HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

SHAW Brother ပြန်လာပြီ

SHAW Brother ပြန်လာပြီ

စည်သူအောင်မြင့်

 ++++++++++++++

လာကပေါ် - အခုရက်ပိုင်း ရန်ကုန်ကလူတွေ လှုပ်လှုပ်ရှားရှားဖြစ်နေကြတယ်နော်။ ဟောင် ကောင်ကနေ ရုပ်ရှင်တစ်ကား လာရိုက်တာ စိတ်ဝင်စားကြ၊ ကြည့်ကြ၊ ဝေဖန်ကြ။

အောင်ကျော် - အထူးအဆန်းဆိုတော့ စိတ်ဝင် စားပေမပေါ့ဗျာ။ ကျွန်တော်တို့ဆီက ပြည်သူ တွေ ဒါမျိုး ကြုံမှမကြုံဖူးကြဘဲ။

လာကပေါ် - ပြောပါဦး။ အဲဒီဇာတ်ကား လာရိုက်တော့ လမ်းတွေပိတ် လူတွေ ဒုက္ခရောက်တာဆို၊ အစိုးရကလည်း နိုင်ငံခြားက ရုပ်ရှင် ကုမ္ပဏီကိုတော့ အခွင့်အရေးပေးတယ်။ ကိုယ့် ပြည်တွင်းက ရုပ်ရှင်လုပ်ငန်းလုပ်တဲ့သူတွေကိုတော့ မျက်နှာသာမပေးဘူးဆို။

 

အောင်ကျော် - ကျွန်တော် ပထမဦးဆုံး အခုရုပ်ရှင်လာရိုက်တဲ့ “SHAW Brother” ကုမ္ပဏီ အကြောင်း အရင်ပြောချင်တယ်။ ကျွန်တော်မှတ်တာ မမှားဘူးဆိုရင် ဒီ “SHAW Brother” ကုမ္ပဏီဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံကို တရုတ်သိုင်းကား စပြီးလာမိတ်ဆက်တဲ့ကုမ္ပဏီ လို့ ထင်တယ်။

 

လာကပေါ် - ဟိုလက်တစ်ဖက်ပြတ် ဓားသမားဇာတ်ကားလား။

အောင်ကျော် - ဟုတ်တယ်။ ဟိုးလွန်ခဲ့တဲ့ အနှစ် ၄ဝ ကျော်၊ ၁၉၇၅-၇၆ လောက်တုန်းက “SHAW Brother”ကုမ္ပဏီက ရိုက်ကူးပြီး ဒေးဗစ်ချန်းနဲ့ တီလုံးတို့ပါဝင်တဲ့ လက်တစ် ဖက်ပြတ်ဓားသမားဇာတ်ကားရုံတင်တယ်။ အဲဒီအချိန် မြန်မာနိုင်ငံမှာ ဟောလီးဝုဒ်က ထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေတော့ ပြလေ့ ရှိတယ်။ တရုတ်သိုင်းကား တစ်ခါမှ ရုံတင်ပြသတာ မရှိခဲ့ဖူးဘူး။

 

လာကပေါ် - ဒါနဲ့ ပေါက်ရောဆိုပါတော့။

အောင်ကျော် - အဲဒီအချိန်က လူတွေ စိတ်ဝင်စားတာကတော့ တကယ့်ဝက်ဝက်ကွဲပဲ။ ရုံတင်တဲ့ မြို့တိုင်းနယ်တိုင်းမှာ ကြိတ်ကြိတ်တိုးကြည့် ကြတယ်။ ခင်ဗျားစဉ်းစားကြည့်လေ။ ကောင်းကင်မှာ လေသိုင်းတွေနဲ့ ချကြတာတွေ၊ နံချပ်ကူ၊ စံချပ်ကူတွေ သုံးပြီး တိုက်ခိုက်တာတွေ၊ လူတစ်အုပ်ကြီးကို တစ်ယောက်တည်းက ချတာတွေ။

 

လာကပေါ် - ဟုတ်ပ ဟုတ်ပ။

အောင်ကျော် - ကျွန်တော် မှတ်မိသလောက် ဘယ်လောက်အောင်မြင်သလဲဆို တချို့မြို့တွေ မှာ ဆရာ၊ ဆရာမတွေက ကျောင်းသူကျောင်း သားလူငယ်လေးတွေကိုတောင် ရုပ်ရှင်ရုံကို အုပ်စုလိုက်ခေါ်သွားပြီး ပြတာမျိုး လုပ်ကြတယ်။ တကယ့်ကို ထူးထူးဆန်းဆန်းပဲ။

