ဒိုးဒိုးဒေါက်
အခုတစ်လော အကျွန်ငဒေါက်ကို ပတ်ဝန်းကျင်တိုက်ခန်းအချို့က ချောင်းမြောင်း ကြည့်ရှုနေတာ ငဒေါက်မြင်ရပေသကွဲ့။ ကြည့်ရုံတင်မကဘူး ”ဒီလူကြီးတစ်ယောက်တည်း နေပြီး ကြောင်သွားတာဖြစ်မယ်”လို့လည်းထင်ရာ မြင်ရာမှတ်ချက်လည်းပေးပြန်သကွဲ့။ သူတို့ကိုလည်း ငဒေါက်ကအပြစ်မဆိုရက်ပါလေ။ ဘောက်မဲ့ကြောင့်ဆိုသော် ငဒေါက်ကလည်း ငဒေါက်ပါပေ။ ငဒေါက်အခန်းကို ဘယ်သူပဲတံခါးလာခေါက် ခေါက် အမြဲတမ်းငဒေါက်တိုက်ခိုက်ဖို့ အသင့်ပြင်ပြီးသား။ ပြီးတော့ လက်ထဲနဲ့ဘေးဘီမှာ တင်းပုတ်တစ်ခု၊ ရဲတင်းတစ်လက်၊ လှံတစ်ချောင်း၊ လေးခွတစ်လက်၊ ကချင်ဓားတစ်ချောင်း၊ အဘိုးအမွေပေးခဲ့တဲ့ ပျော်ဘွယ်ငှက်ကြီးတောင်တစ်လက်။ သလောက်လက်နက်တွေစုံလင်လေတော့ ဘယ်သူ့ကိုကြောက်ရမတုံး။ ရန်ပြုသူကိုကြည့်ပြီး သူနဲ့ထိုက်တန်တဲ့ လက်နက်ကို အသုံးပြုရမှာမဟုတ်ပေလား။
အဲသဟာတွေကိုကြည့်ပြီး အကျွန်ငဒေါက်ငနဲ သားကို လက်နက်အားကိုးသူ၊ သွေးကြောင်သူလို့မ မှတ်လေနဲ့။ ငဒေါက်ဆိုတဲ့ငနဲဟာ ကိုယ်ခံပညာနှစ် မျိုးကြီးတောင်တတ်ထားတဲ့သူပေပ။ ဒါပေမဲ့ သဘင်အသက်ခုနစ်ရက်ဆိုသလိုသိုင်း၊ ပညာဆိုတာလည်း မလေ့ကျင့်ဘူးဆိုရင် မေ့သွားတတ်တာပဲလေ။ သင်ထားခဲ့တာကလည်း တစ်မျိုးကနှစ်ပေါင်းလေးဆယ်ကျော်။ တစ်မျိုးက နှစ် ပေါင်းသုံးဆယ်ကျော်ဆိုတော့ မေ့တေ့တေ့ဖြစ်လာ လေသပေါ့။ ဒါကို အကျွန်ငဒေါက်က နေ့လယ်ဆိုတာနဲ့ ပုဆိုးခါးတောင်းကျိုက်ပြီး သကာလ၊ မေ့နေ တဲ့သိုင်းပညာနှစ်မျိုးစလုံးကို တစ်မျိုးတည်းဖြစ် အောင်တီထွင်နေတာလေ။ ဒါကို ပတ်ဝန်းကျင် အခန်းတွေကမြင်တော့ အကျွန်ငဒေါက်ကြီးကို ကြောင်သွားပြီ လို့ထင်ကြေးပေးကြတာပ။ အကျွန်တတ်ထားတဲ့ ကိုယ်ခံပညာတွေအ ကြောင်း ရှင်းပြရပေအံ့-။ ကိုယ်ခံပညာတစ်မျိုးက ရှမ်းကြီးသိုင်း…။ နောက်တစ်မျိုးက အခုပြန်လည်နိုးထလာတဲ့ သိုင်း ပြောင်းပြန်…။
