HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ငုံထွေး ကိုင်ပစ်ကြသူများ

ငုံထွေး ကိုင်ပစ်ကြသူများ

မောင်လှမျိုး( ချင်းချောင်းခြံ )

---------------------------------------

( ၁ )

အစိုးရကျောင်းတွင် မူလတန်းမတက် ရောက်ခင် ရပ်ကွက်အတွင်းရှိ 'ဆရာကြီးဦးစံရွှေ'၏ ကျောင်း(ကျူရှင်)တွင် မူလတန်း ကြို စတင်တက်ရောက်ခဲ့ဖူးသည်။ မူလတန်း ကြို (မူ/ကြို)တက်သည်မှစ၍ စတုတ္ထတန်းအထိ (အစိုးရကျောင်းတက်သည့်အပြင်) ဆရာကြီး ဦးစံရွှေကျောင်းတွင်လည်း ပူးတွဲတက်ရောက်ခဲ့ရသည်။ ဆရာကြီးဦးစံရွှေ၏ကျောင်းတွင် တက် ရောက်ခဲ့သည့်တစ်လျှောက်လုံး စာသင်ခန်းသို့ ဝင်လျှင်ဝင်ချင်း အောက်ပါအတိုင်း အော်ဟစ်ရွတ်ဆိုကြရသည်။ 

'ရက်သုံးဆယ်မှာ စက်တင်ဘာ၊ ဧပြီ၊ ဇွန်နှင့် နိုဝင်ဘာ၊ ကျန်သောလမှာ သုံးဆယ့်တစ်၊ ဖေဖော်ဝါရီ နှစ်ဆယ့်ရှစ်၊ ရက်ထပ်နှစ်မှာ တစ်ရက်တိုး၊ ဖေဖော်ဝါရီ နှစ်ဆယ့်ကိုး' 

ဤနေ့သည် မြန်မာသက္ကရာဇ် ၁၃၃၇ ခုနှစ် တန်ဆောင်မုန်းလဆုတ်(၁) ရက် ခရစ်နှစ် ၁၉၇၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက် အင်္ဂါနေ့ဖြစ် ပါသည်။........စသည်ဖြင့် တစ်ကျောင်းလုံးတွင်ရှိ သော ကျောင်းသူကျောင်းသားအားလုံး သံပြိုင်ရွတ်ဆိုကြရသည်။


ယနေ့အခါတွင် ဆရာကြီးဦးစံရွှေသာ ရှိနေဦးမည်ဆိုပါက...
ဤနေ့သည် မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ် တန်ဆောင်မုန်းလဆန်း (၁၁)ရက် ခရစ်နှစ် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၈ ရက် တနင်္ဂနွေ နေ့ဖြစ်ပါသည်ဟု ကျောင်းသူကျောင်းသားများကို သံပြိုင်ရွတ်ဆိုခိုင်းနေပေလိမ့်မည်။ မိမိနိုင်ငံ၏ ဇာတိအစဉ်အလာ ရိုးရာဓလေ့ထုံးစံတို့ကို မဆိုထားဘိ၊ မိမိနိုင်ငံ၏ သက္ကရာဇ်၊ မိမိနိုင်ငံ၏ နေ့ရက်လနှစ်တို့ကိုပင် မှတ်မှတ်ထင်ထင် မရှိတတ်သူတွေ မဖြစ် စေရန် ဆရာကြီးဦးစံရွှေက ကျွန်တော်တို့ကို ငယ်စဉ်ကတည်းက သတိကြီးစွာဖြင့် ရွတ်ဆိုသင်အံစေခဲ့ခြင်းဖြစ်၏။
x

ထို့အပြင် သင်ခန်းစာများ ဆောလျင်စွာ ပြီးစီးသည့် ရက်သတ္တပတ်တိုင်းတွင် နိပါတ် တော်လာပုံဝတ္ထုများစွာကို ကျယ်ကျယ်ပြန့်ပြန့် ပြောပြခဲ့လေသည်။ မာဃလုလင်သတို့သားမှအစပြု၍ သိဝိမင်းနှင့်ဥမ္မာဒန္တီ၊ မဟာဇနကမင်း၊ မဟော်သဓာ၊ ဝေဿန္တရာ စသောဗုဒ္ဓဝင်အလုံးစုံကို နားယဉ်ကျွမ်းဝင်အောင် ပြောပြခဲ့လေသည်။ အခါကြီးရက်ကြီးများတွင်လည်း ဝါဆိုလပြည့်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ တန် ဆောင်မုန်းလပြည့်နေ့ ...စသည်ဖြင့် ဆိုင်ရာ လတို့၏ အထိမ်းအမှတ်ပွဲတော်တို့၏ ဇာစ်မြစ်ကို သေသေချာချာ ပြောပြခဲ့သည်။ က 'ကညစ်ပေမှာခြစ်၊ ညအခါ လသာသာ ..ဟူသော စာဝါကျတို့ကိုသာမက ဘာသာ သာသနာအကြောင်းကိုပါ မည်သည့်ခေါင်းစဉ် မျှမတပ်ဘဲ ဥပါယ်တံမျဉ်ဖြင့် သင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ကာလအတော်ကြာမှ ကျွန်တော် ခန့်မှန်းတတ်ခဲ့သည်။

