ရန်ကုန်၊ ဇွန် ၃
၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တိုင်းဒေသကြီးနှစ်ခုနှင့် ပြည်နယ်နှစ်ခုရှိ အခြေခံပညာကျောင်း ၇ဝ ကျော်တွင် အောင်မြင်သူလုံးဝမရှိခဲ့ ကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ဇွန် ၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး တိုင်းဒေသကြီး ပြည်နယ်အလိုက် အောင် မြင်သူလုံးဝမရှိခဲ့သော အခြေခံပညာကျောင်းများလည်းရှိခဲ့ကြောင်း၊ ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွင် အောင်ချက်အနည်းဆုံးဒေသဖြစ်သည့် ချင်းပြည်နယ်တွင် အောင်မြင်သူ လုံးဝမရှိခဲ့သော အခြေခံပညာကျောင်း ၂၈ ကျောင်း၊ မကွေးတိုင်း ဒေသကြီးတွင် ၁၆ ကျောင်း၊ ရခိုင်ပြည်နယ်တွင် ကျောင်းပေါင်း ၂ဝခန့်နှင့် ယခင်နှစ်ကထက် အောင်ချက်ရာခိုင်နှုန်းတက်လာ သော ပဲခူးတိုင်းဒေသကြီးတွင် ခုနစ်ကျောင်း၊ စုစုပေါင်း ၇၁ ကျောင်းရှိကြောင်း တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးများမှ သိရသည်။
”ကျွန်မတို့ဘက်မှာ အောင်မြင်သူ လုံးဝ မရှိတဲ့ကျောင်းက ၂၈ ကျောင်းရှိပါတယ်။ အထက်တန်းကျောင်းပေါင်း ၉ဝကျော်ရှိတယ်။ ဒီလိုအောင်ချက်နည်းတယ်ဆိုတာကလည်း ကျောင်းသားဦးရေလည်း နည်းတယ်။ တချို့ကျောင်းတွေဆိုရင်တက်တဲ့ ကျောင်းသားက လေးယောက်၊ ခုနစ်ယောက်၊ ၁၂ ယောက်လောက်ပဲရှိတယ်။ အများဆုံး ၉၆ ယောက်နဲ့ ၄ဝ ကျော်လောက်ပဲရှိတယ်။ ဒီဘက်က ကလေးတွေက အခြေခံလည်း နည်းတယ်။ ပြီးတော့ တကယ်တော်တဲ့ ကျောင်းသား၊ ကျောင်းသူကျတော့ ကလေး မြို့တို့ မန္တလေးမြို့တို့ဘက်တွေမှာသွားပြီး ဖြေကြတယ်။ အားနည်းတဲ့ကလေးတွေ လောက်ပဲ ကျန်ခဲ့တယ်”ဟု ချင်းပြည်နယ် ပညာရေးမှူးက ဒီမိုကရေစီတူဒေးသို့ ဇွန် ၃ ရက်က ပြောကြားသည်။ အခြေခံပညာဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွင် အောင်ချက်လုံးဝမရှိသော အခြေခံပညာကျောင်းများ၏စာရင်းများကို မြို့နယ်အလိုက် ဇွန် ၃ ရက် နောက်ဆုံးထားပြီး စာရင်းပြုစုတင်ပြရန်အတွက် ညွှန်ကြားထားပြီး အောင်ချက်လုံးဝမရှိသောကျောင်းများကို လိုအပ်သည်များဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
”ကျွန်တော်တို့ဘက်ကတော့ ဒီနှစ် အဆင့်ရှစ်မှာရှိပါတယ်။ မနှစ်က ၁ဝ ဆိုတော့ အောင်ချက်ရာခိုင်နှုန်းတက်လာတယ်။ အောင်တဲ့သူတော့ နည်းတယ်။ အောင်ချက်လုံးဝ မရှိတာဆိုရင် တစ်တိုင်းလုံးအနေနဲ့ဆိုရင် ခုနစ်ကျောင်းရှိပါတယ်။ ကိုယ်ပိုင်ကျောင်း တစ်ကျောင်းနဲ့ အခြေခံပညာကျောင်း ခြောက် ကျောင်းပေါ့။ အောင်ချက်နည်းတယ်ဆိုတာကလည်း ကျောင်းအသစ်တွေ ဖွင့်တာလည်းပါတယ်။ ဆရာတွေကလည်း အတွေ့ အကြုံ နည်းသေးတာလည်းပါတာပေါ့။ဆရာ အင်အားကတော့ လုံလောက်ပါတယ်”ဟု ပဲခူးတိုင်းပညာရေးမှူး ဦးကျော်ဆင့်က ပြောသည်။ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွင် ကျောင်းသား၊ ကျောင်းသူခုနစ် သိန်းရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပြီး ငါးသောင်းသုံးထောင်ကျော် ကျရှုံးခဲ့ ကြောင်း သိရသည်။
ATK
#democracytoday
Discussion about this post