 

လာကပေါ် - ကျွန်တော် မှတ်မိသလောက်၊ အဲဒီဇာတ်ကား ရုံတင်ပြီးနောက်ပိုင်း ကလေးတွေဆို သိုင်းချတမ်းဆော့ကြတယ်။ နောက် သစ်ပင် နှစ်ပင်ကို ကြိုးတစ်ချောင်းနဲ့တန်းပြီး အဲဒီကြိုး တန်းပေါ်မှာထိုင်တာ၊ အိပ်တာ စတာတွေ လုပ်ကြတာမျိုးလည်း တွေ့ရတယ်။ အဲဒီလက် တစ်ဖက်ပြတ်ဓားသမားဇာတ်ကားမှာ သိုင်း သမားတီလုံးက အဲဒီလိုလုပ်လို့လေ။

အောင်ကျော် - ဒါပေါ့။ အဲဒီအချိန်တုန်းက ရုပ် ရှင်ကို ရုပ်ရှင်ရုံတွေကလွဲလို့ တခြားကြည့်စရာ ဗီဒီယိုတို့ ဘာတို့ကလည်း မပေါ်သေးတဲ့အချိန် လေ။

 

လာကပေါ် - မှန်တယ်။

အောင်ကျော် - ခုတော့ “SHAW Brother” တစ်ကျော့ပြန်လာပြီပေါ့ဗျာ။

 

လာကပေါ် - အခု ရုပ်ရှင်လာရိုက်တာကိုရော ခင်ဗျားဘယ်လိုမြင်လဲ။

အောင်ကျော် - ကောင်းတာပေါ့ဗျာ။ ကျွန်တော် အသေအချာကြည့်တယ်။ လမ်းလည်း ဒီလောက် ထိခိုက်လောက်အောင် မပိတ်ပါဘူး။ နောက်ကမ္ဘာမှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းကြီးကလည်း အရမ်း ကြီးကျယ်လာနေတယ်။ အခု ဇာတ်ကားရှေ့ က Line Walker ဇာတ်ကားဆိုရင် ဒေါ်လာ သန်း ၉ဝ ကျော် ဝင်ငွေရသတဲ့။ ဟောလီးဝုဒ်နဲ့ တော့ မယှဉ်နဲ့ပေါ့ဗျာ။ ဟောလီးဝုဒ်ဇာတ်ကား တွေ ကောင်းရင် ပထမအပတ် ရုံတင်ရင်ပဲ ဒေါ်လာသန်း ၄ဝ-၅ဝ ရတာ။ သိပ်အောင်မြင်သွားတဲ့ တိုင်တန်းနစ်တို့ ဘာတို့ဆို ဒေါ်လာ သန်း ၂ဝဝဝ ကျော်လောက်တောင်ရခဲ့တာ။ အဲလောက်ဒေါ်လာငွေတွေရဖို့ ကျွန်တော်တို့ တိုင်းပြည် သစ်ဘယ်နှစ်တန် ထုတ်ရမလဲ၊ ကျောက်စိမ်း ဘယ်လောက်တူးရမလဲ၊ ဓာတ် ငွေ့ ဘယ်လောက်ရောင်းရမလဲ တွေးသာကြည့်။

 

လာကပေါ် - ဟုတ်တယ်နော်။

အောင်ကျော် - ရုပ်ရှင်စီးပွားရေး ကြီးလာတော့ ကမ္ဘာလှည့်ပြီး ရုပ်ရှင်ရိုက်တာ မထူးဆန်းတော့ဘူး။ ဟောင်ကောင်တင်မကဘူး၊ အိန္ဒိယဘောလီးဝုဒ်တောင် ကမ္ဘာအနှံ့ထွက်ပြီး ရုပ်ရှင်ရိုက် နေကြပြီ။

 

လာကပေါ် - အဲဒီလိုရိုက်တော့...

