Friday, 12 January 2018 14:11

ပထမခေါင်းလောင်း ထိုးပြီ

Written by ဗညားကျော်
Rate this item
(0 votes)

ဗညားကျော်

-------------------

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေးသတင်းစာတွင် ၂ဝ၁၈ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအချိန်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှထုတ်ပြန်ခဲ့ပြီး ယခုပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူရှစ်သိန်းလေးသောင်းကျော်ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် မတ်လတွင်ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအချိန်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အတည်ပြုထုတ်ပြန်ခဲ့ရာ မတ် ၇ ရက်တွင် မြန်မာစာ၊ မတ် ၈ ရက်တွင် အင်္ဂလိပ်စာ၊ မတ် ၉ ရက်တွင် သင်္ချာ၊ မတ် ၁၂ ရက်တွင် ဓာတု ဗေဒနှင့် စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၃ ရက်တွင် ရူပဗေဒ၊ မတ် ၁၄ ရက်တွင် ဇီဝဗေဒနှင့် ဘောဂ ဗေဒ၊ မတ် ၁၅ ရက်တွင် ပထဝီဝင်၊ မတ် ၁၆ ရက်တွင် သမိုင်းဘာသာရပ်တို့ကို အသီးသီးကျင်းပမည် ဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ်တွင်ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ရှစ်သိန်းလေးသောင်းကျော် ဝင်ရောက်ဖြေဆိုမည်ဖြစ်ရာ ယခင်နှစ်ကထက် တစ်သိန်းနီးပါးပိုလာခဲ့ကြောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနမှသိရကြောင်း သတင်းကိုဖော်ပြထားသည်ကို ဖတ်ရသည်။


အရေးအကြီးဆုံး

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား အားလုံးက ကျောင်းသားဘဝတွင် အရေးအကြီးဆုံးဟုခံယူထားကြသကဲ့သို့ ကျောင်းသားမိဘများကလည်း မိမိတို့သားသမီးများ၏ဘဝရှေ့ရေးကို အဆုံးအဖြတ်ပေးမည့်စာမေးပွဲအဖြစ် မှတ်ယူထားကြသည်သာမက ဘာသာရပ်အသီးသီးကို သင်ကြားပို့ချပေး ကြသော ဆရာ၊ ဆရာမများကလည်း မိမိတို့၏တပည့်များ စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ကြစေရန် ဆန္ဒရှိကြပေရာ ထိုစာမေးပွဲကြီးကို ကျောင်းသားမိဘ၊ ဆရာအားလုံးက စိတ်ဝင်စားလျက်ရှိကြသည်မှာ မဆန်းလှပေ။ တက္ကသိုလ်ဝင်တန်းဟူသော အဟန့်အတား တံတိုင်းကြီးကို အောင်မြင်စွာကျော်လွှားနိုင်ရန် ကာယကံရှင်ကျောင်းသား၊ ကျောင်းသူများက ကျားကုတ်ကျားခဲကြိုးစားနေကြသကဲ့သို့ မိဘ၊ ဆရာများကလည်း အတူလက်တွဲကာ ပံ့ပိုးဖေးကူအားပေးလျက်ရှိသည်မှာ ခေတ်အဆက်ဆက်နှစ်ပေါင်းများစွာကြာ မြင့်ခဲ့ပြီဖြစ်သည်။ ကျွန်တော်သည်လည်း တစ်ချိန်က ထိုတံတိုင်း ကြီးကိုကျော်လွှားရန် ကြိုးစားခဲ့သူတစ်ဦးဖြစ်ခဲ့ဖူးကာ ဥာဏ်၊ ဝီရိယအကျိုးပေးဖြင့် နှစ်ချင်းပေါက်ဖြတ်ကျော် နိုင်သူဖြစ်ခဲ့ပါသည်။

 

