HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတို့တွင် အပူချိန်မြင့်မားနေ၊ မကွေးတိုင်းဒေသကြီးတွင် ရေများခန်းခြောက်ကာ ဒေသခံပြည်သူများ သောက်ရေပြတ်သည် အထိဖြစ်နေ  

မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတို့တွင် အပူချိန်မြင့်မားနေ၊ မကွေးတိုင်းဒေသကြီးတွင် ရေများခန်းခြောက်ကာ ဒေသခံပြည်သူများ သောက်ရေပြတ်သည် အထိဖြစ်နေ   

ရန်ကုန်၊ ဧပြီ ၂၂ 

မြန်မာနိုင်ငံ၏ လက်ရှိအပူဆုံးဒေသဖြစ်နေသည့် မကွေးတိုင်းဒေသကြီးတွင် ရေများခန်းခြောက်ကာ ဒေသခံပြည်သူများ သောက်ရေငတ်သည့်အထိ ဖြစ်ပေါ်နေကြောင်း မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးထံမှသိရသည်။ယင်းတိုင်းဒေသကြီးတွင် ချောက်မြို့သည် အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်ဖြင့် အပူဆုံးဖြစ်နေကြောင်း မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦီးစီးဌာနမှ သိရသည်။

''ပူတာကိုတော့ ခံနေရတာပေါ့။ ဒေသခံတွေကတော့ နေသားကျနေပြီ။ အံ့သြဖို့တော့ကောင်းတယ်။ ဒီလောက်ပူနေတာ။ ဆိုးဆိုးရွားရွားတော့ မရှိပါဘူး။ ရေပဲလိုတာ။ ပူတာတွေများတော့ ခြောက်ပြီး တော့ သောက်ရေတောင်ကောင်းကောင်း မရှိတဲ့ဘဝ ရောက်နေတယ်။ ရွာတွေမှာ သောက်ရေ၊ သုံးရေမရှိတဲ့ဘဝ ဖြစ်နေတယ်။ တော်တော်ခံနေရတယ်။ မနှစ်ကလည်း ဒီလောက်ပူတာပါပဲ။ ချောက်မှာတော့ အပူ ကြောင့် ဆေးရုံတက်ရသူတော့ မရှိဘူး။ ရေရဖို့ပဲလိုတယ်။ အရေးကြီးတာက ရေရဖို့ပဲလိုတယ်။ သောက်ရေတောင် ငတ်နေပြီ။ မီးလည်းကြောက်ရတာပေါ့ဗျာ။ ကျေးလက်ကတော့ခန်းတယ်။ မြို့မှာတော့ မခန်းဘူး။ ရေရအောင်ဝိုင်းဝန်းလုပ်ပေးဖို့ အနေအထားရှိနေတယ်။ လွန်ခဲ့တဲ့တစ် နှစ်လောက်က ကျွန်တော်တို့ဘက်မှာ ရေတွင်းတူးတာ။ သမ္မတကိုယ်တိုင်တူးတာ။ ပုဂ္ဂလိကတွေကလည်း လာလာလှူတယ်။ ကျွန်တော်တို့ သတင်းပါးစေလိုတာကတော့ ရေကိုလာလှူဖို့ပေါ့''ဟု မကွေးတိုင်းဒေသ ကြီး၊ ချောက်မြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးက ဒီမိုကရေစီတူဒေး သတင်းစာသို့ ဧပြီ ၂၂ ရက်က ပြောသည်။


မကွေးတိုင်းဒေသကြီးအပါအဝင် အပူချိန်မြင့်မားနေသည့် ဒေသလေးခုရှိပြီး ယင်းဒေသနေပြည်သူများအနေဖြင့် အထူး ဂရုပြုနေထိုင်ကြရန်လိုအပ်ကြောင်း မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ''အပူချိန်အမြင့်ဆုံးဒေသကတော့ မကွေးတိုင်းဒေသကြီးက ချောက်မြို့ဖြစ်ပါတယ်။ ၄၆ ဒီဂရီစင်တီဂရိတ်လောက်အထိရှိတယ်။ အခြားဒေသတွေထက် ၃ ဒီဂရီ စင်တီဂရိတ်၊ ၄ ဒီဂရီစင်တီဂရိတ်လိုက် ပိုများနေတယ်။ အပူချိန်မြင့်မားနေတဲ့ဒေသ တွေကတော့ (၁)မကွေးတိုင်းဒေသကြီး၊ (၂)မန္တလေးတိုင်းဒေသကြီး၊ (၃)ပဲခူးတိုင်း ဒေသကြီးနဲ့ (၄)စစ်ကိုင်းတိုင်းအောက်ပိုင်းတို့ ဖြစ်ပါတယ်။ ၄၂၊ ၄၃ ဒီဂရီစင်တီဂရိတ် လောက်အထိရှိနေပါတယ်။ မကွေးမှာဆိုရင် ချောက်မြို့၊ အောင်လံမြို့၊ မကွေး မြို့တွေ၊ မန္တလေးမှာဆိုရင် ညောင်ဦးမြို့၊ ပဲခူးမှာဆိုရင် ပြည်မြို့၊ တောင်ငူမြို့၊ ရွှေကျင် မြို့၊ စစ်ကိုင်းတိုင်းမှာဆိုရင် မုံရွာဒေသတွေ မှာ အပူချိန်မြင့်မားနေတယ်။ ဒါကြောင့်မို့ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေအနေနဲ့ ကျန်းမာရေး အထူးသတိပြုဖို့လိုပါတယ်'' ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ကျော်မိုးဦးကပြောသည်။


