HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဝန်ကြီးချုပ် ညှိနှိုင်းပေးထားသည့်အတိုင်း အလုပ်ရှင်က မလိုက်နာဟုဆိုကာ Blue Moon အထည်ချုပ်စက်ရုံ လုပ်သားများ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့သို့ ထပ်မံတိုင်ကြားရန် ရောက်ရှိ

ဝန်ကြီးချုပ် ညှိနှိုင်းပေးထားသည့်အတိုင်း အလုပ်ရှင်က မလိုက်နာဟုဆိုကာ Blue Moon အထည်ချုပ်စက်ရုံ လုပ်သားများ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့သို့ ထပ်မံတိုင်ကြားရန် ရောက်ရှိ

ရန်ကုန်၊ မတ် ၁၂

စက်ရုံပစ္စည်းများရောင်းချကာ လုပ်သားများကို လစာနှင့်နစ်နာကြေးပေးရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဖြေရှင်းပေးထားမှုအား လုပ်ငန်းရှင်ဘက်မှ လိုက်နာခြင်းမရှိဟုဆိုကာ Blue Moon အထည်ချုပ်စက်ရုံ လုပ်သားများသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှေ့သို့ထပ်မံတိုင်ကြားရန်ရောက်ရှိနေကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ကျန်စစ်သားလမ်းမကြီး၊ အမှတ်(၃၃၂)ရှိ Blue Moon အထည်ချုပ်စက်ရုံမှ လုပ်သားများကို စက်ရုံရှိပစ္စည်းများရောင်းချ၍ လုပ်ခလစာနှစ်လစာနှင့် အလုပ်ပိတ်နစ်နာကြေးငွေပေးချေရန် ဝန်ကြီးချုပ်က ညွှန်ကြားထား သော်လည်း လုပ်ငန်းရှင်ဘက်မှ လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် အဆိုပါအလုပ်သမားများသည် တတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့သို့ရောက်ရှိလာခြင်းဖြစ်ကြောင်း လုပ်သားများထံမှ သိရသည်။


''ပြီးခဲ့တဲ့ မတ် ၈ ရက်မှာ ဝန်ကြီးချုပ်နဲ့ ကျွန်မတို့အလုပ်သမားတွေတွေ့ခွင့်ရပြီး ညှိနှိုင်းမှုမှာ ဝန်ကြီးချုပ်က ချုပ်ဆိုထားတဲ့ စာချုပ်ထဲကအတိုင်း လုပ်ခလစာနဲ့ နစ်နာကြေးတွေကို စက်ရုံက ပစ္စည်း တွေကိုရောင်းချပြီး အမြန်ဆုံးရှင်း ပေးဖို့ ဝန်ကြီးဌာနက တာဝန်ရှိ သူတွေကို မှာခဲ့တယ်။ ဒါပေမဲ့ မရှင်းပေးပါဘူး။ အလုပ်ရှင်ကလည်း မလာဘူး။ အလုပ်သမားကိုယ် စားလှယ်ကလည်းမလာဘူး။ ဒါ ကြောင့် ဝန်ကြီးချုပ်ကိုယ်တိုင် ဦး​ဆောင်ဖြေရှင်းပေးဖို့ ထပ်မံလာ ရောက်ပြီး တောင်းဆိုနေကြတာပါ''ဟု အဆိုပါစက်ရုံမှ အလုပ်သမ မနှင်းနုဝေက ပြောသည်။ 

 

ယနေ့အလုပ်သမားများ၏ တတိယအကြိမ်မြောက်လာရောက် တောင်းဆိုမှုအပေါ် ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က အလုပ်ရှင်လာရောက်ခြင်းမရှိသေးသလို အလုပ်သမားကိုယ်စားလှယ်မလာသဖြင့် ယနေ့ရှင်းမပေးနိုင်ဟုပြောဆိုခဲ့ကြောင်း၊ အလုပ်သမားများ အနေဖြင့်မူ ဝန်ကြီးချုပ်ကိုယ်တိုင် ညှိနှိုင်းဖြေရှင်းပေးရန်သာ တိုင်း ဒေသကြီးရုံးရှေ့တွင် ဆက်လက် စောင့်ဆိုင်းတောင်းဆိုကြပါကြောင်း ၎င်းကဆိုထားသည်။


လုပ်သားများက ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလ လုပ်ခနှစ်လစာနှင့် အလုပ်ပိတ်နစ်နာကြေးပေးရန်တောင်းဆိုနေခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သို့ မတ် ၁ ရက်၊ ၈ ရက်နှင့် ၁၂ ရက်တို့တွင့် လာရောက် တောင်းဆိုခဲ့သည်။ ယင်းစက်ရုံ၏အလုပ်ရှင် အလုပ်သမားပြဿနာနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီး ဦးဇော်အေး မောင်ထံ ဖုန်းဖြင့်ဆက်သွယ်မေး မြန်းရာ ဖုန်းပိတ်ထားပါသဖြင့် ဆက်သွယ်၍မရရှိခဲ့ပေ။ ထို့အတူ သက်ဆိုင်ရာအလုပ်ရုံ အလုပ်သမားဥပဒေရေးရာ စစ်ဆေးရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်း သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ကြောင်းသိရသည်။ 

KSK

#democracytoday

Rate this item
(0 votes)
back to top