ဆိုရရင် ငဒေါက်နဲ့ ရွာကလူငယ်အချို့ကို ရှမ်းကြီးသိုင်းသင်ပေးတဲ့ဆရာက အခြားအရပ်ကနေ ငဒေါက်တို့ရွာကို တစ်ရက်ခြားကုန်ခြောက်ပစ္စည်း ထမ်းရောင်းတဲ့သူပေပ။ သင်တန်းကြေးက တစ်ဆယ့်ငါးကျပ်နဲ့တစ်မတ်ပါ။ အစွန်းထွက်ငွေတစ်မတ်က ကန်တော့ပွဲဖိုးလို့ဆိုတာပ။ သင်တန်းအဖွင့် မှာ ကန်တော့ပွဲနဲ့ကန်တော့ပြီး အားနွဲ့သူကိုအနိုင် မကျင့်ဖို့။ မတရားတာတွေ့ရင်ကူညီဖို့စတဲ့ ကတိ သစ္စာတွေဆိုရပေတယ်။ သိုင်းဆရာကြီးဟာ ဓားနှစ်လက်နဲ့ ကရင် အလွန်ကြည့်ကောင်းပေတယ်ပ။
ဆရာကြီးက ငဒေါက်တို့ကို သိုင်းကွက် ”လေးကွက်”အခြေခံပြီး လက်သိုင်းနဲ့တုတ်သိုင်းကို အရင်ဆုံးသင်ပေးတယ်။ ဒီသိုင်းကွက်ကိုပဲ ကျေညက် အောင်ဆိုပြီး လနဲ့ချီသင်ပေးနေတာလေ။ ငဒေါက်တို့ကလည်း သိုင်းလေးကွက်ကို အကျေလွန်လို့ အမှုန့်တောင်ဖြစ်နေပါပြီ။ နောက်ထပ်တစ်ဆင့်တက်ပေးပါလို့ဆိုတဲ့အချိန်ကစပြီး ဆရာကြီးလည်း ပေါ်မလာတော့ပါဘူးခင်ဗျာ။ နောင်အခါ သတင်း များအရတော့ ဆရာကြီးဟာ ရှမ်းသိုင်းအကပဲကတတ်ပြီး၊ သိုင်းလေးကွက်ကလည်း သူ့ရဲ့ပညာ အကုန် လို့သိရတဲ့သကာလ၊ ငဒေါက်တို့ရဲ့ရှမ်းကြီး သိုင်းသင်တန်းရှည်ကြီးလည်း ရပ်နားသွားပါတော့တယ်ဗျား။ အဲဒီနောက် ငဒေါက်ဝန်ထမ်းဘဝမှာ သိုင်း ပြောင်းပြန်ဆရာတစ်ယောက်နဲ့ တွေ့ရပြန်ပကော။ ဒီအချိန်မှာလည်း တက်ကြွနေတုန်းအချိန်မို့ သိုင်းပိုးက မသေဆွေ့ဆွေ့ခုန်နေတုန်းပဲလေ။
ဆရာဟာ သိုင်းပြောင်းပြန်ပညာကို ကျွမ်းကျင်တဲ့အပြင် ကိုယ်ခန္ဓာအချိုးအစားကလည်း အလွန်သန်မာတောင့်တင်းသူပေတည်း။ သူ့ကို အမှတ်တမဲ့ကြည့်ရင် ဂျပန်ရုပ်ရှင်ဇာတ်ကားထဲမှ နွားရိုင်းကိုသတ်နိုင်တဲ့ ကရာတေးဇာတ်လိုက်”အိုယားမား”လိုပဲပ။ ပြောရရင် သူဟာ သိုင်းပညာမတတ်ဘူးပဲထား၊ လူလေးငါးယောက်လောက်တော့ ဆွဲကိုင်ပေါက်နိုင်သူဖြစ်ပေတယ်။ အဲသလောက် တောင့်တင်းသန်မာတာလေ-။ နောင်အခါ ဆရာဟာရဲတပ်ဖွဲ့မှာ ဒုရဲအုပ် အဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဓားကိုင်ဒုစရိုက်သမားများကို