HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မဲဆွယ်စည်းရုံးစဉ် ကာလက ပေးခဲ့သည့် ကတိများကို အဓိကထား ဆောင်ရွက်မည်ဟု ဒုတိယမြို့တော်ဝန် ဆို

မဲဆွယ်စည်းရုံးစဉ် ကာလက ပေးခဲ့သည့် ကတိများကို အဓိကထား ဆောင်ရွက်မည်ဟု ဒုတိယမြို့တော်ဝန် ဆို

ရန်ကုန်

မဲဆွယ်စည်းရုံးစဉ်ကာလအတွင်း ပြည်သူများထံသို့ ကတိပေးခဲ့သည့် အချက်များဖြစ်သည့် ခွေးလေခွေးလွင့်နှင့် ယာဉ်ကြောပိတ်ဆို့မှုများကို အဓိကထား ဖြေရှင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ရွေးကောက်ပွဲတွင် ဒုတိယမြို့ တော်ဝန်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဦးစိုးလွင်ကဆိုသည်။ ရွေးကောက်တင်မြှောက်ခံကော်မတီဝင် ခြောက်ဦးနှင့် ယခင်ရှိပြီးသား အစိုးရခန့်မြို့ တော်ဝန်အပါအဝင် ကော်မတီဝင်ငါးဦး စုစု ပေါင်း ၁၁ ဦးတို့သည် လျှို့ဝှက်မဲပေးစနစ်ဖြင့် ဒုတိယမြို့တော်ဝန်အား ဧပြီ ၈ ရက်တွင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

''ပြောင်းလဲမှုကိုတော့ မြင်ရမှာ။ မမြင်ရဘဲနဲ့တော့ မနေဘူး။ ပြောင်းလဲချင်လို့ ဝင် အရွေးခံတာလေ။ တတ်နိုင်သလောက်တော့ ကြိုးစားရမှာပဲ။ လုံလောက်တာ၊ မလုံလောက်တာထက် ကိုယ့်ရဲ့လုပ်ဆောင်ရမယ့်နှစ်ထဲမှာ ကြိုးစားရမှာ။ ကြိုးစားချင်လို့ပဲ လုပ်ချင်လို့ပဲ ဝင်အရွေးခံတာ။ အဓိကလုပ်ဆောင်မှာကတော့ မဲဆွယ်စည်းရုံးရေးတုန်းကပြောတဲ့ ခွေးလေခွေးလွင့်ကိစ္စ၊ နောက်ပြီးတော့ ယာဉ် ကြောပိတ်ဆို့တာတွေပါ။ ဒုမြို့တော်ဝန်ဖြစ်သွားတဲ့အခါ အကုန်လုံးနဲ့ဆိုင်သွားပြီ။ ဘာကို အဓိကထားရမလဲဆိုတော့ အောက်က ဗဟိုကော်မတီရဲ့တင်ပြလာတာကို လုပ်ဆောင်ရမှာ။ ဗဟိုကော်မတီဝင်တွေဘာတွေ တင်ပြလာလဲပေါ့''ဟု ဦးစိုးလွင်က ဆိုသည်။


စည်ပင်ရွေးကောက်ပွဲတွင် ပါတီကြီးနှစ်ခုမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ဝေဖန်မှုများစွာရှိခဲ့သော်လည်း NLD ပါတီဝင်များကို ဝင်ရောက်ယှဉ်ပြိုင် စေခြင်းမှာ ပါတီ၏မူဝါဒများကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက်ဖြစ်ကြောင်းသိရသည်။ ''ကျွန်တော်တို့ပါတီဝင်တွေဟာ အုပ်ချုပ်ရေး အတွေ့အကြုံတွေမရှိဘူးလို့ ပြည်သူ တွေက အမြဲတမ်းပြောခဲ့ကြပါတယ်။ စည်ပင် ရွေးကောက်ပွဲများမှတစ်ဆင့် ပြည်သူက တာဝန်ပေးအပ်လို့ အုပ်ချုပ်ရေးတာဝန်တွေထမ်း ဆောင်ရရင်သူတို့ဟာ အုပ်ချုပ်ရေးအတွေ့ အကြုံတွေ ရရှိလာမယ်။ နိုင်ငံရေးအတွေ့အကြုံနဲ့ ပေါင်းစပ်ပြီးတော့ ပါတီရဲ့မူဝါဒတွေကို အကောင်းဆုံး အကောင်အထည်ဖော်နိုင် အောင်လို့ ဝင်ရောက်အရွေးချယ်ခံခဲ့စေခြင်း ဖြစ်ပါတယ်''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD)၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက် တာမျိုးညွန့်က ပြောသည်။


ရန်ကုန်မြို့တော်စည်ပင် ကော်မတီဝင် ခြောက်နေရာကို NLD ပါတီ ကိုယ်စားပြုကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ရွေးချယ်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်များကို လုပ်ငန်းတာဝန်ချထားရာတွင် ဦးစိုးလွင်သည် ဒုတိယမြို့တော်ဝန်အဖြစ် လည်းကောင်း၊ ကော်မတီဝင်(၇) ဦးဝင်းမြင့်သန်းသည် ရန်ကုန်စည်ပင်တစ်ခုလုံး၏ ပြော ရေးဆိုခွင့်ရှိသူအဖြစ်လည်းကောင်း၊ ကော်မတီဝင်(၈) ဦးသူရအောင်သည် ပတ်ဝန်းကျင် စီမံခန့်ခွဲရေးတာဝန်ခံအဖြစ်လည်းကောင်း၊ ကော်မတီဝင်(၉) ဦးစိန်အုန်းသည် ရေရရှိရေး တာဝန်ခံအဖြစ်လည်းကောင်း၊ ကော်မတီ ဝင်(၁ဝ) ဒေါ်နန့်စုရွှေစင်သည် ကျန်းမာရေး နှင့် ဈေးများဌာန တာဝန်ခံအဖြစ်လည်း ကောင်း၊ ကော်မတီဝင်(၁၁) ဦးမင်းဟန်သည် ရေစီးရေလာနှင့် ရေဆိုးသန့်စင်ရေးလုပ်ငန်းတာဝန်ခံအဖြစ် လည်းကောင်း အသီးသီး တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။

အာကာထက်

#theyangontimes

Rate this item
(0 votes)
back to top