HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မျိုးစေ့ ဘူးကလေး

မျိုးစေ့ ဘူးကလေး

ကိုကို (စက်မှုတက္ကသိုလ်)

 

အကြီးမားဆုံးရောဂါက တီဘီရောဂါမဟုတ်။ အနာကြီးရောဂါလည်းမဟုတ်။

လိုလားခြင်းမခံရတဲ့၊ ချစ်ခြင်းမခံရတဲ့၊ ဂရုစိုက်ခြင်းမခံရတဲ့ရောဂါသာဖြစ်တယ်။

ရုပ်ပိုင်းဆိုင်ရာရောဂါတွေကို ဆေးဝါးနဲ့ကုသပေးလို့ရတယ်။ ဒါပေမဲ့ အထီးကျန်တာ၊

လက်မှိုင်ချပြီး မျှော်လင့်ချက်ပျက်သုဉ်းရတာတွေအတွက်ကတော့ မေတ္တာနဲ့သာကုသပေးရပါတယ်။

မုန့်တစ်ဖဲ့လေးအတွက်ကို လူတွေအများကြီး ကမ္ဘာပေါ်မှာ သေအံ့မူးမူးဖြစ်နေကြရတယ်။

ဒါပေမဲ့ အနည်းငယ်မျှသော ချစ်ခြင်းမေတ္တာအတွက်ကိုတော့ ဒီထက်အများကြီးပိုတဲ့လူတွေခမျာ အသက်ငင်နေကြရတယ်။

- မာသာထရေဇာ

ညီအစ်မလေးယောက်ထဲမှာ ကျွန်မကအငယ်ဆုံး တစ်ဦးအနေနဲ့ အဘွားလုကို မိသားစုတွေ့ဆုံပွဲတိုင်းမှာ တွေ့ရတတ်ပါတယ်။ အဘွားနာမည်ရင်းက လူစင်ဒါမေးဟာမစ်ရှ်ပါ။ အဘွားက ပိန်ပိန်သွယ်သွယ်၊ အရပ်ရှည်ရှည်၊ ကျစ်ဆံမြီးကျစ်ထားတတ်ပြီး ထက်ထက် မြက်မြက်ပုံစံရှိသူတစ်ဦးပါ။ မိသားစုထဲမှာတော့ အဘွားက သူမတူတဲ့ ဥယျာဉ်မှူးတစ်ဦးဆိုတာ ငြင်းမရအောင်ပါပဲ။ အဘွားက ကမ္ဘာ့စီးပွား ပျက်ကပ်ကာလမှာကြီးပြင်းလာခဲ့သူဆိုတော့ ပစ္စည်းအဟောင်းတစ်ခုကို နှစ်ကြိမ်ရအောင်သုံးတယ်။ သုံးမရအောင်ပျက်စီးသွားရင်တော့ အဲဒီပစ္စည်း ကို သူ့ရဲ့ခြံထဲမှာ ထပ်သုံးဖြစ်အောင် သုံးလိုက်သေးတယ်။

အဘွားလုလာလည်တိုင်း သူနဲ့အတူ သူ့မျိုးစေ့တွေကို စာအိတ်အပိုင်းအစတွေနဲ့ပတ်ယူလာလေ့ရှိတယ်။ အညွှန်းစာတွေကိုလည်း စာအိတ်ပေါ်မှာရေးထားလိုက် သေးတယ်။ အဘွားလက်ရေးကလေးတွေက ရှင်းရှင်း လင်းလင်းနဲ့ စာလုံးတွေက လေးထောင့်စပ်စပ်တွေ။ အဘွားက ကျွန်မတို့တစ်တွေကို မျိုးစေ့တွေ တစ်မျိုးစီ ပေးတယ်။ ကျွန်မအစ်မသုံးယောက်အတွက် အဘွားက အမြဲတမ်း ခရမ်းချဉ်သီး၊ မုန်လာဥနီနဲ့ ထပ်တစ်ရာပန်းမျိုး စေ့တွေပေးလေ့ရှိတယ်။ အစ်မတွေက သိပ်ပြီးစိတ်မရှည်တဲ့၊ လက်လွတ်စပယ်အပင်စိုက်သမားတွေပါ။ အဘွားက ကျွန်မအတွက်ကိုတော့ ဂရုတစိုက်စိုက်ပျိုးရတဲ့ မျိုးစေ့တွေ ချန်ထားတတ်တယ်။