အကြိမ်ကြိမ်အနိုင်ယူဖမ်းဆီးနိုင် တယ်ဆိုတဲ့ သတင်းကောင်းတွေကို ကြားရတယ်ပ။ (ရဲတပ်ဖွဲ့မှာ ဆရာ့လိုတပ်ဖွဲ့ဝင်များ လိုအပ်ပါသည်) ဆိုရရင် ဆရာဟာ ပညာသင်ကြားပေးတဲ့အခါ အလွန်စေတနာကောင်းသူလည်းဖြစ်ပေတယ်။ သင်တန်းချိန်ကို ဘယ်တော့မှအပျက်မခံ။ဆရာကသင်တန်းမပျက်တော့ တပည့် ငဒေါက်ကသာ သင်တန်းပျက်လေသတတ်။
အဲဒီတုန်းက ငဒေါက်ဆိုတဲ့ငနဲဟာ ဆွေသဟာ များနဲ့ သောက်ကောင်းတုန်း၊ စားကောင်းတုန်းသာ ပ။ နေညိုရင်လေပြိုတဲ့အခါ သမယပါပေ။ ဒီ့နောက် အကျွန်ငဒေါက်ရဲ့ ကိုယ်ခံပညာအ တတ်သင်ကျောင်းလည်း အလိုလိုပျက်သွားလေတော့တယ်။ ဆရာ့ထံမှ အကျွန်ရလိုက်တဲ့သိုင်းပညာက သိုင်းကွက်”လေးကွက်”တိတိပဲဖြစ်လေသဗျ။ အကျွန့်ရဲ့သိုင်းပညာဆည်းပူးခန်းကို ပြန် လည်သုံးသပ်ရသော်၊ ပထမဦးဆုံးသင်ခဲ့ရတဲ့(ဝါ)အပတ်တကုတ် သင်ယူလေ့ကျင့်ခဲ့ရတဲ့ ရှမ်းကြီးသိုင်းကို ဆရာကြီးဆီက ငဒေါက်သိမ်းပိုက်ရယူခဲ့တဲ့ သိုင်းပညာက ”လေးကွက်”-။ ပြီးနောက် ဒုတိယအကြိမ် သိုင်းပြောင်းပြန် ဆရာထံက မတက်တစ်ချက်၊ တက်တစ်ချက်နဲ့ ပညာရည်နို့သောက်စို့ ဆည်းပူးရယူခဲ့တဲ့သိုင်းပညာ ကလည်း ”လေးကွက်”…။ နှစ်ရပ်ပေါင်းသော် သိုင်းကွက် ”ရှစ်ကွက်”လို့ထင်ရပေမယ့် သိုင်းပညာ ရဲ့ အခြေခံအကွက်ချည်းပဲဖြစ်နေတဲ့အတွက် ငဒေါက်ရရှိခဲ့တဲ့သိုင်းပညာက ”အခြေခံလေးကွက်”ပဲဖြစ်လေစွ။
ဘာပဲဖြစ်ဖြစ် ငဒေါက်တစ်ယောက် တတ်ထား ခဲ့တဲ့သိုင်းပညာတွေကို ဘာကြောင့် အခုမှပြန်လည် လေ့ကျင့်နေသလဲဆိုတာကတော့ အကြောင်းရှိသ ပေါ့ဗျာ။ ဘဇာကြောင့်လဲ။ အကျွန်ငဒေါက်မရှင်းခင် နေပြည်တော်အ ကြောင်း နောက်ကြောင်းရွှေ့ကြည့်ကြရအောင်လား-။ နေပြည်တော်…။ ဟိုအရင်က နေပြည် တော်မြို့တော်သစ်…။ နာမည်ကြားတာနဲ့ ရန်ကုန်သူရန်ကုန်သားတွေ အတော်နှာခေါင်းရှုံ့တဲ့နာမည်သာပ။ ရန်ကုန်လူထု က လျှပ်စစ်မီးမမှန်တဲ့ဒုက္ခကို ခံစားရလေ၊ လျှပ်စစ် မီးထိန်ထိန်သာတဲ့ နေပြည်တော်ကို