HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လှိုင်သာယာ ညောင်ရွာ မီးဘေးသင့်ပြည်သူများအတွက် ငါးပွင့်ဆိုင် ပါဝင်သည့် ကော်မတီဖွဲ့စည်းပေးရန် မီးဘေးသင့်ပြည်သူများ တောင်းဆို  

လှိုင်သာယာ ညောင်ရွာ မီးဘေးသင့်ပြည်သူများအတွက် ငါးပွင့်ဆိုင် ပါဝင်သည့် ကော်မတီဖွဲ့စည်းပေးရန် မီးဘေးသင့်ပြည်သူများ တောင်းဆို   

ရန်ကုန်၊ ဇွန် ၉ -

လှိုင်သာယာ ညောင်ရွာမီးဘေးသင့်များ အခက်အခဲဖြေရှင်းနိုင်ရန် ပြည်သူ၊ စည်ပင်၊ အိုးအိမ်၊ အုပ်ချုပ်ရေးအဖွဲ့နှင့် လွှတ်တော်အမတ်များ ငါးပွင့်ဆိုင်ပါဝင်သည့် ကော်မတီဖွဲ့စည်း ပေးရန် တောင်းဆိုလိုက်သည်။ ဇွန် ၉ ရက် Myammar Press Freedom Center တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီးဘေးသင့်ပြည်သူများက ယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးတွင် မေ ၅ ရက်က ညောင် ရွာမီးဘေးသင့် ပြည်သူငါးဦးနှင့် တွေ့ဆုံဆွေးနွေးရာတွင် ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ညောင်ရွာ မီးဘေးသင့်အရေး ဆောင်ရွက်မည့် အစီအစဉ်ကို ဇွန်လတွင်တိကျသည့် အဖြေပေးမည်ဟု ပြောခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ညောင်ကျေးရွာ မီးဘေးသင့် ပြည်သူဒေါ်အေးအေးခိုင်က ''အခု ခြောက်လပိုင်းအထိ ဘာအကြောင်း ကြားစာမရှိတဲ့အတွက် ဝန်ကြီးချုပ်ရုံးကိုမရောက်ခင်မှာ ဌာနဆိုင်ရာအသီသီးကို အကြောင်းသိရဖို့ မေးမြန်းစုံစမ်းခဲ့ပါတယ်။ အဲဒီလိုစုံစမ်းတဲ့အချိန်မှာ ဘာတစ်ခုမှ တိကျတဲ့အဖြေကို မရတော့တဲ့အတွက် ဒီဝန်ကြီးချုပ်ရုံးကိုရောက် ရှိခဲ့ရတာဖြစ်တယ်'' ဟု သတင်းစာရှင်းလင်းပွဲ၌ပြောသည်။ ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးရှေ့တွင် ဇွန် ၄ ရက်မှ စတင် ကာ ဇွန် ၉ ရက် (ယနေ့ထိ) ညအိပ်စောင့်ဆိုင်းခဲ့သော်လည်း ထွက် တွေ့ခြင်းမရှိဘဲ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းသာလာတွေ့ကြောင်း ၎င်းင်းက ပြောသည်။ မီးဘေးသင့်ပြည်သူ မတင်တင်ဇော်က ''အခုလက်ရှိဆို တအားဒုက္ခရောက်နေကြတယ်။ မိုးကာလ ဖြစ်နေပြီ။ မိုးကာလဖြစ်တဲ့အတွက် ယာယီစခန်းလေးကလည်း မလုံခြုံ ဘူး။ တာလဘတ် အမိုးတွေကလည်း ဖြစ်သလိုမိုးထားတာပဲ ရှိတယ်။ ယာယီမီးဘေးစခန်းလေးက အဆင်မပြေတော့ဘူး''ဟု ပြောသည်။


