ စီးတော်ဆိုင်ကယ်လေးနှင့် အဝေးပြေး လမ်းမကြီးထက်၌ အသော့နှင်ခဲ့ပြီဖြစ်သည်။

( ၃ )

မအေးမော်တစ်ယောက် ဒီနေ့မနက် ကတည်းက စိတ်တွေလေးလံနေသည်။ ခင်ပွန်း လောင်းနဲ့အတူ မင်္ဂလာပွဲအတွက် လိုအပ်တာ လေးတွေ လာဝယ်ရင်း ရန်ကုန်ရောက်ဖြစ်ခဲ့ကြ သည်။ အခုလည်း အပြန်ခရီးကို လိုင်းကားဖြင့် တစ်ယောက်တည်း ပြန်လာရသည်။ ဆိုင်ကယ် နဲ့ နှစ်ယောက်အတူပြန်ပါက မိမိကို ပင်ပန်း မှာစိုးလို့ လိုင်းကားနဲ့ တင်ပေးခဲ့တဲ့လူမျိုးကို အချစ်တွေ တိုးခဲ့ရသည်။ ဘဝလက်တွဲဖော်အ ဖြစ် ရွေးချယ်မိခဲ့ပုံကို ပြန်တွေးရင်း ပျော်ရွှင်မိ ပြန်သည်။


ဒါပေမဲ့လည်း ရင်ထဲမှာတော့ ဘယ်လို ဖြစ်နေမိလဲမသိ။ မနက်က ကော်ဖီတွေ သောက် ထားလို့များ ရင်တုန်နေတာလားလို့ တစ်ချက် စဉ်းစားလိုက်သေးသည်။ ဒါပေမဲ့လည်း ဒီလိုရင်တုန်မှုမျိုးမဟုတ်။ သူကိုယ်တိုင် တိတိပပ အဓိပ္ပာယ်မဖော်တတ်။ သူစီးလာတဲ့ အဝေး ပြေးကားက လက်ပံတန်းဘက်သို့ ဦးတည်လာ မောင်းနှင်လာသည်။ ပတ်ဝန်းကျင်တစ်ခွင် မှာတော့ စိမ်းစိမ်းစိုစို စပါးခင်းတွေနဲ့အပြည့်။ မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ပတ်ဝန်းကျင် ရှုခင်းအလှကို ကြည့်ရှုနေလိုက်သည်။ ထိုအချိန် သူစီးလာတဲ့ကားက ပုံမှန်မောင်းနေတဲ့အရှိန် ကနေ လျှော့ချလိုက်တာ သတိထားမိလိုက် သည်။ ပြီးတော့ စက်ရပ်သွားသည်။


''ရှေ့မှာ ယာဉ်တိုက်မှုဖြစ်နေလို့ လမ်း တွေ ပိတ်နေတယ်'' ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ပြောဆိုသံသဲ့သဲ့ကို မအေးမော် ကြားလိုက်ရသည်။ တစ်ဆက်တည်းမှာပဲ စိုးရိမ်စိတ်က ဝင်လာ ပြန်သည်။ ကားသမားဖြစ်သူကို အကျိုးအ ကြောင်း လှမ်းမေးတော့ . . .''လွန်ခဲ့တဲ့ငါးမိနစ်လောက်က ဆိုင်ကယ်နဲ့ တစ်ဖက်ကလာတဲ့ ဖွဲတင်တဲ့ကားနဲ့ တိုက်မိတာလို့ ပြောတယ်'' ယာဉ်အကူထံမှ စကားသံဆုံးတော့ ထိုင် နေတဲ့နေရာက ရုတ်ချည်းထလိုက်ပြီး ကားပေါ်ကဆင်းကာ အခင်းဖြစ်နေရာကိုလာခဲ့သည်။ ရင်ထဲမှာတော့ သူ့ရဲ့ခင်ပွန်းလောင်း မဟုတ် ပါစေနဲ့လို့ တောင်းဆုများနဲ့ ပြည့်နှက်နေသည်။

( ၄ )

လူအုပ်ကြားထဲ တိုးကြည့်လိုက်ချိန်မှာ တော့ မအေးမော်တစ်ယောက် အရုပ်ကြိုးပြတ် ပမာဖြစ်ခဲ့ရသည်။ သူ့ရဲ့ဆုတောင်း မပြည့်ခဲ့။ ကံကြမ္မာက သူတို့နှစ်ဦးကို မျက်နှာသာမပေး ရလေခြင်းဆိုပြီး ဆောက်တည်ရာမရဖြစ်နေသည်။ မြေပြင်ထက်တွင် သွေးများပြည့်နှက်နေ သည်။ သွေးများပေကျံနေသည့် ကိုသက်ပိုင်ကို ပွေ့ဖက်ထားရင်း မအေးမော်တစ်ယောက် တကြော်ကြော် အော်ခေါ်နေမိသည်။ ကိုသက်ပိုင်ကမူ ထာဝရ ပြန်မထူးနိုင်တော့ပေ။ သူ့ချစ်သူ ဇနီးလောင်းနဲ့ သူ့ပတ်ဝန်းကျင်ကို နှုတ်မဆက်ဘဲ လောကအတွင်းက အပြီးတိုင်ထွက်ခွာသွား ပြီဖြစ်သည်။ သတို့သားလောင်းနှင့် သတိုးသမီး လောင်းတို့၏ပုံရိပ်က မြင်ရသူများအတွက် ကရုဏာသက်မိကြသည်။

( နိဂုံး )

 

ဒီဘဝမှာ ပေါင်းဖက်ဖို့ကံက မပါလာ တော့ သူတို့နှစ်ဦး သေခွဲခွဲခဲ့ကြရသည်။ ဘယ်ဘဝဝဋ်ကြွေးတွေကြောင့် ဒီလိုအဖြစ်ဆိုးနဲ့ တွေ့ ကြုံရလေသည်မသိ။ သတ္တဝါတိုင်းသည် တစ် နေ့တွင်တော့ ခွဲခွာကြရမည်ဖြစ်သည်။ ထိုသို့ မခွဲခွာမီ ဗုဒ္ဓရှင်တော်မြတ် ဟောကြားခဲ့သည့် 'မမေ့မလျော့သောသတိဖြင့် နေထိုင်ခြင်း' ဖြင့်သာ ဘဝကို ဖြတ်သန်းသွားရန်လိုပေသည်။

မင်းကို

#democracytoday

Rate this item
(0 votes)
back to top