အသံတောင်မ ကြားချင်လေ။ သူတို့တစ်တွေအသံမကြားချင်သလို ဖုန်တသောသောတောထဲမှာ အလုပ်ဆင်းနေရတဲ့ ဝန်ထမ်းတွေကလည်း အတော်ခံစားရပေတယ်ပ။ တချို့အလုပ်ထွက်ကြတဲ့အထိ နေပြည်တော်ကို ခြေကန်ပြေးကြသပေါ့-။ ဒါပေမဲ့ ဘယ်သို့ဆိုစေ၊ ဝန်ကြီးဌာနနဲ့ အစိုး ရအဖွဲ့တွေရုံးစိုက်ရာမြို့တော်မို့ နေပြည်တော်ဆို တာနဲ့ အရေးကိစ္စတစ်ဝက်ပြီးသွားတယ်ပ။ တယ်လီ ဖုန်းကနေ ”ကျွန်တော်နေပြည်တော်ကပါ”လို့ပြော လိုက်တာနဲ့ တစ်ဖက်က ပျာလောင်ခတ်သွားပြီ။
သလို အရှိန်အဝါကောင်းခဲ့တဲ့မြို့တော် နေပြည်တော်။
သမ္မတရုံးစိုက်ရာ နေပြည်တော်မဟုတ်ပါ လော…။ အခုတော့ အိမ်ခေါင်မိုးမီးတက်ရှို့ခံရပါပ ကောလား…။ ဒီသတင်းကိုကြည့်…။ ဒီဇင်ဘာလ ၁ဝ ရက်နေ့က နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်ရှိ အရာရှိတိုက် ခန်းတစ်ခန်းမှာ ဦးပဉ္ဇင်းအယောင်ဆောင်ပြီး လု ယက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူက ဒက္ခိဏသီရိမြို့နယ်မှာ ကျူးကျော်နေထိုင်သူဖြစ်ပါ သတဲ့။ (နေပြည်တော်ကျူးကျော်များနဲ့ ပတ်သက်ပြီး သန်းဦး(လေးမျက်နှာ)က ”ကျူးတို့၏မာယာရှင်း ဖို့ရန်ခက်ပါဘိ”ဆောင်းပါးကို ဒီမိုကရေစီသတင်း စာမှာ အကြံပြုရေးသားတင်ပြပြီးဖြစ်လို့ အကျယ်ချဲ့မရေးလိုတော့ပါ) ကျူးလွန်သူရဲ့ဖြစ်စဉ်မှာ လူပုဂ္ဂိုလ်ထိခိုက် အနာတရမဖြစ်ပေမယ့် ဒါကိုပေါ့သေးသေးတော့တွက်လို့မရ။ မီးပွားလေးကို အချိန်မီမငြှိမ်းသတ်နိုင်ပါက မီးတောက်မီးလျှံဖြစ်လာမှာ မလွဲဧကန်ပဲပ။ ဒါဟာ နေပြည်တော်ဝန်ထမ်းအိမ်ရာတွေအတွက် ပထမဆုံးတပ်လှန့်သံ-။ အထူးသဖြင့် လူနေ ကျဲတဲ့အရာရှိတိုက်ခန်းတွေအတွက် ရတက်မအေး စရာပေပ။ မိမိတို့က အလုပ်သွားကြရပြီး အိမ်မှာ ထားခဲ့ရတဲ့ ကလေးငယ်များနဲ့ သက်ကြီးရွယ်အို အရေးဟာ နောက်ကျောမလုံရတဲ့ အရေးပါလား။
