ရန်ကုန်၊ မတ် ၁ဝ
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး ရေးတက္ကသိုလ်တွင်ဖွင့်လှစ်မည့် မဟာပညာရေးဘွဲ့ နှစ်နှစ်သင်တန်းကို ပညာရေးဝန်ထမ်း လုပ်သက်တစ်နှစ်ရှိသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် မဟာပညာရေးဘွဲ့ နှစ်နှစ်သင်တန်းကို ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ၊ သင်ပြနည်း ဘာသာရပ်သုံးခုအားဖွင့်လှစ်ပို့ချ မည်ဖြစ်ရာ သက်ဆိုင်ရာခရိုင်အလိုက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ဆင်း ဆရာ၊ ဆရာမများအနက် ပညာရေးဝန်ထမ်းအဖြစ် လုပ်သက်တစ်နှစ်တာ ဝန်ထမ်းဆောင်ပြီးသူများ၊ ပညာရေးဘွဲ့ရရှိပြီး မဟာပညာရေးဘွဲ့ သင်တန်းတွင်တက် ရောက်ရန်အဆင့်မီသူများ၊ မဟာဒဿနပညာရေးဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ကြောင်း ပြည် ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ သိရသည်။
”ခေါ်တာကတော့ ဒီကျောင်းကနေ သင်တန်းဆင်းပြီးသားသူ တွေကို ပြန်ပြီးခေါ်တာပေါ့။ ဒီ ကျောင်းကနေ ဘီအီးဒီငါးနှစ်သင်တန်းက ဆင်းသွားတဲ့သူတွေက ဒေသအသီးသီးမှာ ရှိကြတယ်။ သူတို့တွေထဲက လုပ်သက်တစ်နှစ် တာဝန်ထမ်းဆောင်ပြီးတဲ့သူတွေကို လျှောက်ထားခွင့်ပေးတာ။ လျှောက်မယ်ဆိုရင် ကိုယ့်မြို့နယ်မှာရှိတဲ့ ပညာရေးမှူးတွေကနေတစ်ဆင့် လျှောက်ထားနိုင်ပါတယ်”ဟု ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ဒီမိုကရေ စီတူဒေးသို့ မတ် ၁ဝ ရက်က ပြောကြားသည်။ ယင်းသင်တန်းကို လျှောက်ထားလာသူများထဲတွင် မဟာဒဿနပညာရေးဘွဲ့ရရှိပြီးသူများ ပါဝင်ပါက ဝင်ခွင့်အရည်အချင်းစစ်စာ မေးပွဲဖြေဆိုရန် မလိုအပ်ဘဲ သတ်မှတ်ချက်နှင့်ကိုက်ညီသော အခြား လျှောက်ထားသူများသည် မေလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် အင်္ဂလိပ်စာဘာသာရပ်၊ သက်ဆိုင်ရာ အထူးပြုဘာသာရပ်များကို အရည်အချင်းစစ်စာမေးပွဲအဖြစ် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတက် ရောက်ရာတွင် လျှောက်ထားသူများအနေဖြင့် လျှောက်လွှာတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ရှိ ပညာဌာနများတွင် တာဝန်ထမ်းဆောင်လိုခြင်း ရှိ၊ မရှိကို ဖော်ပြလျှောက် ထားရမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲ အောင်မြင်သူများထဲမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး ရေးတက္ကသိုလ်တွင် တာဝန်ထမ်း ဆောင်လိုသူများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဝင်ခွင့်လျှောက်ထားလိုသူများသည် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများတွင် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ATK
#Democracytoday
Discussion about this post