HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အခြေခံပညာ အတန်းများ၏ အောင်စာရင်းများ ဧပြီ ၂၁ ရက်တွင် ကြေညာမည်

အခြေခံပညာ အတန်းများ၏ အောင်စာရင်းများ ဧပြီ ၂၁ ရက်တွင် ကြေညာမည်

ရန်ကုန်

ပထမတန်းမှ နဝမတန်းအထိ အခြေခံပညာအတန်းများ၏ စာမေးပွဲအောင်စာရင်းကို လာမည့် ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရသည်။ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၅ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကျန်သည့်အတန်းများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၄ ရက်မှ ၁၁ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ''အောင်စာရင်းကြေညာစာရွက်မှာ ခုံအမှတ်၊ အမည်နဲ့ အဘအမည်တို့ကိုပဲ ဖော်ပြသွားမှာပါ။ အောင်စာရင်းစာရွက်တွေ မပျောက်ဖို့၊ မပြဲစေဖို့အတွက်လဲ ဂရုစိုက်ရမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး (စီမံ) ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာမေးပွဲအောင်မြင်ပြီးသူများကို ကြေညာရာတွင် ၂ဝ၁၆-၁၇ ပညာသင်နှစ်၌ အတန်း ကူးပြောင်းစာရင်းဟု ထုတ်ပြန်ပေးရန် ညွှန်ကြားခဲ့သော်လည်း ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်မှစတင်ကာ အောင်စာရင်းဟုသာ ပြောင်းလဲ ကြေညာရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။ ''သင်္ကြန်ရုံးပိတ်ရက်ရှိတယ်။ မိသားစုတွေ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာပဲ ဘုရားဖူးထွက်တာ၊ ခရီးရှည်ထွက်ကြရတာပါ။ ရုံးပိတ်ရက်ကုန်ခါနီးရက်တွေမှာ ပြန်ရောက်တာကြောင့် အောင်စာရင်း ကြေညာပြီး လေးရက်ခန့်နေမှ လာရောက်ကြည့်ရှုတဲ့အတွက် အချို့ကျောင်း တွေမှာ အောင်စာရင်း ထုတ်ပြန်ထားတဲ့စာရွက် တွေ စုတ်ပြဲတာတွေရှိတယ်''ဟု အထက်ပြ တစ်ဦးဖြစ်သူ ဒေါ်ခင်နှင်းဝေက ဆိုသည်။


စတုတ္ထတန်း၊ အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲတွင် ကျရှုံးသူများကို တစ်နှစ်လုံး ဖြေဆိုထားသည့် အခန်းဆုံးစာမေးပွဲများ၊ ပထမနှစ်ဝက်ဆုံးစာမေးပွဲနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်မှုရလဒ်များကိုကြည့်ကာ အအောင်ပေးသင့်ပါက အအောင်ပေးမည်ဟု အခြေခံပညာဦးစီးဌာနမှ သိရသည်။ အဆိုပါအောင်စာရင်းများကို နှစ်စဉ် သင်္ကြန်အပြီး နှစ်ဆန်းနှစ်ရက်နေ့တွင် ထုတ် ပြန်လေ့ရှိသော်လည်း ယခင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှ စတင်ကာ နေ့ရက်ပြောင်းလဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အောင်စာရင်းများကို အခြေခံပညာ ကျောင်းများတွင် ထုတ်ပြန်ပေးသွားမည်ဖြစ် ပြီး တစ်နိုင်ငံလုံးတွင် အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၁ သန်း ကျော်ရှိကြောင်း သိရသည်။

 

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top