HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

စု တု သူခိုး မရှိရိုး

စု တု သူခိုး မရှိရိုး

<<<< မောင်လှမျိုး( ချင်းချောင်းခြံ )>>>>>

မည်သူမဆို စုတုပြုကာလတို့ကို ဖြတ် သန်းဖူးခဲ့ကြပေမည်။ ထိုစုတုပြုဟူသည့်အဓိပ္ပာယ်ကို ဗဟုသုတများ စုဆောင်းကြရမည်။ ရှေ့ပညာရှင်တို့ ဖန်တီးမှုများကို တုပကြရမည်။ ပြီးနောက် ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်ကိုယ်တိုင် ပြုလုပ်ဖန်တီးမည်ဟု ယေဘုယျအားဖြင့် နားလည်မှုများ ဖြစ်ခဲ့သည်။ ပညာရှင်များကလည်း ကြိုးစား နေဆဲရှိသူတိုင်းကို 'စု၊တု၊ပြု'ကြပါဟု အစဉ် အဆက် မှာကြားခဲ့ကြလေသည်။ အကြမ်းအားဖြင့် နားလည်ခဲ့ကြသည်မှာ 'စု-တု-ပြု'ဟူသည် ရှေ့ပညာရှင်တို့၏ ဖန်တီးမှုများစွာအနက်မှ တစ်ကြောင်းတစ်ပါဒဖြစ်စေ၊ ခေါင်း စဉ်ငယ်လေးမျှဖြစ်စေ၊ အတွေးအခေါ်တစ်ခုခုကိုဖြစ်စေ မိမိအမည်တပ်ကာ ခိုးယူကြပါ..ဟု ဆိုလိုခြင်းမဟုတ်။ ဗဟုသုတတို့ကိုများစွာ ရှာဖွေစုဆောင်းလျက် ရှေးပညာရှင်တို့၏ ရေး ဟန်သားဟန် လေယူလေသိမ်းတွေးခေါ်ပုံတို့ကို တုပပြီး နောင်သော် ကိုယ့်အရည်အသွေး နှင့်ကိုယ် ပြုလုပ်ဖန်တီးကြရမည်ဟု ဆိုလိုရင်း ဖြစ်ကြောင်း ကိုယ်ကျင့်သိက္ခာရှိရှိဖြင့် နားလည် မှတ်လိုက်ခဲ့ကြ၏။

(စု-တု-ပြု ဆိုသည်မှာ သူတစ်ပါး ဖန်တီးထားသည်များထဲမှ စုဆောင်း တုပ ခိုးချကြ ခြင်းမဟုတ်ကြောင်း တကူးတက သင်အံစရာ မလိုဘဲ ဂုဏ်သိက္ခာကြောင့် အလိုလိုသိနားလည် ခဲ့ကြသည်)။
x

ကျွန်တော် ငယ်စဉ်က မြင်မြင်ချင်းပဲ ချစ်မိတယ်'ဟူသော တေးစာသားကို နားရည်ဝခဲ့သည်။ စုဆောင်းထားခဲ့ရသည့် ကြားဖူးနားဝများစွာအနက်မှ ထိုစာသားကို တုပချင်မိသည်။ မတူအောင်တုမှဖြစ်မည်ဟု နားလည်ထားရသည်။ စုပြီးတုပြီးပါလျက် ကိုယ့်စာကိုယ့်စကားအဖြစ် ပြုလုပ်ဖန်တီးရန်မှာ လွယ်ကူလွန်းလှ သည်မဟုတ်။ စကားလုံးတစ်လုံးလေးမျှသာ ဖြစ်စေ၊ ကိုယ်စွမ်းÓဏ်စွမ်းအားလုံးကို ဖျစ် ညှစ်ထုတ်လုပ်ခဲ့ကြရသည်။ 'မြင်မြင်ချင်းပဲ ချစ်မိတယ်'ဟု ရှေ့ကရှိထားပါလျက် 'မြင်မြင်ချင်းပဲ သိပ်ခိုက်တယ်'ဆိုရုံမျှ၊ ရေးရုံမျှနှင့် ကိုယ့်ကိုယ်ပိုင်စကားလုံး ဖြစ်မလာနိုင်။ (မလိမ့်တပတ် ခိုးသားဥာဏ် ဖြင့် ခိုးကူးခြင်းအဆင့်မျှသာဖြစ်နေနိုင်သည်။