လက်ရှိအပူချိန်မြင့်မားနေသော တိုင်းဒေသကြီးများတွင် ကြုံတွေ့နေရသော အခြေအနေများနှင့် ကြိုတင်ပြင်ဆင်ထား ပုံများကိုဖော်ပြလိုက်ပါသည်။ မကွေးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးတွင် ချောက် မြို့သည် အပူချိန်အမြင့်ဆုံးဖြစ်နေသလို အောင်လံမြို့နှင့် မကွေးမြို့ကလည်း အပူချိန် ၄၂၊ ၄၃ ဒီဂရီများဖြင့် အပူချိန်များမြင့် နေသောကြောင့် ကျန်းမာရေးပြဿနာရှိသူများရှိကြောင်းသိရသည်။ ''မကွေးတိုင်းမှာတော့ တော်တော် လေးကို ပူတာဗျ။ ပူတယ်။ တော်တော်ပူတယ်။ အရက်သောက်တဲ့သူတွေကို ဆေး ပေးခန်းတွေ ပို့ရတယ်။ သတိလစ်သွားတယ်။ နှစ်ယောက်ရှိတယ်။ တစ်နေ့ကတစ်ယောက်၊ မနေ့ကတစ်ယောက် အောင်လံမြို့မှာပေါ့။ ဒီမှာတော်တော်ကိုပူတယ်''ဟု အောင်လံမြို့ရှိ မေတ္တာမွန်လူမှုကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


မကွေးတိုင်းဒေသကြီး

ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာခင်မောင်သန်းက ''အပူချိန်မြင့်လို့ ကျန်းမာရေးမကောင်းတဲ့ သူတွေကတော့ မကွေးတိုင်းအတွင်းထဲက ဆေးရုံတွေမှာ တက်ရောက်ကုသနေတဲ့စာ ရင်းမရှိပါဘူး။ နေ့အပူချိန်မြင့်တဲ့အတွက် တော့ ကျန်းမာရေးချို့တဲ့သူတွေ၊ ကိုယ်ခံအားကျဆင်းတဲ့သူတွေ၊ အသက်ကြီးတဲ့သူ တွေနဲ့ ကလေးတွေတော့ ဂရုစိုက်နေထိုင် သင့်ပါတယ်။ မကွေးမြို့မှာ နေထိုင်သူတွေအနေနဲ့ အပူဒဏ်ခံနိုင်ဖို့အတွက် ပါးလွှာတဲ့အင်္ကျီတွေ ဝတ်ဆင်ပြီး အရိပ်ကောင်းတဲ့ နေရာတွေမှာ နေထိုင်ဖို့လိုပါတယ်'' ဟု ပြောပါတယ်။ ''အရင်နှစ်ထက် မကွေးတိုင်းဒေသကြီးက ပိုပူလာတဲ့အတွက် နေပူထဲထွက်တာရှောင် ဖို့လိုအပ်ပါတယ်''ဟု မကွေးတိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဦးစီးအရာရှိ ဦးကျော်ထွန်းက ပြောတယ်။ မကွေးတိုင်းဒေသကြီးထဲမှ မကွေး တိုင်းမြို့တွင် အပူချိန်မြင့်မားနေသော်လည်း အပူကြောင့် ကျန်းမာရေးပြဿနာများဖြင့် ဆေးရုံသို့ ရောက်လာသူများ မရှိသေး ကြောင်းသိရသည်။


''ဒီမှာတော့ အပူကြောင့် ဆေးရုံရောက် လာတဲ့သူတွေ မရှိသေးဘူး။ ဒီဒေသမှာ တော့ အပူဒဏ်ခံနေကျဆိုတော့ ဘာမှတော့ မဖြစ်သေးဘူး။ လောလောဆယ်အထိ လူနာတွေမရှိသေးဘူး။ ရောက်ရှိလာရင် ကုသ ပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါတယ်''ဟု မကွေးတိုင်းဆေးရုံအုပ် ဒေါက်တာမြတ်စိုးကပြောသည်။ 

 

မန္တလေးတိုင်းဒေသကြီး 

မန္တလေးတိုင်းဒေသကြီးတွင်လည်း အပူချိန်မြင့်မားနေပြီး ၄၂ ဒသမ ၅ စင်တီဂရိတ်အထိ မြင့်တက်နေကြောင်းနှင့် အပူကြောင့် သတိလစ်ခြင်း(သို့မဟုတ်)အပူလျှပ်ခြင်းဖြစ်ပေါ်ပါက ကုသမှုများပေးနိုင်ရန် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် ပြင်ဆင်ထားကြောင်း သိရသည်။ ''သင်္ကြန်မတိုင်ခင်ကတည်းက အပူချိန်မြင့်တော့ အပူလျှပ်လူနာလာနိုင်တယ်ဆိုပြီး ကြိုတင်ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ဒီနေ့အထိတော့ လူနာမရောက်သေးပါဘူး''ဟု မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောသည်။

