HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ ကျိုက်ထီးရိုးစေတီတော်ရင်ပြင်၌ ဒေသစာရီကြွချီ ပူဇော်ခံမည်

ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ ကျိုက်ထီးရိုးစေတီတော်ရင်ပြင်၌ ဒေသစာရီကြွချီ ပူဇော်ခံမည်

ရန်ကုန် ဧပြီ ၁၈

ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက် မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား ဧပြီ ၁၉ ရက် စနေနေ့တွင် ကျိုက်ထီးရိုးစေတီတော်ရင်ပြင်သို့ ဒေသ စာရီကြွချီ ပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

“မနက်ဖြန်နံနက် ၅ နာရီမှာ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးတွေက အန္တရာယ်ကင်းပရိတ်တွေ ရွတ်ဖတ်ပြီး တော့ မနက်ငါးနာရီခွဲမှာ ရန်ကုန်ကနေ စတင်ပင့်ဆောင်ပူဇော်မှာ ဖြစ်ပါတယ်။ ညနေပိုင်းမှာ ကျိုက်ထီးရိုး စေတီတော် ရင်ပြင်မှာ ရင်ငွေ့လှုံကိန်းဝပ် စံပယ်ပြီးတော့ ပူဇော်ခံထားရှိမှာပါ။ ညပိုင်းမှာ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က ငြိမ်းချမ်းရေး တရားတော် ဟောကြားချီးမြှင့်ပေးမှာ ဖြစ်ပါတယ်” ဟု ဒေသစာရီ ခရီးစဉ်အုပ်ချုပ်သူ အရာရှိ ပြည်တွင်း သာသနာပြုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်မောင်မောင်စိုးက ပြောသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီးတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ စုပေါင်းအားဖြင့် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကိန်းဝပ် စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဒေသစာရီကြွချီအပူဇော်ခံလျက်ရှိရာ ဧပြီ ၂၀ ရက်တွင် မော်လမြိုင်၊ ၂၁ ရက်တွင် ထားဝယ်၊ ၂၂ ရက်တွင် ဘားအံ၊ ၂၃ ရက်တွင် သထုံ၊ ၂၄ ရက်တွင် ပဲခူး၊ ၂၅ ရက်တွင် ပုသိမ်၊ ၂၆ ရက်တွင် ဟင်္သာတ၊ ၂၇ ရက်တွင် ပြည်၊ ၂၈ ရက်တွင် မကွေး၊ ၂၉ ရက်တွင် ပုဂံ၊ ဧပြီ ၃၀ ရက်မှ မေ ၁ ရက် အထိ မုံရွာ၊ မေ ၂ ရက်မှ ၆ ရက်အထိ မန္တလေး၊ မေ ၇ ရက်တွင် ကျောက်ဆည်၊ မေ ၈ ရက်တွင် သဲတော(ဝမ်းတွင်း)၊ မေ ၉ ရက်တွင် တောင်ကြီး၊ မေ ၁၀ ရက်တွင် လွိုင်ကော်၊ မေ ၁၁ ရက်တွင် တောင်ငူ၊ မေ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်တို့တွင် ဒေသစာရီကြွချီ ပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသစာရီကြွချီပူဇော်ခံရာ ခရီးစဉ်တစ်လျှောက်တွင် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကက ငြိမ်းချမ်းရေး တရားတော်များ ဟောကြားချီးမြှင့်ပေး သွားမည်ဖြစ်သည်။

MOI

Rate this item
(0 votes)
back to top