မက်ထရစ်

ထိုစဉ်က ရှစ်တန်းအောင်ပြီးလျှင် မက်ထရစ် (Matric)ခေါ် တက္ကသိုလ်ဝင်တန်းကိုတက်ကြရသည်။ စာမေးပွဲကိုလည်း မက်ထရစ်စာမေးပွဲ(သို့မဟုတ်) တက္ကသိုလ်ဝင်တန်းစာမေးပွဲဟုခေါ်သည်။ အောင်စာရင်းထွက်သောအခါတွင်လည်း နှစ်မျိုးခွဲထွက်သည်။ ပထမဦးစွာတန်းမြင့်ကျောင်းထွက် စာမေးပွဲအောင်စာရင်း(High School Final)(သို့ မဟုတ်)ကျောင်းထွက်လက်မှတ်ရ စာမေးပွဲအောင်စာ ရင်း(School Leaving Certificate) ထွက်သည်။ နောက်တစ်ပတ်ခန့်အကြာတွင်မှ အဆိုပါအောင်စာ ရင်းတွင်ပါဝင်သူများထဲမှ မက်ထရစ်ခေါ် တက္ကသိုလ် ဝင်တန်းစာမေးပွဲအောင်စာရင်းကို ထပ်မံထုတ်ပြန် သည်။ တန်းမြင့်ကျောင်းထွက်(သို့မဟုတ်)ကျောင်းထွက် လက်မှတ်ရစာမေးပွဲအောင်သူသည် နောင်နှစ်တွင် ကျောင်းဆက်တက်ကာ မြန်မာစာနှင့် အင်္ဂလိပ်စာနှစ်ဘာသာကိုသာ မက်ထရစ်စာမေးပွဲတွင် ပြန်ဖြေရ တော့သည်။ သို့မဟုတ်ပါက အလုပ်ခွင်ဝင်၍ မက်ထရစ်စာမေးပွဲကို ပြင်ပမှဝင်ရောက်ဖြေဆိုနိုင်သည်။ မက်ထရစ်ခေါ် တက္ကသိုလ်ဝင်တန်းအောင်သူကမူ နှစ်သက်ရာတက္ကသိုလ်တက်ခွင့်ရှိသည်။ သို့မဟုတ်ပါကလည်း လုပ်ငန်းခွင်ဝင်ကာ တက္ကသိုလ်ပညာရပ်များကို ပြင်ပမှဝင်ရောက်ဖြေဆိုနိုင်သည်။ ထိုစဉ်က မက်ထရစ်စာမေးပွဲကို အောင်သူနည်းပါးခဲ့ရာ ''မက်တစ်လစ်''ဟုပင် ဟာသနှောပြီးပြောကြသည်။ ထို့ကြောင့်ပင် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် အရေးကြီးဆုံးဟု ကျွန်တော်တင်စားဖော်ပြခဲ့ခြင်း ဖြစ်ပါ၏။


သည်အချိန်ရောက်လျှင်

ကျွန်တော်တို့ခေတ်က ယခုအချိန်ဆိုလျှင် သင်ရိုးညွှန်းတမ်းများပြီးဆုံးလုနီးပြီဆိုသည်ကို မှတ်မိနေသည်။ ခရစ္စမတ်အလွန်ကာလများသည် စာမေးပွဲကြီး နီးပြီဆိုသည်ကို ညွှန်ပြနေသည်။ စာမေးပွဲအချိန်စာ ရင်းများလည်းထွက်ပြီ။ အရင်က မုန့်စားဆင်းချိန်၊ ထမင်းစားဆင်းချိန်များတွင် အချိန်ပိုနေပါက ရောက်တတ်ရာရာများပြော ခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် အချိန်ကုန်ဆုံးစေ ခြင်းများပြုကြသော်လည်း ယခုမူ ရသရွေ့အချိန်ကလေးကို စာအုပ်နှင့် မျက်နှာမကွာပြုလာကြသည်။ တစ်ခါတစ်ရံ ကျောင်းအရှေ့ဘက်ခြံစည်းရိုး ဖြောက်ဆိပ်ပင်ကြီးများမှ ဖြောက်ဆိပ်သီးများလေ အဝှေ့တွင် လွင့်ပျံ့ကျလာသည်ကို လိုက်လံဖမ်းယူရင်း စိတ်အပန်းဖြေခြင်းများကိုသာရနိုင်တော့သည်။