ထို့ကြောင့် 'မြင်မြင်ချင်းပဲ ချစ်မိတယ်' ဟူသည့် ရှေ့ပညာရှင်၏ စကားအစု၊ စာတစ်စု ကို စုကာတုကာဖြင့် 'မြင်မြင်ချင်း ချစ်မိတာ မဟုတ်ပေမယ့် ချစ်မိတဲ့နေ့ကစပြီး မမြင်ရင် မနေနိုင်တော့ပါဘူး''ဟု ကျွန်တော်ကိုယ်ပိုင် ဝါကျအဖြစ် ဖန်တီးရေးသားခဲ့ဖူးသည်။ ထိုသို့ရေးသားဖြစ်ခဲ့သည့်အပေါ် ယခုတိုင် ဂုဏ်ယူလျက်ရှိသကဲ့သို့ မူလပညာရှင်၏ တေးစာသားမှ ဆင့်ပွားတုပရေးသားခဲ့ရခြင်း အပေါ် ထုတ်ဖော်ပြောပြဖို့လည်း ဝန်မလေး။ ပြောပြဖြစ်သည့်အခါတိုင်းတွင်လည်း ကျွန် တော့်မှာ ရှက်စရာအလျဉ်းမရှိ။ ဤသည်ကိုပင် သိက္ခာရှိသော 'စု-တု-ပြု'အဖြစ် ကိုယ့် ကိုယ်ကိုယ် ဂုဏ်တင်နေဖြစ်သည်။

x
ကဗျာမရေးတတ်မီအခါကာလတုန်းက လည်း မြန်မာကဗျာနှင့်ပတ်သက်ရာ မြန်မာ အက္ခရာ၊ ဗျည်း၊

သရ၊ ကာရန်၊ အသံ၊ အသတ်
စသည်တို့ကို စုစုဆောင်းဆောင်း လေ့လာ မှတ်သားခဲ့ရသည်။
သံပေါက်၊ သံချပ်၊ လေးလုံးစပ်လင်္ကာ၊ ရတု၊ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ သံချို၊ တျာချင်း၊ အိုင်ချင်း၊ လွမ်းချင်း၊ တေးထပ်တို့အပြင် သီချင်း ကြီး သီချင်းခန့်တို့အထိ သင်ယူမှတ်သားဖြစ်ခဲ့သည်။ ထို့အပြင် ခေတ်အဆက်ဆက် ကဗျာ့ ရေစီးကြောင်းကို မျက်ခြည်မပြတ်ရန်လည်း ကဗျာနှင့် သက်ဆိုင်ရာစာပေတိုင်းကိုလည်း လေးစားမြတ်နိုးစွာ ဖတ်မှတ်ခဲ့ရသည်။
x

ခေတ်ပေါ်ကဗျာကို မထိတို့နိုင်ခင် မြန်မာကဗျာဖွဲ့နည်းကို လေ့လာနေရစဉ်က 'ဝဏ္ဏ'ဆိုသည်လည်းမသိ၊ 'ခွ၊ ထောက်'ဟူသည်လည်း မတတ်၊ 'ခြင်္သေ့လည်ပြန်'ကာရန်ကိုလည်း နားမလည်၊ 'ရထားပြေး'၊ 'ထိပ်ချင်းခတ်' စသော ကာရန်စနစ်တို့ကို ဝေါဟာရအဖြစ်သာ ကျွမ်းဝင်ခဲ့ရသည်။ မတောက်တခေါက်ကာလမို့ တုချင် ပချင် နေလေ၏။ ကိုယ်ပိုင်အရည်အချင်းဖြင့် ဖန်တီး နိုင်ဖို့ကိုပင် မဝံ့ရဲ။ ထို့ကြောင့် တွေ့မြင်သမျှ ရှေ့ပညာရှင်တို့၏ ဖန်တီးမှုတိုင်းကို တုပခဲ့လေ သည်။ (တုပလေ့ကျင့်ခဲ့ရသည်)။

ညို့ညို့ပြာပြာ၊ ဆင်းပြင်လျာမူ
ပြစ်မှာမစက်၊ ဆယ်နှစ်သက်က
ချောညက်ညွတ်သွယ်၊ ဒုတ်နှင့်ဆွယ်၍
ရွယ်လည်းရွယ်ပျို၊ ညိုလည်းညိုဝင်း
ဖြူရှင်းရောရု၊ နောင့်သက်စုကို
နှိုင်းရှုချေမူ၊ ထွားပြာဖြူသည်
မတူ၏သို့ တူ၏သို့။
မို့မို့အာကာ၊ မိုးဒေဝါလျှင်
ဗယ်ညာတောင်မြောက်၊ လေပြည်လှောက်၍
ဖြိုးဖြောက်ရိုးရဲ၊ လျှပ်ပန်းကြဲလျက်
မစဲညင်းညင်း၊ ကျူးတည့်လျှင်း၍
ပဝင်းလှည့်လို၊ လွမ်းစိမ့်ဆိုသို့
လေချိုပေါင်းညီ၊ ရုံးစုပြီမှ
မယ့်ဆီတူရူ၊ သည်မိုးဖြူသည်
ကလူ၏သို့ မြူ၏သို့။
(နဝဒေး)