ဒုတိယအစ်မကြီးရဲ့မင်္ဂလာဆောင်မှာ အဘွားလုက အသက် (၈၄)နှစ်ရှိနေပြီ။ တစ်ယောက်တည်းနေပြီး သူ့စိုက်ခင်းအကျယ်ကြီးကို သူကိုယ်တိုင် ပေါင်းသင်နေတုန်း။ ကျွန်မအစ်မတွေ အားလုံးရဲ့မင်္ဂလာပွဲတွေကို အဘွားလာတယ်။ အစ်မဂျယ်နီရဲ့ပွဲမှာ အဘွားလုက မေဆင်ဖန်ဘူးထဲ မျိုးစေ့တွေကို အလွှာလိုက်ထည့်ပြီး လက်ဆောင်ပေးတယ်။ ရောင်စုံမျိုးစေ့တွေက ဗိုက်ပူပူဖန်ဘူးထဲ ရစ်ခွေနေပြီး မျိုးစေ့ခပ်လေးလေးတွေက ဘူးအောက်ခြေမှာရောက် နေတယ်။ ဘူးကို အရောင်တောက်နေတဲ့ကြေးဝါအဖုံးဖုံးထားပြီး ဖဲကြိုးလေးကိုစည်းနှောင်ပေးထားတယ်။ ဖန်ဘူးထဲတစ်သက်တာသုံးရတဲ့ မျိုးစေ့တွေကို ဖိသိပ်ထည့်ထားပေးတာပါ။ အသစ်စက်စက်စုံတွဲအတွက် ဥယျာဉ်အပြည့် စားစရာတွေပါ။


နှစ်နှစ်အကြာမှာ အဘွားလုတစ်ယောက် လေဖြတ်သွားရှာတယ်။ အိမ်ထဲမှာ အဘွားကအကူအညီနဲ့ နေ လာရတယ်။ အဲဒီနှစ်ကျွန်မမင်္ဂလာပွဲကို အဘွားမတက်နိုင်ခဲ့ပေမယ့် တောက်တောက်ပပ မင်္ဂလာလက်ဖွဲ့တွေကြားထဲမှာ အဘွားရဲ့လက်ဖွဲ့ မေဆင်ဖန်ဘူးကလေးကို ကျွန်မ တွေ့လိုက်ရတယ်။


ဒါပေမဲ့ ကျွန်မရတဲ့မျိုးစေ့ဘူးကလေးက ကျွန်မထက် အရင်အစ်မတွေရတာနဲ့ လုံးဝမတူဘူး။ အရင်တုန်းကလို မျိုးစေ့တွေက ကြွကြွရွရွအလှဆင်မနေဘူး။ အစေ့တွေကို ခေါင်းအုံးစွပ်ထဲ စွန့်ပစ်လိုက်ပြီး အဲဒီအစေ့တွေကို ဖန်ဘူး ထဲ ဝေါခနဲသွန်ချထားသလိုပဲ။ မျိုးစေ့တွေထည့်ထားပုံက ဖြစ်ကတတ်ဆန်းနိုင်လွန်းနေတယ်။ အဖုံးကလည်း နောက်မှအကြံရလို့ ကောက်စွပ်လိုက်သလိုမျိုး။ သံချေးတွေပေပြီး ဟောင်းနွမ်းနေတယ်။ ဒါပေမဲ့ ဒါဟာ အဘွားရဲ့ကျန်းမာရေး ဘယ်လိုအခြေအနေရှိနေပြီလဲဆိုတာ ပြသနေတာပဲလို့ ကျွန်မအောက်မေ့ပြီး ဒီလိုနူးညံ့လှတဲ့အစဉ်အလာတစ်ခု အဘွားထိန်းထားတာကို ကျွန်မကျေးဇူးတင်လို့မဆုံး ဖြစ် ရပါတယ်။