နေပြည်တော်ဝန်ထမ်းလိုင်းတွေမှာ အယောင် ဆောင်အရေခြုံသော နုတ္ထိုလ်တွေအတွက် စား ကျက်တစ်ခုပါပေ။ တံခါးကို တဗုန်းဗုန်းရိုက်ပြီး အနုကြမ်းစီးသလို အလှူခံကြတာလည်း အကြိမ် ကြိမ်ပါပဲ။ အကျွန်တို့ကလည်း ဗုဒ္ဓဘာသာဝင်ဆို တော့ စစ်ဆေးမေးမြန်းတာမရှိသလို၊ ”သူတို့ဖြစ်သူတို့ခံ”ဆိုတဲ့ တရားသေအယူအဆဟောင်းဟာ သူတို့အတွက် အားသာချက်ပေးထားသလိုဖြစ်ပါတယ်။ ဒါဟာသာသနာကိုညစ်နွမ်းစေတဲ့အပြင် အဆိပ်ပင်ရေလောင်းပေးတာနဲ့ အတူတူပေပ။ ပြီးတော့ ငဒေါက်ငနဲသားပြောပေါင်းတော့ များပြီလေ။ ဒါကတော့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ…။ မိသားတစ်စုလုံး ရက်စက်စွာသတ်ဖြတ်ခံရ၊ ဂုဏ်သိက္ခာမဲ့စွာ အဓမ္မကျင့်ခံရ။ ရက်ရက်စက် စက်အသတ်အဖြတ်ခံရသူနဲ့ ရက်ရက်စက်စက်ပြု လုပ်သူ၊ နှစ်ဖက်ရှိရာမှာ လူ့အခွင့်အရေးတို့ လူ့ဂုဏ်သိက္ခာတို့ဆိုတာ ဘယ်သူ့အတွက်လဲလို့ ဥာဏ်မမီတဲ့ငဒေါက် မသိလို့မေးပါရစေလားခင်ဗျာ။
ဘာကြောင့်လဲတော့မသိ။ ထစ်ခနဲရှိတာနဲ့ လူသတ်ဖို့ဝန်မလေး။ အခွင့်ရေးကြုံတာနဲ့ မုဒိမ်းပြုဖို့ ဝန်မလေးကြဘူး။ မှုခင်းတွေကလည်း မကြုံဖူး၊ မကြားဖူး။ နေ့ခင်းကြောင်တောင် အိမ်ပေါ်တက်လူ သတ်ဝံ့ကြပြီ။ ကျောင်းအုပ်ဆရာမကြီးရုံးခန်းထဲဝင်ပြီး အကြမ်းဖက်ရိုက်နှက်ကြပြီ။ လူမှုကွန်ရက်ထဲမှာ တရားရုံးက အမိန့်ချမှတ် လိုက်တဲ့ သေဒဏ်အမိန့်ကို ပြစ်မှုတရားခံက မျက်နှာမပျက်၊ ပြုံးတုံ့တုံ့တောင်လုပ်နေသေးတယ်လို့ ဖတ်လိုက်ရတယ်ပ။ သူတို့ဟာ သေချင်းတရား သဘောကိုနားလည်နေလို့လား၊ ဒါမှမဟုတ် အပြုံးရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဘယ်လိုသိထားသလဲဆိုတာကိုတော့ အကျွန်ငဒေါက်မ ပြောတတ်ပေပ။ ဘာလိုပဲဖြစ်ဖြစ်ပေါ့။ နေပြည်တော်ဝန်ထမ်း တိုက်ခန်းမှာနေတဲ့ အကျွန်ငဒေါက်ကတော့ တိုက်ပွဲဝင်အသင့်ဖြစ်နေဖို့ မိမိတတ်ထားခဲ့တဲ့သိုင်းကွက် ”လေးကွက်”ကိုတော့ ကျေညက်အောင် ပြန်လည် လေ့ကျင့်နေရမှာ မဟုတ်ပါလားခင်ဗျာ။ ။
ဒိုးဒိုးဒေါက်
#democracytoday
Discussion about this post