x

အစိုးရမူလတန်းကျောင်းသို့ မပို့ခင် ဆရာကြီးဦးစံရွှေ၏ကျောင်းသို့ အရင်ပို့ပေးခဲ့ကြ သော မိဘနှစ်ပါးကိုလည်း မူလကျေးဇူးများထက် ပို၍ပင် ကျေးဇူးတင်ဖြစ်ပါသည်။

 

x x x

( ၂ )

စတုတ္ထတန်းတက်ရောက်ရသည့်နှစ်က ဖြစ်သည်။ ကျွန်တော့်ပေတံကို ချိုးပစ်ခဲ့သော သူငယ်ချင်းတစ်ယောက်က ပေတံဖိုး အလျော် ပြန်ပေးပါမည်ပြောပြီး နေ့ရက်များစွာကြာသည်အထိ အလျော်မပေး။ စကားကတိမတည်သူအဖြစ် ထိုသူငယ်ချင်းကို ကျွန်တော် အထင်သေးသည်။ စိတ်မှ အထင်သေးသည်သာမက ကြားဖူးနားဝစကား ကြမ်းဖြင့်ပင် သူ့ကို ကျွန်တော် ဆဲဆိုလိုက်မိသည်။

''မင်းက ကတိမတည်ဘူးကွ။ ကတိမတည်ရင် မင်းက ပြည့်တန်ဆာပဲ။ -ာသည်ပဲ''

''မင်း မမိုက်ရိုင်းနဲ့နော်''

''ရိုင်းတာက တော်သေးတယ်။ မင်းက စကားမတည်တဲ့ကောင်၊ '-ာ'သည်''

ထိုးကြကြိတ်ကြသည်။ ထိုရန်ပွဲသတင်း ဆရာကြီးဦးစံရွှေထံသို့ ရောက်သွားသည်။

x

''ကျွန်တော့်ကို လှမျိုးအောင်က '-ာ'သည် လို့ ဆဲတယ် ဆရာကြီး။ အဲဒါကြောင့် ကျွန် တော် လက်သီးနဲ့ထိုးတာ''

ကျွန်တော့်ပေတံ အချိုးခံလိုက်ရသည့်ကိစ္စ အလျော်ပေးမယ်ပြောပြီး မပေးသည့်အတွက် ပြည့်တန်ဆာဟူသော -ာသည်..ဟူသော စကားကြမ်းပြောမိသည့်ကိစ္စကို အစဉ်လိုက် ကျွန်တော်ရှင်းပြသော်လည်း '-ာသည်' 'ပြည့်တန်ဆာ'ဟု ဆဲဆိုသည့် ကျွန်တော့်ပြစ်မှုသည် သာ ထင်ရှားနေလေတော့၏။ ဆဲသောပြစ်မှုဖြင့် ကျွန်တော့်ကိုသာ ဆရာကြီး ရိုက်လေသည်။ ခြေသလုံးကို ကြိမ်လုံး ဖြင့် ရိုက်ခြင်းဖြစ်၏။ ပေတံကျိုးအောင်လုပ်သူ၊ စကားကတိမတည်သူကို မည်သည့်အပြစ်မျှ မပေး။ ဆဲသောကျွန်တော့်ကိုသာ အတန်းရှေ့ မှာ ရိုက်နှက်အပြစ်ပေးသည်။ (ကျွန်တော် လုံးဝ မကျေနပ်)။

''ယောက်ျားဖြစ်ပြီး ကတိမတည်လို့ ကျွန် တော် ဆဲတာ ဆရာကြီး''

ဆရာကြီးက ကျွန်တော့်ကို ကြိမ်လုံးဖြင့် ထပ်ရွယ်ရင်း...

''အေး သူ့ကိုမကျေနပ်လို့ မင်းက ဆဲတယ်၊ သူ မှားမှားမှန်မှန်၊ ဆဲတာက..မင်း။ ဆဲတယ်ဆိုတာ မစင်ကို ပါးစပ်နဲ့ငုံပြီး သူတစ်ပါးကို ထွေးလိုက်တာနဲ့ အတူတူပဲ...''