ကျွန်မရဲ့သတို့သား မတ်ခ်ကမြို့မှာ အလုပ်ရလို့ ကျွန်မတို့မြို့ပေါ်က တိုက်ခန်းသေးသေးကလေးတစ် ခန်းကို ပြောင်းရွှေ့ကြရပါတယ်။ သစ်ပင်စိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ အဲဒါကြောင့် ဖန်ဘူးကလေးကို ကျွန်မတို့ဧည့်ခန်းထဲမှာ ထားလိုက်တယ်။ တစ်ချိန်ချိန်ကျ ခြံထဲပြန်ပို့ရမယ်ဆိုတာကို သတိပေးနေတဲ့သဘောပါ။ ကျွန်မ အမြွှာကလေးနှစ်ယောက်မွေးတဲ့နှစ်မှာ အဘွားလုဆုံးရှာတယ်။ သားနှစ်ယောက် လေးဖက်တွားသွားတဲ့အရွယ်ရောက်တော့ ကျွန်မရဲ့ရတနာဘူးကလေးကို သူတို့လက်လှမ်းမမီနိုင်တဲ့ ရေခဲသေတ္တာအပေါ်မှာ တင်ထားလိုက်ရတယ်။


အိမ်တစ်အိမ်ကို ကျွန်မတို့ထပ်ပြောင်းဖြစ်တော့ လည်း ခြံဝင်းထဲမှာ နေရောင်က ကောင်းကောင်းမရလို့ အပင်စိုက်လို့မရဖြစ်ခဲ့ရပါတယ်။ အပင်တွေလိုပဲ သားတွေက အကြီးမြန်လိုက်ကြတာ။ အချိန်တန်တော့ သားနှစ်ယောက်လည်း အိမ်ကခွဲထွက်သွားကြတယ်။ မတ်ခ်ကလည်း ပင်စင်ယူဖို့ပြင်နေပြီ။ မတ်ခ်တစ်ယောက် အပျင်းပြေငါးမျှားနိုင်ပြီး အပင်တွေစိုက် လို့ရမယ့် နေရာကလေးတစ်နေရာအတွက် စီစဉ်ကြရင်း တိတ်ဆိတ်လွန်းတဲ့ညနေခင်းတွေကို ကျွန်မတို့ကုန်ဆုံးကြ ရပါတယ်။


နောက်တစ်နှစ်အကြာမှာ အရက်မူးနေတဲ့သူတစ်ဦး မောင်းတဲ့ကားနဲ့ မတ်ခ်အတိုက်ခံလိုက်ရတယ်။ မတ်ခ် တစ်ယောက် ကိုယ်တစ်ပိုင်းသေသွားရတယ်။ ဘဏ်ထဲမှာ စုထားသမျှပိုက်ဆံတွေကို မတ်ခ်ကိုယ်လက်လှုပ်ရှားကုထုံး အတွက်သုံးလိုက်ရတယ်။ လက်မောင်းနဲ့ လက်တွေကတော့ နည်းနည်းလှုပ်လို့ရလာတယ်။ ဒါပေမဲ့ နေ့စဉ်လုပ်ရမယ့် အလုပ်တွေအတွက်က သူနာပြုတစ်ယောက်ဆက်ထား နေရတယ်။


ဆေးရုံကိုပြေးရ၊ ပိုက်ဆံအတွက်ပူရနဲ့ ကျွန်မအတော် ကလေးကို ပင်ပန်းနွမ်းနယ်လာရတယ်။ မတ်ခ်က ချုံးချုံးကျသွားလိုက်တာ၊ ခန္ဓာကိုယ်က တစ်ဝက်လောက်ပဲကျန် တော့တယ်။ သူ့ကို ကျွန်မကိုယ်တိုင် ပြုစုရတော့မယ့်အချိန် မကြာမီရောက်လာတော့မယ်။ ဒါပေမဲ့ တစ်ဝက်လောက်ပဲ ကျန်တဲ့သူ့ကိုယ်ကိုတောင် ကျွန်မ မပြီး ခုတင်ပေါ်ရွှေ့နိုင်မှာ မဟုတ်ဘူးဆိုတာလည်း ကိုယ့်ကိုယ်ကိုယ်သိနေတယ်။ ကျွန်မဘာဆက်လုပ်ရမှန်းကိုမသိတော့။ နေ့သူနာပြုလည်း ကျွန်မတို့က မငှားနိုင်။ အချိန်ပြည့်ပြုစုပေးနိုင်တဲ့ အိမ် တွေလိုမျိုးဆိုတာ ကျွန်မတို့နဲ့ ဝေလာဝေး။


