HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ယာဉ်စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ထွက်ပြေးသည့်ယာဉ်အား သေနတ်ဖြင့် သတိပေးခြောက်လှန့် ပစ်ခတ်ခဲ့သည့်အတွက် အပစ်ခံရသည့် ထိုင်းနိုင်ငံသားနှင့် ပိတ်ဆို့တာဝန်ကျအဖွဲ့တို့ အပြန်အလှန် အမှုဖွင့်

ယာဉ်စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ထွက်ပြေးသည့်ယာဉ်အား သေနတ်ဖြင့် သတိပေးခြောက်လှန့် ပစ်ခတ်ခဲ့သည့်အတွက် အပစ်ခံရသည့် ထိုင်းနိုင်ငံသားနှင့် ပိတ်ဆို့တာဝန်ကျအဖွဲ့တို့ အပြန်အလှန် အမှုဖွင့်

တာချီလိတ်၊ မတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်၌ ယာဉ်စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ထွက်ပြေးသည့် ယာဉ်အား သေနတ်ဖြင့် သတိပေး ခြောက်လှန့် ပစ်ခတ်ခဲ့သည့်အတွက် သေနတ်အပစ်ခံရသည့် ထိုင်းနိုင်ငံသားနှင့် ပိတ်ဆို့ တာဝန်ကျအဖွဲ့တို့ မတ် ၁၂ ရက်က အပြန်အလှန် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

မကြာမီကာလက တာချီလိတ်မြို့၌ ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ် လူသတ်မှု ကျူးလွန်ခဲ့သည့် တရားခံများ ဖမ်းဆီးရရှိရေးအတွက် တာချီလိတ်ခရိုင် မှုခင်းအကူမှ တာဝန်ရှိသူများ၊ ဟောင်လိတ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မတ် ၁၁ ရက် ည ၁၁ နာရီ မိနစ် ၄ဝ ခန့်တွင် တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက် မြို့အဝင်မုခ်ဦးအနီး၌ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဟောင်လိတ်ဘက်မှ မြို့တွင်းဘက်သို့ အရှိန်ပြင်းစွာ မောင်းနှင်လာသော ခဲရောင်ယာဉ် တစ်စီးအား ရပ်တန့်ရှာဖွေစစ်ဆေးရန် တားဆီးစဉ် အဆိုပါယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ ပိတ်ဆို့နေရာယူ စောင့်ကြပ်နေသော ရဲတပ်သား တစ်ဦးအား ယာဉ်ဖြင့်တိုက်ရန် ပြုလုပ်ကာ မောင်းနှင်သွားစဉ် ၎င်းကို တိုက်မိခြင်းမရှိစေရန် ရဲတပ်သားတစ်ဦးက ၎င်းကိုင်ဆောင်ထား သော M 22 သေနတ်ဖြင့် ခုနစ်ချက်ခန့် အဆိုပါယာဉ်အား သတိပေး ခြောက်လှန့် ပစ်ခတ်သော်လည်း ယာဉ်မှာအရှိန်ပြင်းစွာမောင်းနှင်ထွက်ပြေးသွားသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဟောင်လိတ်ရဲကင်းစခန်းမှ ရဲအုပ်သန်းထွန်းဦးနှင့် အဖွဲ့မှ ထွက် ပြေးသွားသော ယာဉ်အား လိုက်လံရှာဖွေစဉ် မတ် ၁၂ ရက်နံနက် ၂ နာရီခွဲတွင် တာချီလိတ်ပြည်သူ့ ဆေးရုံ၌ သေနတ်ဒဏ်ရာဖြင့် လူနာတစ်ဦး ရောက်ရှိနေကြောင်း သတင်းရရှိ၍ သွားရောက်စစ်ဆေးရာ အဆိုပါဒဏ်ရာရသူမှာ ယာဉ် မောင်းနှင် ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားကူပေ(ခ)စိုင်းဖတ် (၂၇) နှစ် အမ်ဖိန်မိန်ရပ်ကွက် ဖိကျစ်ခရိုင် ထိုင်းနိုင်ငံနေသူဖြစ်ကြောင်း သိရသည်။


''သူက ဟောင်လိတ်ဘက်က နေ မြို့တွင်းဘက်ကိုလာတယ်။ ကျွန်တော်တို့ ပိတ်ဆို့အဖွဲ့ စစ်ဆေးတာကို စစ်ဆေးမခံဘဲ လမ်းယာဘက်က စစ်တပ်ဘက်ကို ချိုးကွေ့ မောင်းပြေးတယ်။ တပ်က တံခါးပိတ်တော့ ဆက်မောင်းလို့ မရ တော့ဘူး။ ပြန်လှည့်လာပြီး ဆက် လက်တားတာကို မရပ်ဘူး။ ရဲတပ်သားတစ်ဦးကိုလည်း တိုက်မလိုလုပ်တယ်။ ကျွန်တော့်ဆီက ရဲတပ်သားက သတိပေးပြီး ပစ်လိုက်တာ ပေါ့။ အဲဒါလည်း မရပ်ဘဲ ဟောင်လိတ်ဘက်ကို ဆက်လက် မောင်း ပြေးသွားတယ်။ လိုက်ရှာသေးတယ်။ မတွေ့ဘဲနဲ့ နံနက် ၂ နာရီလောက် မှာ သေနတ်ဒဏ်ရာနဲ့ ဆေးရုံရောက်တယ်လို့ အကြောင်းကြားလို့ သွားကြည့်မှ သိရတယ်''ဟု ဟောင်လိတ် ရဲကင်းစခန်းမှ ရဲအုပ်သန်းထွန်း ဦးက ပြောသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒဏ်ရာရရှိသူ ထိုင်းနိုင်ငံသားက ၎င်းအား သေနတ်ဖြင့် ပစ်ခတ်သူကို စုံစမ်းဖော်ထုတ်အရေးယူ ပေးရန် တရားလိုပြုလုပ်၍ တိုင်ကြားရာ တာချီလိတ် မြို့မရဲစခန်း က (ပ)၁၂၉/၂ဝ၁၉၊ ရာဇသတ် ကြီးပုဒ်မ-၃ဝ၇ ဖြင့် အမှုဖွင့်ခဲ့သည်။ ''သူတို့ အမှုဖွင့်ထားတာ စခန်းကို အကြောင်းကြားမှ သိရတာပါ။ လက်ရှိ အခြေအနေကတော့ ဒဏ် ရာ ခုနစ်ချက်လို့တော့ သိရတယ်ဗျ။ သူတို့ကတော့ အမှုဖွင့်ထား တော့ စခန်းက စစ်ဆေးဆောင်ရွက်တုန်းလို့တော့ သိရတယ်ဗျ''ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ဝန်ထမ်းများ တာဝန်ဝတ္တရား ဆောင်ရွက်နေစဉ် မဆောင်ရွက်နိုင်အောင် ပြုလုပ်သူ ထိုင်းနိုင်ငံသားအား ဟောင်လိတ်ရဲကင်းစခန်းမှ ရဲအုပ်သန်းထွန်းဦးက တရားလို ပြုလုပ်တိုင်တန်းရာ တာချီလိတ်မြို့ မရဲစခန်းက (ပ) ၁၃ဝ/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၅၃ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 

TT

#democracytoday

Rate this item
(0 votes)
back to top