သို့သို့သာသာ၊ မယ့်နေရာသို့
အာကာမှိုင်းဝေ၊ နေ့တိုင်းစေက
သက်ဝေမြခဲ၊ သူရဲကြောင့်သာ
လွမ်းဗျာပါမူ၊ တိမ်ပြာမကွက်
တိမ်နက်မည်းမို့၊ တိမ်ခြေညို့နှင့်
ထပ်ပို့မစဲ၊ ရွာသွန်းကြဲက
ပုလဲပမာ၊ ဆင်းကလျာလျှင်
သစ္စာမြဲတူ၊ တလျက်ရူသည်
မဖြူ၏သို့ ဖြူ၏သို့။ ။

(ရှင်သူရဲ)


အထက်ပါရှေးစာဆိုရှင်ကြီးများ၏ 'ရတု' ကဗျာပိုဒ်များကို တုပကာ အောက်ပါအတိုင်း ရေးဖွဲ့ခဲ့ဖူးသည်။


ပျို့ပျို့ကာသာ၊ ရင်မှာတမူ
စွဲမက်ယူငင်၊ ပန်းသဇင်က
နန်းရင်နန်းအလယ်၊ နန်းအသွယ်၌
နွယ်လည်းနွယ်လို၊ ခိုလည်းခိုရင်း
လူချင်းမမှု၊ မာနပြုဆို
ယခုခြေတူ၊ ပြုံးတော်မူသည်
မယူ၏သို့ ယူ၏သို့။
ထို့ထို့မာယာ၊ အစဉ်သာလျှင်
ရင်မှာခိုထောက်၊ အတောင်ပေါက်၍
ဟိုလျှောက်သည်လှမ်း၊ မိုးပန်းကြဲလျက်
မသည်းမှုန်မှုန်၊ ပြုံးရင်းယုံကာ
ပွင့်ပုံကြည့်လို၊ နန်းထက်ထိုသို့
မြေပြိုမညီ၊ မုန်တိုင်းသီမှ
နန်းဆီလှမ်းယူ၊ ပြန်တော်မူသည်
မကြူ၏သို့ ကြူ၏သို့။
စို့ပို့ကာသာ၊ မျက်ရည်နာနှင့်
ရင်မှာရိုင်းထင်၊ တွေးကြည့်မြင်ရ
သောကမြေထဲ၊ ပူသည်းလျက်သာ
တမ်းစာတစ်မူ၊ ကျိန်စာဝကွက်
လိမ်ရက်လေခြင်း၊ လွမ်းတရင်းနှင့်
ယမင်းသဇင်၊ ဖူးတံယှဉ်က
အသွင်ဦးငုံ့၊ မာန်ကိုချုံ့လျက်
အမျက်မယူ၊ စိတ်ထားဖြူကြည်
မလှူ၏သို့ လှူ၏သို့။ ။

ထိုသို့တုပရေးစပ်ကာ 'သဇင်'ဟု ခေါင်း စဉ်တပ်ပြီး သူငယ်ချင်းများထံတွင် ဖတ်ြ<ွကား ခဲ့ဖူးသည်။ (လေ့လာခါစကာလတွင် လေ့ကျင့် ရုံသက်သက်၊ ရေးစပ်ဖွဲ့သီခဲ့ခြင်းဖြစ်ပါသည်။)။
x