ကျွန်မကိုယ်ကျွန်မပြန်ကြည့်လိုက်တယ်။ ကျွန်မသိပ်ပင်ပန်းနေပြီ။ ထမင်းတောင် စားချင်စိတ်မရှိတော့။ ကျွန်မတို့နဲ့ အနီးအနားမှာနေတဲ့ အစ်မဂျယ်နီက နေ့တိုင်းလာပြီး ဒါလေးစားလိုက်၊ ဒါလေး ကိုက်လိုက်ဆိုပြီး ကျွန်မကို ကျွေးမွေးရှာပါတယ်။ တစ်ညမှာ အစ်မက လာဆာညှာမုန့် တစ်ပန်းကန်ကိုသယ်လာတယ်။ စားဖို့ပြင်ဆင်ရင်းသူက စကားတွေတက်တက် ကြွကြွကြီးပြောနေရာကနေ မတ်ခ်အကြောင်းမေးလာတယ်။ ကျွန်မမျက်ရည်တွေ ဒလဟောကျလာတယ်။ သူဆေးရုံက မကြာမီဆင်းတော့မယ့် အကြောင်းနဲ့ ပိုက်ဆံတွေ ဘယ်လိုကုန်ခန်းနေပြီဆိုတာ တွေကို ကျွန်မရှင်းပြလိုက်ပါတယ်။ သူက ဆေးရုံကဆင်းဖို့ နဲ့ မတ်ခ်ကိုပြုစုဖို့အတွက် သူစုထားတာတွေပေးမယ်လို့ ပြောရှာပါတယ်။ ဒါပေမဲ့ မတ်ခ်ရဲ့မာနကို ကျွန်မကသိနေတယ်။သူလက်ခံမှာမဟုတ်ဘူး။ ကျွန်မက အစားအသောက်ပန်းကန်ကိုငေးကြည့်နေလိုက်တယ်။ စားချင်သောက် ချင်စိတ်တွေက ပျောက်သွားရပြန်ပါပြီ။ ညီအစ်မနှစ် ယောက်အကြား အသံတွေတိတ်သွားတယ်။ မျှော်လင့် ချက်မဲ့ဖြစ်သွားတဲ့ ငယ်သူငယ်ချင်းတွေရဲ့ညစာစားပွဲလို ဖြစ်သွားတယ်။ နောက်ဆုံးမှာ ဂျယ်နီ့ကို ပန်းကန်တွေ သိမ်းပေးဖို့ အကူအညီတောင်းလိုက်ရတယ်။ ဂျယ်နီက ခေါင်းညိတ်ပြပြီး လာဆာညှာပန်းကန်ကို သယ်သွားတယ်။ ဂျယ်နီက ရေခဲသေတ္တာတံခါးကိုပိတ်လိုက်တော့ အပေါ်က မျိုးစေ့ဘူးက နံရံနဲ့တိုက်မိပြီး အသံမြည်သွားတယ်။ ဂျယ်နီက အသံလာရာကို စောင်းငဲ့ကြည့်လိုက်တယ်။