ထိုသို့သောစကားကို ကြားကြားချင်း ကျွန် တော် လွန်စွာရွံရှာမိလေ၏။ အရိုက်ခံရသဖြင့် မကျေနပ်သည့်စိတ်ပင် ပျောက်သွားရချေသည်။

''ဆဲတယ်ဆိုတာ မစင်ကို ပါးစပ်နဲ့ငုံပြီး သူတစ်ပါးကို ထွေးလိုက်တာနဲ့ အတူတူပဲ''...ဟူသော ဆရာကြီးဦးစံရွှေ၏ အဆုံးအမစကားသည် ကျွန်တော့်တစ်သက်တာအတွက် အမှတ်တရဘာဝနာစကားဖြစ်ခဲ့၏။

x x x

( ၃ )

အရပ်ပုသူကို 'ဂျပု'၊ သွားခေါသူကို 'သွား ခေါ'၊ သာမန်လူတစ်ဦးဦးကို ''ကြွပါ၊ ကြွပါ၊ အမိန့် တော်ရှိပါ'' စသည်ဖြင့် ပြောဆိုနေကြသည်ပင်လျှင် ဆဲရေးတိုင်းထွာခြင်းအမျိုးအစားများ ဖြစ်ကြောင်း၊ တော်တန်ရုံ မသိရှိကြတော့ပေ။ ဆဲရေးတိုင်းထွာခြင်းသည် စာကြောင်းဖြင့် ရေးရေး၊ ပါးစပ်ဖြင့်ဆဲဆဲ၊ ဒေါသကို အခြေခံ၍ ဖြစ်ပေါ်ကျူးလွန်ရသော ဒုစရိုက်အမှုဖြစ်ကြောင်း ဒေါသကျူးသူသည် ငရဲကျလေ့ရှိကြောင်း၊ တိတိကျကျ ကြားနာမှတ်သားမိသည့်နောက် ဆရာကြီးဦးစံရွှေ၏ ဆုံးမစကားကို ကျွန်တော်ပို၍ တန်ဖိုးထားဖြစ်သည်၊ ပို၍လိုက်နာဖြစ်ခဲ့သည်။

x

သူတစ်ပါးကို ဆဲမိသည့်အခါ 'မစင်နှင့် ငုံထွေးရမှာပါလား'..ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးဖြစ်သည်။ ဆဲသံဆိုသံကြားရသည့် အခါ 'မစင်နဲ့ ငုံထွေးနေတာပါလား'ဟု တွေး ထင်မြင်ယောင်နေဖြစ်သည်။

x

ပါးစပ်နဲ့ဆဲတာ မစင်နဲ့ငုံထွေးတာပဲဆို တော့ စာနဲ့ရေးပြီးဆဲတာကျတော့ရောဟု မိတ် ဆွေတစ်ယောက်က မေးခွန်းထုတ်၏။ ဆရာကြီးဦးစံရွှေ ကွယ်လွန်သွားပြီဖြစ်သဖြင့် ကျွန် တော့်မှာ ဆရာကြီးထံ မေးမြန်းခွင့်မရတော့။ တစ်ထွာတစ်မိုက်မျှသော ကိုယ့်ဉာဏ်ဖြင့် သာ ဆင်ခြင်လျက် အောက်ပါအတိုင်း ဖြေကြားလိုက်မိသည်။

''ပါးစပ်နဲ့ဆဲတော့ မစင်နဲ့ ငုံထွေးတာ ပေါ့။ စာနဲ့ရေးပြီးဆဲတာဆိုတော့ စာကိုလက်နဲ့ ရေးတာမဟုတ်လား။ အဲဒီတော့...လက်နဲ့ဆဲတာပေါ့။ လက်နဲ့ဆဲတာဆိုတော့ မစင်ကို လက်နဲ့ကိုင်ပြီးပစ်ပေါက်နေတာနဲ့ အတူတူ ပေါ့''။

အထက်ပါအဖြေစကားကို ဆရာကြီး ဦးစံ ရွှေသာ ကြားသိပါလျှင် ''ဒါ အမှန်ပဲ''ဟု ချီးကျူးစကားဆိုနိုင်လောက်ပါရဲ့''ဟု မျှော်လင့်မိချင်၏။
x x x x x

(ဆရာကြီးဦးစံရွှေ..သို့ ဂါရဝ) 

 

မောင်လှမျိုး( ချင်းချောင်းခြံ )

#democracytoday

Rate this item
(0 votes)
back to top