ယင်းအပြင် မီးဘေးသင့်ပြည်သူများက ဝန်ကြီးချုပ်ထံမှ မှန်ကန်တိကျသည့် ဖြေဆိုချက်ကို လိုချင် ကြောင်း ဆက်လက် ပြောသည်။  မီးဘေးသင့်ပြည်သူ မခင် လေးနိုင်က ''ဝန်ကြီးချုပ်နဲ့ ဇွန် ၁ဝ ရက်ထိ တွေ့ဆုံခွင့်တောင်းမယ်။ ဝန်ကြီးချုပ်ဆီက တိကျတဲ့အဖြေ ကိုမရတဲ့အတွက် တောင်းဆိုရ ခြင်းဖြစ်ပါတယ်'' ဟု သတင်းစာရှင်းလင်းရာတွင် ပြောသည်။ ဝန်ကြီးချုပ်ကို တွေ့ဆုံခွင့် ရရင် လာရောက်စောင့်ဆိုင်းမှုကို ဌာနဆိုင်ရာများက မနေသင့် မထိုင် သင့်နေရာ၊ နေခွင့်မရှိဟုဆိုကာ လာရောက်တားမြစ်ကြောင်း မီး ဘေးသင့်ပြည်သူ ဒေါ်အေးအေးခိုင်ကပြောသည်။ ထိုကြောင့် မီးဘေးသင့် ပြည် သူ၊ စည်ပင်၊ အိုးအိမ်၊ အုပ်ချုပ် ရေးအဖွဲ့နှင့် လွှတ်တော်အမတ် များ ငါးပွင့်ဆိုင်ပါဝင်သည့် ကော် မတီဖွဲ့စည်းပေးရန် တောင်းဆို ကြောင်း ၎င်းင်းကပြောသည်။


''တွေ့ချင်ပါတယ်။ ဝန်ကြီးချုပ်ကို။ နေရာပြန်လည်ချထား ရေးဟာ ဘယ်အတိုင်းအတာ အထိရောက်ပြီလဲ သိချင်တယ်''ဟု ဒေါ်အေးအေးခိုင်က ပြောသည်။  အကယ်၍ ဝန်ကြီးချုပ်ကို တွေ့ ခွင့်မရခဲ့ပါက ယာယီချထား ပေးသည့်နေရာတွင် တစ်မိုးတွင်း ခိုနိုင်ရန်အတွက် အခိုင်အမာ တည် ဆောက်မည်ကို ဌာနဆိုင်ရာတာဝန် ရှိသူများက တာဝန်ယူပေးရန် မီး ဘေးသင့်ပြည်သူများက တောင်း ဆိုခဲ့ကြသည်။ လှိုင်သာယာမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးဝင်းမောင်က ''လှိုင်သာ ယာမြို့နယ် ဧရိယာထဲမှာရှိတဲ့ မြေ ဧကသုံးရာလောက်ကို ကျူးကျော် တွေအတွက် မြေကွက်ရိုက်ပြီးတော့ နေရာချထားပေးမယ်။ မီးလောင် သွားတဲ့ ကျူးကျော်တွေအတွက် ဦးစားပေးပြီးချပေးမယ်လို့ ပြော ထားပြီးပြီ။ မီးလောင်သွားတဲ့ ကျူး ကျော်တွေရဲ့ တက်ရောက်လာတဲ့ ခေါင်းဆောင်ပိုင်းတွေကလည်း ဒီ ကိစ္စကို သဘောတူလက်ခံပြီးတော့ ပြန်သွားကြပြီ'' ဟု ဒီမိုကရေစီတူ ဒေး၏ မေးမြန်းမှုကို ဖြေကြား သည်။


နေရာချထားရန် ပြည်ထောင် စုအစိုးရထံ တင်ပြထားပြီး အကွက်ရိုက်ရမည့်မြေကွက်ကို စနစ်တကျ လုပ်ဆောင်ရမှုများရှိနေ၍ အချိန် ကြာနေခြင်းဖြစ်ကြာင်း ၎င်းင်းက ပြောသည်။  ယာယီချထားပေးသည့် နေရာမှာ လှိုင်သာယာမြို့နယ်၊ စက်ဆရာမောင်သန်းလမ်း၊ ပန်းလှိုင် ဂေါက်ကွင်းရှေ့မြေနေရာတွင်ဖြစ် ပြီး မီးဘေးသင့်အိမ်ထောင်စု ၃၂ စုရှိကာ ၎င်းင်းတို့သည် အစိုးရအသိ အမှတ်ပြုထားသည့် ကျူးကျော် စမတ်ကတ်ရှိကြောင်းသိရသည်။ လှိုင်သာယာမြို့နယ်၊ ညောင်ရွာတွင် ယခုနှစ် မတ် ၉ ရက်နှင့် ၂၁ ရက်တို့က မီးဘေးနှစ်ကြိမ်သင့်ခဲ့ပြီး ကျူးကျော်နေထိုင်သူများ အပါအဝင် အိမ်ထောင်စု ၁၉ဝ ကျော် (လူဦးရေ ၇ဝဝ ကျော်)အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ရသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top