ကမ်းစပ်ကိုမင်

လမုပင်အခြေကြီးနဲ့
အသီးတွေဖြိုး။
ကမ်းခြေကို ဒီရေတိုး
ပြိုလဲမှာစိုး။
ကမ်းစပ်ကိုမင်
ဓနိပင် ယိုင်ငိုက်လို့
ခိုင်လိုက်ထယ်ဖြိုး။
ဓနိခိုင် အလက်ထဲက
ခွဲရမှာစိုး။
ကမ်းစပ်ကိုမင်
လတာပြင် ငပျံလူးလို့
ပျော်မြူးကြရိုး။
ဒီတက်လျှင် လတာနုံး
ဒီဖုံးမှာစိုး။
စိုးပါဘု သူ့မူရာ၊
ချောင်တခွင် ပင်လယ်ဝက
ပန်းလှဗေဒါ။
ဆန်တက်ချိန်မှာ
ဆန်လာနိုင်ပါဘိ။
စုန်ဆင်းချိန်မှာ
စုန်လာနိုင်ပါဘိ။
သူ့လမ်းစဉ် သူမြင်ရဲ့
သူစွဲတတ်ဘိ။
အထက်ပါကဗျာပိုဒ်သည် ဆရာဇော်ဂျီ ၏ ဗေဒါလမ်းကဗျာများစွာအနက်မှ'သူ့ လမ်းစဉ်'ဟူသော ခေါင်းစဉ်ငယ်ဖြင့် ရေးဖွဲ့ ထားသည့် ကဗျာဖြစ်ပါသည်။ ထိုကဗျာပိုဒ်ကို တုပလျက် 'အဖော်'ဟူ သောခေါင်းစဉ်ဖြင့် ကျွန်တော် ကဗျာရေးစပ်ခဲ့သည်။

'အဖော်'
လွမ်းရိပ်တွေတင်
ကောင်းကင်မှာ အုံ့ကာမှိုင်းလျက်
ငိုမိမှာစိုး။
အလွမ်း..နွေ ပြေလိမ့်နိုး
ရွာလိုက်ပါ မိုး။
လွမ်းမိပြီခင်
မျှော်တွေးမြင် အဖြေဝေးခဲ့
ပူဆွေးမှာစိုး။
ဝေးနေစဉ် ပြန်ဆုံနိုး
တမ်းတမျှော်ကိုး။
လွမ်းလွန်းတယ် ခင်
သံယောဇဉ် မြင်နေသေးသမျှ
ဝေးကြမှာစိုး။
တွေးဆကာ ရင်မှာညှိုးလျက်
သောကတွေတိုး။
မိုးရွာပေါ့
ဝဿန်ခါ
ပွင့်မာလာ
ပန်းတွေလန်းပေမဲ့
နွမ်းရဆဲပါ။
ခွဲနေချိန်
အသေအချာ လာကြည့်၊
အသည်းအိမ် ရင်မှာ
ဝေဒနာသာ ရှိ၊
ခင်ရယ်
ချစ်သူတွေ ဝေးနေဆဲ
မိုးသည်းရွာ၏။ ။

'အဖော်'ဟု ခေါင်းစဉ်တပ်ထားသော ၎င်းကဗျာသည် ကျွန်တော့်ဘဝ၏ ပထမဦးဆုံးသော ပုံနှိပ်ခံကဗျာဖြစ်ခဲ့သည်။ (၁၉၈၈ အနုပညာကြေးမုံမဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသည်။) အသံ၊ ကာရန်၊ မနိုင်နင်းခင်၊ ကဗျာကို လေ့ကျက်သင်မှတ်နေချိန်တွင် ရှေ့ပညာရှင်တို့ထံမှ ဗဟုသုတစုခဲ့ရသည်။ မတူအောင် တုပခဲ့ရသည်။ မိမိဥာဏ်စွမ်းကို ဖျစ်ညှစ်လျက် မိမိဘာသာ ပြုလုပ်ပုံဖော်ခဲ့ရသည်။ စု-တု-ပြုဟူသည် ရှေ့ပညာရှင်တို့ထံမှ အလုံးစုံတုပခိုးယူပါဟု ဆိုလိုရင်းမဟုတ်ကြောင်း အခါခါ အထပ်ထပ် ရှင်းပြခဲ့ပြီးပေပြီ။ စု-တု-ခိုး ဟု မည်သည့်ဆရာကောင်း ကမျှ မသင်ကြားခဲ့ချေ။ မည်သည့်လောက၌ မဆို စု-တု-သူခိုးဟူသည် ရှိကောင်းသောအရာ မဟုတ်ချေ။

x

စု-တု-ပြုဟူသည့် အမှာစကားတို့၏နောက်ကွယ်၌ ဂုဏ်သိက္ခာတို့သည် အစဉ် ပြည့်ဝလျက် ရှိကောင်း၏။

x x x

(ဤစာဝါကျတို့ဖြင့် ရှေးစာဆိုရှင်အပေါင်းတို့အား ရှိခိုးပူဇော်ပါသည်) 

 

မောင်လှမျိုး( ချင်းချောင်းခြံ )

#theyangontimes

Rate this item
(0 votes)
back to top