 

အပူလျှပ် Heat Stroke လူနာများ ရောက်ရှိလာပါက ကုသပေးနိုင်ရန်အတွက် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ အရေးပေါ်လူနာကုသဆောင်တွင် ဝန်ထမ်းအင်အား တိုးမြှင့်တာဝန်ချထားခြင်း၊ ဆေးဝါးများ အလုံအလောက်ဖြည့်ဆည်းထားခြင်း၊ လူနာများကုသပြီးပါက လေဝင်၊ လေထွက်ကောင်းသော သက်သာချောင်ချိစွာနေထိုင်နိုင်မည့် အခန်းများကို စီစဉ်ထားရှိပေးခြင်း၊ ရေခဲများအလုံအလောက် စီစဉ်ထားခြင်း၊ ဆေးရုံကြီးနှင့် ပြင်ပလူမှုကူညီရေးအသင်းများမှ လူနာတင်ယာဉ်များကိုစီစဉ်ထားကာ ပြင်ဆင်ထားခြင်းတို့ ဆောင်ရွက်ထားကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတွင်လည်းအပူချိန်များ မြင့်တက်နေသော်လည်း ကျန်းမာရေးပြဿနာများမရှိသေး ကြောင်းသိရသည်။ ''အခုရက်ပိုင်းထိတော့ အပူလျှပ်လို့ ဖျားနာပြီး ဆေးရုံအရေးပေါ်ပို့ရတာမျိုးတော့ မရှိသေးဘူး။ မနှစ်ကတော့ တစ်ယောက်စ၊ နှစ်ယောက် စရှိခဲ့ဖူးတယ်။ မုံရွာက မေလ လောက်မှ အပူချိန်တွေ ပိုများတတ်တာ''ဟု မုံရွာမြို့ ဒေဝဂတိလူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။ စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သောရက်ပိုင်းက ပူပြင်းခဲ့သော်လည်း ယခုအခါပုံ မှန်အပူချိန်အဖြစ် အပူချိန်ကျဆင်းလာ ကြောင်း စစ်ကိုင်းခရိုင်မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးကိုကိုနိုင်က ပြောသည်။

 

''အပူချိန်ကတော့ တဖြည်းဖြည်းကျဆင်းလာတယ်။ ဧပြီလတတိယအပတ်က နေ မေလအထဲအထိ သိပ်မြင့်ဖို့မရှိပါဘူး။ စစ်ကိုင်းအနေနဲ့ တက်မယ်ဆိုရင် အမြင့်ဆုံး ၄၃ ဒီဂရီစင်တီဂရိတ်ပဲရှိမယ်ခန့်မှန်းပါတယ်။ ဘာကြောင့် မတက်နိုင်တာလဲဆို တော့ ဒေသအလိုက်အပူချိန်တွေ လျော့လာတာရယ် တိမ်တိုက်ဖြစ်စဉ်ကြောင့် လေထုအားမငြိမ်မသက်မှုတွေဖြစ်နေတာ ရယ်ကြောင့်ပါ။ မေလမှာ မိုးရွာသွန်းမှုတွေ စနိုင်တယ်။ အဲဒီအတွက် အပူချိန်ကတော့ တဖြည်းဖြည်းပြန်ကျလာမယ်''ဟု ၎င်းက ဆက်လက် ပြောသည်။

 

ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးတွင်လည်း အပူချိန်များမြင့်မားနေပြီး အပူကြောင့်သတိလစ်မေ့မြော၍ ဆေးရုံရောက်နှစ်ဦးနှင့် သေဆုံးတစ်ဦးရှိခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသများဖြစ်သော မကွေး၊ မန္တလေး၊ မုံရွာဒေသများသည် နှစ်စဉ်အပူချိန်မြင့်မားသည့် ပြဿနာများဖြင့် ကြုံတွေ့နေရသော်လည်း ၂ဝ၁ဝ ခုနှစ် မေလကဖြစ်ပေါ်ခဲ့ သော အပူချိန် ၄၇ ဒသမ ၂ ဒီဂရီစင်တီဂရိတ်သည် တစ်နိုင်ငံလုံးအတိုင်းအတာ အမြင့်မားဆုံး စံချိန်ဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိအမြင့်ဆုံးအပူချိန်မှာ ၄၆ ဒီဂရီစင်တီဂရိတ်ကျော်သာ ရှိနေသေး သည့်အတွက် သာမန်နှစ်များထက်အပူ ချိန်ပိုသော်လည်း အယ်လ်နီညိုဖြစ်ခဲ့သော နှစ်များ၏ အပူချိန်များကို စံချိန်မချိုးနိုင် သေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန် ကြားမှုဦးစီးဌာနမှ သိရသည်။

ဒီမိုကရေစီတူဒေးသတင်းအဖွဲ့

Rate this item
(0 votes)
back to top