''ဒါ ဘာလဲဟ''သူကမေးလည်းမေး ဘူးကိုလည်းကိုင်လိုက်တယ်။ ကျွန်မက လက်ဆေးခွက်နေရာက နေလှမ်းကြည့်ပြီး ''အဲဒါ အဘွားလုပေးထားတဲ့ ဖန်ဘူးလေ။ တို့တစ်တွေ မင်္ဂလာဆောင်တိုင်း အဘွားလက်ဖွဲ့တာလေ။မှတ်မိပြီလား''လို့ ပြန်မေးလိုက်ပါတယ်။ ဂျယ်နီက ကျွန်မကိုကြည့်တယ်။ ပြီးတော့ ဖန်ဘူးကို သေသေချာချာစစ်ဆေးနေတယ်။
''ကြည့်ရတာ တစ်ခါမှဖွင့်ထားပုံမရဘူး''သူက မေးတယ်။
''အပင်စိုက်လို့ရတဲ့ မြေလက်တစ်ဆုပ်စာတောင် မရှိခဲ့ဘူးထင်တယ်။ ဟုတ်လား''
ဂျယ်နီက လက်တစ်ဖက်ကဘူးကိုကိုင်၊ အခြားတစ်ဖက်က ဆပ်ပြာမြှုပ်တွေပေကျံနေတဲ့ ကျွန်မရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်။ ''လာ..လာ'' ဂျယ်နီက စိတ်လှုပ်ရှား နေတယ်။


သူက ကျွန်မကို ညစာစားပွဲနား တရွတ်တိုက်ပြန် ခေါ်လာတယ်။ သူက အဖုံးကို သုံးကြိမ်တိုင်တိုင် ကြိုးစား ဖွင့်ယူရတယ်။ အဖုံးလည်းပွင့်ရော ဖန်ဘူးကို စားပွဲပေါ် မှောက်သွန်ချလိုက်တယ်။ စားပွဲပေါ်မှာ မျိုးစေ့တွေက လှုပ်ခါကျနေတယ်။
''အစ်မဘာတွေလုပ်နေတာလဲ'' ကျွန်မငိုရင်း မျိုးစေ့ တွေကိုလိုက်ဖမ်းနေတယ်။ အညိုရောင်သန်းနေတဲ့ မျိုးစေ့ အထွေးလိုက်က အဝါရောင်စာအိတ်အနွမ်း ကလေးအနား ကနေ ခုန်ထွက်လာတယ်။ ဂျယ်နီက စာအိတ်ကိုကောက် ယူလိုက်ပြီး ကျွန်မကိုပေးတယ်။
''စာအိတ်ကိုဖွင့်ကြည့်လိုက်''သူက အပြုံးနဲ့ ပြောတယ်။
အို..။ စာအိတ်ထဲမှာ စတော့ရှယ်ယာလက်မှတ် ငါးခုကိုတွေ့လိုက်ရတယ်။ လက်မှတ်တစ်ခုက ဒေါ်လာတစ်ရာ ဆီတန်တယ်။ ကုမ္ပဏီနာမည်ကိုဖတ်ကြည့်လိုက်တော့ ကျွန်မတို့ တစ်ခုခုကိုသိလိုက်ရသလို မျက်လုံးပြူးသွားရတယ်။ ''ဒီနေ့ အဲဒီလက်မှတ်တွေ ဘယ်လောက်တန်နေပြီဆိုတာ နင်သိလား''လို့ ဂျယ်နီကမေးတယ်။


ကျွန်မမျိုးစေ့လက်တစ်ဆုပ်စာ ကောက်ယူလိုက်ပြီး နှုတ်ခမ်းနဲ့ထိလိုက်တယ်။ ပြီးတော့ အဘွားကို ကျေးဇူးတင်တဲ့အနေနဲ့ ရင်ထဲကတိတ်တဆိတ် ဆုတောင်းပေးလိုက် မိတယ်။ ဒီနှစ်တွေအတွင်းမှာ ကျွန်မအတွက် ဥယျာဉ်တစ်ခုကို အဘွားလုကတောက်လျှောက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာပဲ။ ပြီးတော့ ဒီမေဆင်န်ဘူးဟောင်းထဲကို တစ်သက် စာအချစ်တွေဖိသိပ်ထည့်သွားပေးခဲ့တာပါပဲလား။ ။


(မူရင်း The seed Jar by Henry Van Dyke; Chicken Soup for the soul)

The seed Jar by Henry Van Dyke; Chicken Soup for the soul) 

 

ကိုကို (စက်မှုတက္ကသိုလ်)

#democracytoday

Rate this item
(0 votes)
back to top