HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တံတားပေါ် ရပ်ထားသော ကွန်ကရစ်ဓာတ်တိုင်တင် ဆယ်ဘီးယာဉ်ကို နောက်မှ ကိုယ်ပိုင်ကားဝင်တိုက်၊ ဆရာဝန်သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ  

တံတားပေါ် ရပ်ထားသော ကွန်ကရစ်ဓာတ်တိုင်တင် ဆယ်ဘီးယာဉ်ကို  နောက်မှ ကိုယ်ပိုင်ကားဝင်တိုက်၊ ဆရာဝန်သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ   

ရန်ကုန်၊ ဇွန် ၁၁

ဖျာပုံမြို့ ချောင်းတွင်းတံတားပေါ်၌ ကွန်ကရစ်ဓာတ်တိုင်များ တင်ဆောင်ပြီး ရပ်ထားသည့် ဆယ်ဘီးယာဉ်ကို ကိုယ်ပိုင်ကားက နောက်မှဝင်တိုက်ခဲ့ရာ ဆရာဝန်သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ (၁၆) ရပ်ကွက်၊ ဖျာပုံ-ကျိုက်လတ်- မအူပင်ကားလမ်းအတိုင်း ကျိုက်လတ်မှ ဖျာပုံသို့ ဒေါက်တာဝေယံမျိုးထက်မောင်းလာသည့် မစ်ဆူဘီရှီအဖြူရောင်ယာဉ်မှာ ဇွန် ၁၁ ရက် နံနက် ၃ နာရီခွဲခန့်က ချောင်းတွင်းတံတား ပေါ်အရောက် ကွန်ကရစ်ဓာတ်တိုင်များတင်ဆောင်၍ရပ်ထား သော Nissan Condor အမျိုး အစား အဖြူ/မီးခိုးရောင် ဆယ်ဘီးယာဉ်အား နောက်မှ ဝင်တိုက်မိ ခဲ့ကြောင်း ဖျာပုံမြို့မရဲစခန်းထံမှ စုံစမ်းသိရသည်။

ဝင်တိုက်ရာတွင် ကွန်ကရစ် ဓာတ်တိုင်များသည် မစ်ဆူဘီရှီယာဉ် နောက်မှန်အထိ ဖောက်ထွက်ခဲ့ ကြောင်း၊ ယာဉ်ပေါ်ပါသူဆရာဝန် များဖြစ်သည့် ယာဉ်မောင်းဒေါက် တာဝေယံမျိုးထက်၊ ယာဉ်ပေါ်ပါ သူ ဒေါက်တာအေးမြတ်သူနှင့် ဒေါက်တာပန်ဂျာထွယ်တို့ သုံးဦး အခင်းဖြစ်နေရာတွင်ပင် သေဆုံးပြီး ဒေါက်တာနေမျိုးစု၊ ဒေါက်တာလှမျိုးသူနှင့် ဒေါက်တာနှင်းအိစိုးတို့ သုံးဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ဖျာပုံမြို့မရဲစခန်းထံမှ သိရသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူ များကို ဖျာပုံဆေးရုံကြီးသို့ ပို့ ဆောင်ခဲ့ကြောင်း ဖျာပုံမြို့မရဲစခန်း ထံမှ သိရသည်။


ဖျာပုံမြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက ''ကွန်ကရစ်ဓာတ် တိုင်တွေကို ဝင်တိုက်မိတဲ့ကားရဲ့ နောက်မှန်တွေအထိ ဖောက်ထွက် သွားတယ်။ ယာဉ်မောင်းလာတဲ့ ဒေါက်တာဝေယံမျိုးထက်က ယာမျက်ခုံး ယာပါးပေါက်ပြဲဒဏ်ရာ၊ ယာမေးရိုးပေါက်ပြဲဒဏ်ရာ၊ လည်ပင်း ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်။ ဒေါက်တာအေးမြတ် သူက မျက်နှာပေါက်ပြဲ ပိန်ချိုင့် ဒဏ်ရာနဲ့ သေဆုံးတယ်။ ဒေါက်တာ ပန်ဂျာထွယ်မှာ ဦးခေါင်းနဲ့မျက်နှာ ယာဘက်ခြမ်း ပေါက်ပြဲပိန်ချိုင့် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။ ကျန်သုံးဦးကတော့ ဒဏ်ရာအနည်း ငယ်စီရပေမယ့် စိုးရိမ်စရာမရှိ ပါဘူး''ဟု ဒီမိုကရေစီတူဒေး၏မေးမြန်းမှုကို ဖြေကြားသည်။


အခင်းဖြစ်စဉ်တွင် ညအချိန် ယာဉ်မရပ်နားရသည့်တံတားပေါ် ရောင်ပြန်အချက်ပြမီးများ တပ်ဆင် ခြင်းမရှိဘဲ စည်းကမ်းမဲ့ရပ်ထားသည့် ကွန်ကရစ်ဓာတ်တိုင်များတင်ဆောင်ထားသော ယာဉ်မောင်းဝဏ္ဏနှင့် ယာဉ်မဆင်မခြင်မောင်းသူ ဒေါက်တာဝေယံမျိုးထက်တို့ နှစ်ဦးကို အမှုဖွင့်ထားကြောင်း ဖျာပုံမြို့မရဲစခန်းထံမှသိရသည်။ ယင်းအမှုနှင့်ပတ်သက်ပြီး ဖျာပုံမြို့မရဲစခန်းတွင်ယာဉ်(ပ) ၃၆/၂ဝ၁၉၊ ပေါ့လျော့မှုကြောင့် လူသေမှုပုဒ်မ-၃ဝ၄(က)၊ နာကျင်စေ မှုပုဒ်မ-၃၃၇ ဖြင့် ယာဉ်မောင်းနှစ်ဦးစလုံးကို အမှုဖွင့်အရေးယူထားသည်။

WYHW/MM

#democracytoday

Rate this item
(0 votes)
back to top