အောင်ကျော် - ရုပ်ရှင်ကို လူတွေစိတ်ဝင်စားတော့ ပိုပြီးပိုက်ဆံရတာပေါ့ဗျာ။ နောက် အဲဒီနိုင်ငံမှာသွားရိုက်တော့ အဲဒီနိုင်ငံက ပရိသတ်ရဲ့ ဝင်ငွေကိုလည်း ရလိမ့်မယ်။ ဥပမာ-အခုရိုက်တဲ့ Line walker 2  ရုံတင်ရင် ခင်ဗျား ကြည့်မလား။

 

လာကပေါ် - ကြည့်မှာပေါ့ဗျ။

အောင်ကျော် - အဲဒါပဲလေ။ နောက်တစ်နည်းက တချို့နိုင်ငံက ရုပ်ရှင်မင်းသား၊ မင်းသမီး ထည့်ရိုက်တာ။ ဥပမာ-အခုကားမှာ မြန်မာရုပ်ရှင် မင်းသားနေတိုး ထည့်ရိုက်ကြည့်၊ တစ်နိုင်ငံလုံး ဝက်ဝက်ကွဲကြည့်ကြမှာပဲ မဟုတ်လား။

 

လာကပေါ် - မှန်တယ်။

အောင်ကျော် - ကျွန်တော်တို့ဆီက ရုပ်ရှင်သမား တွေ၊ ရုပ်ရှင်ဝါသနာအိုးတွေအတွက်လည်း သူတို့ရုပ်ရှင်ရိုက်တာ နည်းနည်းပါးပါး တီးမိ ခေါက်မိကြည့်လို့ ရနိုင်တာပေါ့ဗျာ။ အစိုးရကလည်း သူတို့ရုပ်ရှင်လာရိုက်တော့ ဝင်ငွေရဦးမယ်။ အဲ နေဦး အရေးကြီးတာ ရှိသေးတယ်။

 

လာကပေါ် - ဘာများလဲ။

အောင်ကျော် - ဟောင်ကောင်ဆိုတာ ကမ္ဘာ ပေါ်မှာ တရားဥပဒေစိုးမိုးမှု အများဆုံးနေရာ။ နောက်မှုခင်းဖြစ်ပွားမှု အနည်းဆုံးနေရာ။

 

လာကပေါ် - အဲဒီတော့ဘာဖြစ်သလဲ။

အောင်ကျော် - ဒါပေမဲ့ ခင်ဗျား ဟောင်ကောင် ရုပ်ရှင်တွေကို ကြည့်လိုက်လေ။ တဒိုင်းဒိုင်းနဲ့ပစ်။ လမ်းပေါ်မှာ ကားတွေပြိုင်မောင်း၊ ကား တွေတိုက်ကြ၊ ရဟတ်ယာဉ်နဲ့ပစ်။

 

လာကပေါ် - ခင်ဗျားဘာပြောချင်တာလဲ။

အောင်ကျော် - အဲဒါ ရုပ်ရှင်လေ။ အဲဒီဇာတ်ကြမ်း ကားတွေရိုက်လို့ ဟောင်ကောင်ကို ဘယ်သူကမှ လန့်မသွားကြဘူး။ ရုပ်ရှင်ကုမ္ပဏီတွေ ကတော့ ဝင်ငွေကောင်းကောင်းရကြတယ်။ အဲဒါကို ကျွန်တော်တို့ဆီက အစိုးရတာဝန်ရှိသူ တွေ နားလည်သင့်တယ်။ တစ်ခုခုဆို ဟိုဇာတ်ဝင်ခန်း မရိုက်နဲ့၊ ဒါမျိုးမလုပ်နဲ့ စသဖြင့် ဆင်ဆာက ပိတ်ပင်တာလေ။ တစ်လောလေးကတောင် လူငယ်ဒါရိုက်တာတစ်ယောက် သူ့ဇာတ်ကားမှာ လူဆိုးတွေက ဟော်တယ်ကို အပိုင်စီးထားတယ်၊ လူတချို့ကို ပြန်ပေးဆွဲထားတယ်။ အဲဒီမှာ ကွန်မန်ဒိုတွေက ခေါင်မိုးကနေ ဆင်းလာ ပြီးကယ်တာမျိုး ရိုက်ထားတယ်။ ပြသခွင့်မပြုဘူးတဲ့။

 

လာကပေါ် - လူတွေ အဲဒါကြည့်ပြီး ရာဇဝတ်မှုကျူးလွန်လာကြမှာကို စိုးရိမ်လို့နေမှာပေါ့ဗျာ။

အောင်ကျော် - သေလိုက်။ 

 

စည်သူအောင်မြင့်

#theyangontimes

Rate this item
(0 votes)
back to top