HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ခရီးသွားများ၏ လုံခြုံရေး အခြေအနေကြောင့် နမ့်ဖတ်ကာနှင့် မူဆယ်အကြား ပြည်ထောင်စု လမ်းပိုင်းကို တစ်နာရီခွဲခန့် ယာယီ ပိတ်ထားခဲ့ရ

ခရီးသွားများ၏ လုံခြုံရေး အခြေအနေကြောင့် နမ့်ဖတ်ကာနှင့် မူဆယ်အကြား ပြည်ထောင်စု လမ်းပိုင်းကို တစ်နာရီခွဲခန့် ယာယီ ပိတ်ထားခဲ့ရ

မူဆယ်၊ မေ ၁၄

ခရီးသွားများ၏ လုံခြုံရေးအခြေအနေကြောင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)ရှိ နမ့်ဖတ်ကာနှင့် မူဆယ်အကြား ပြည်ထောင်စုလမ်းပိုင်းကို တစ်နာရီခွဲကြာ သွားလာခွင့် ယာယီပိတ်ထားခဲ့ရကြောင်း သတင်းရရှိသည်။ မေ ၁၄ ရက် နံနက် ၈ နာရီ ခန့်မှ ၉ နာရီခွဲခန့်အထိ အတက်၊ အဆင်းယာဉ်များ သွားလာခြင်းကို ယာယီပိတ်ထားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့မရဲစခန်းမှ ဒုရဲမှူး အေးမြင့်က ''လုံခြုံရေးအရ နံနက် ၈ နာရီလောက်ကစပြီး တပ်က တားထားတာပါ။ တပ်ကရပ်ထား ခိုင်းတာပါ။ ထင်းရှူးတောမှာ TN-LA လက်နက်ကိုင်အဖွဲ့ အင်အား ၅ဝ၊ ၆ဝ လမ်းဖြတ်ကူးမယ်ဆိုတဲ့သတင်းကို တပ်ကရထားတာကြောင့် နှစ်ဖက်ထိတွေ့မှုဖြစ်ရင် အသွားအလာပြည်သူတွေ တိုက်ပွဲကြားပိတ်မိပြီး အန္တရာယ်ဖြစ်မှာစိုးတာ ကြောင့် ယာယီပိတ်ထားတာပါ။ ဒီ နေ့နံနက် ၈ နာရီခွဲအချိန်ခန့်က နမ့် ပေါ်တံတား တပ်ကုန်းပေါ်နဲ့ ဘုန်းကြီးကျောင်းရှေ့တို့မှာ လက်နက်ကြီး ကျည်နှစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်'' ဟု မေ ၁၄ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။ အဆိုပါ ပြည်ထောင်စုလမ်းပိုင်းတွင် မူဆယ်ဘက်မှလာသည့် ယာဉ်အားလုံးကို မူဆယ် ၁ဝ၅ မိုင် အထွက်အနီးတွင်လည်းကောင်း၊ လားရှိုး-ကွတ်ခိုင်ဘက်မှလာသည့် ယာဉ်အားလုံးကို နမ့်ဖတ်ကာအဝင်တွင်လည်းကောင်း အသီးသီး ယာယီသွားလာခွင့်ပိတ်ထားခဲ့ပြီး နံနက် ၉ နာရီခွဲခန့်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာခွင့်ပြုခဲ့ ကြောင်း သိရသည်။


''မူဆယ်ဘက်က ထွက်လာတဲ့ခရီးသည်တင်ယာဉ်ငယ်နဲ့ ကုန်တင်ယာဉ်စုစုပေါင်း ခန့်မှန်းအစီး ရေ ၁ဝဝ လောက် စောင့်ဆိုင်းခဲ့ရတယ်။ ကွတ်ခိုင်ဘက်အခြမ်းမှာလည်း ခန့်မှန်းအစီးရေ ၁ဝဝ လောက်ပဲ စောင့်ဆိုင်းခဲ့ရပါတယ်။ အခုလိုတပ်က ကြိုတင်တားဆီး ထားတာကို ကျေးဇူးတင်တယ်။ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်တာ ပေါ့''ဟု ဗင်ကားယာဉ်မောင်း ကိုဗညားက ပြောသည်။ မေ ၁၂ ရက်က မူဆယ်မြို့ နယ်အတွင်းရှိ လုံခြုံရေးရဲကင်းစ ခန်းများနှင့် မြို့တွင်းရှိ နေအိမ်များ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက် မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း ကုန်တင်ယာဉ်ကြီးများသည် ညဘက် သွားလာမှု နည်းပါးလာပြီး နေ့အချိန်တွင်လည်း အုပ်စုဖွဲ့ကာ သွားလာကြကြောင်း သိရသည်။


TEEP,PS

#democracytoday

Rate this item
(0 votes)
back to top