ရန်ကုန်
အမြန်လမ်းပေါ်တွင် အန်စာတုံးကား မီးလောင်၍ လူရှစ်ဦး သေဆုံးခဲ့မှုတွင် ယာဉ် မောင်းဖြစ်သူအား အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်ကို အမြင့်ဆုံးပြစ်ဒဏ်များအဖြစ် မတ် ၂၁ ရက်က လှည်းကူးမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ အဆိုပါအမှုမှ ယာဉ်မောင်းဖြစ်သူ ဇွဲမြန်မာ အောင်ခန့်(ခ)အောင်ခန့်အား လှည်းကူးမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီးဥပဒေ ၃ဝ၄(က)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉ တို့အရ စွဲချက်တင်စစ်ဆေး ခဲ့ခြင်းဖြစ်သည်။
”ပေါ်ပေါက်တာတော့ သူသည် အမြန် လမ်းမကြီးပေါ်မှာ ယာဉ်အရှိန်ကို မိုင် ၁၁ဝ နှုန်းနဲ့ မောင်းနှင်တယ်။ အဲဒါ ဘာကြောင့်ပြော နိုင်လဲဆိုတော့ ပွတ်တိုက်တဲ့အရှိန်က ပေ ၁ဝဝ ခန့်အရှိန်နဲ့ ပွတ်တိုက်တဲ့အတွက် ဆီတိုင်ကီ ကြီးက ကွဲထွက်သွားတယ်။ လမ်းဘောင်က ၉၁ ပေလောက် ပျက်စီးသွားတယ်။ အဲဒီလောက် ဖြစ်လောက်အောင်အထိ အရှိန်ကများတယ်။ များတဲ့အတွက်ကြောင့် ယာဉ်ပေါ်ပါလူရှစ်ဦးက မီးလောင်ကျွမ်းခဲ့ရတယ်။ ယာဉ်တစ်စီး လုံးလဲ မီးလောင်ကျွမ်းခဲ့ရတယ်။ အဲဒီလောက် အထိဖြစ်ရတာသည် သူသည် ယာဉ်ကို အရှိန် ပြင်းစွာမောင်းနှင်လို့၊ ပေါ့ဆစွာ မောင်းနှင်လို့ ပေါ့။ အဲဒီလိုမျိုး သုံးသပ်တွေ့ရှိပါတယ်”ဟု လှည်းကူးမြို့နယ်တရားရုံး သတင်းနှင့်ပြန်ကြား ရေးအရာရှိက ပြောသည်။ ထိုကဲ့သို့ စစ်ဆေးပေါ်ပေါက်သည့်အ တွက်ကြောင့် ပုဒ်မ ၃ဝ၄(က)အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်၊ ပုဒ်မ ၂၈၅ အရ အလုပ် နှင့်ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၂၇၉ အရ အလုပ် နှင့်ထောင်ဒဏ် နှစ်နှစ်တို့ကို အမြင့်ဆုံးပြစ်ဒဏ်များအဖြစ် သတ်မှတ်ကာ သီးခြားစီကျခံရမည် ဖြစ်ကြောင်း အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
”စွဲချက်တင်တဲ့ပုဒ်မအတိုင်း စစ်ဆေး ပေါ်ပေါက်လို့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ CID ရဲ့ အမှုစစ်ထွက်ဆိုချက်အရ သူ့မှာ ယာဉ်မောင်း အတွေ့အကြုံမရှိဘူး။ တစ်နှစ်ခန့်ပဲရှိတယ်။ ဒီလိုယာဉ်မျိုးကို ကျွမ်းကျင်စွာ မောင်းနှင်လေ့ မရှိဘူးပေါ့။ အမြင့်ဆုံးပြစ်ဒဏ်လဲဖြစ်တယ်။ သီးခြားစီလဲဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ၂၂ ဦး၊ တရားခံပြသက်သေ သုံးဦးနှင့် ပြန် ခေါ်သက်သေ လေးဦးတို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ လအတွင်းက ဆဋ္ဌဂံဆောက်လုပ်ရေးကုမ္ပဏီမှ ဝန်ထမ်းများစီးလာသည့် ဘုရားဖူးယာဉ်သည် ရန်ကုန်-မန္တလေး အမြန်လမ်းမ ၄ မိုင် ၂ ဖာလုံတွင် လမ်းလယ်ပေါင်အား ဝင်တိုက်မိရာမှ မီးလောင်ကျွမ်း၍ ယာဉ်ပေါ်တွင်ပါရှိသူ လူရှစ်ဦးခန့် မီးလောင်သေဆုံးခဲ့သည်။
မင်းဗညား
#theyangontimes
Discussion about this post