ပြန်လည်သင်ကြားခြင်း

သင်ရိုးညွှန်းတမ်းများပြီးဆုံးသွားပြီဆိုလျှင် သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆရာ၊ ဆရာမများက ပြန်လည်သင်ကြားခြင်းခေါ် Revision ကို စပါတော့သည်။ ဤအချိန်တွင် တစ်နှစ်လုံး၏နှစ်ချုပ်ကို ပြန်လည်သင်ကြားခြင်းဖြစ်ရာ ယူတတ်သူတို့အဖို့ တန်ဖိုးကြီး မားလှသည်။ ဆရာ၊ ဆရာမများက စေတနာအပြည့် ဖြင့် အပင်ပန်းခံသင်ကြားပို့ချခြင်းကို ကျောင်းသား၊ ကျောင်းသူများကလည်း လေးစားစွာခံယူမှတ်သားကြသည်။ ယူတတ်လျှင် မိမိအတွက်ချည်းဖြစ်သည် မဟုတ်ပါလား။


အချိန်ပို

ဖေဖော်ဝါရီလဆန်းပြီဆိုသည်နှင့် ဆရာ၊ ဆရာမများက အချိန်ပိုခေါ်ယူတော့သည်။ ပုံမှန်အားဖြင့် ကျောင်းတက်ချိန်သည် နံနက် ၉ နာရီဖြစ်သော်လည်း တက္ကသိုလ်ဝင်တန်းကျောင်းသားများအဖို့ ၇ နာရီတွင် သင်တန်းစပြီ။ ထိုသင်တန်းချိန်များတွင် ဆရာ၊ ဆရာမများက အရေးကြီးသောမေးခွန်းများနှင့် ပုစ္ဆာများကို အဖြေ များနှင့်တကွ ရှင်းလင်းနားလည်အောင်သင်ကြား ပေးကြသည်။


ကိုယ်ပိုင်စာကြည့်ချိန်

စာမေးပွဲကြီးစစ်ရန် ၁ဝ ရက်ခန့်အလိုတွင်မူ စာသင်ကြားပို့ချမှုများကိုရပ်ဆိုင်းလိုက်ကာ ကိုယ်ပိုင်စာကြည့်ချိန်f(Private Study)ပေးလိုက်သည်။ ထိုအချိန်သည် စာမေးပွဲအောင်လိုသူ ကျောင်းသား၊ ကျောင်းသူများအဖို့ ခေါင်းမဖော်တမ်းကျက်ရမှတ်ရလေ့ကျင့် ရတော့မည့်အချိန်ဖြစ်သည်။ ပေါ့ဆလျှင် ထိုပေါ့ဆမှု ၏ဆိုးကျိုးကို ပြုသူသာခံရတော့မည်ဖြစ်သည်။


အကြံပြုလိုသည်

ကျွန်တော်သည် ကျောင်းတွင် လူတော်စာရင်း၌မပါသကဲ့သို့ လူညံ့စာရင်းလည်းမပေါက်ပါ။ အလယ်အလတ်အဆင့်သာရှိပါသည်။ ထူးချွန်ထက်မြက်သူ မဟုတ်သော်လည်း ကံ၊ ဥာဏ်၊ ဝီရိယ၏အကျိုးကိုယုံ ကြည်သူဖြစ်ပါသည်။ ဇွဲနှင့်လုံ့လကို အလေးထားသူ ဖြစ်ပါသည်။ နှစ်စမှစ၍ ဆရာ၊ ဆရာမများ၏ အတန်းဝင်ချိန်များတွင် အသေအချာလေးစားစွာ နာယူမှတ်သားသည်။ မှတ်စုများရအောင်ယူသည်။ တစ်နေ့စာတစ်နေ့ ရအောင်ကျက်မှတ်သည်။ တွက်ချက်လေ့ကျင့်သည်။ သို့သော် ကျောင်းစာကိုချည်း အချိန်ရှိတိုင်းလုပ် ကိုင်နေသည်မဟုတ်ဘဲ အိမ်အလုပ်များကိုလည်း တတ်နိုင်သည့်ဘက်မှ ဝင်ကူလုပ်သည်။ ညနေပိုင်း တွင် ကျန်းမာရေးအတွက် ကိုယ်ကာယလှုပ်ရှားမှုကို မဖြစ်မနေလုပ်ဆောင်သည်။ မည်သည့်ရက်တွင်မှ ညလုံးပေါက် မအိပ်မနေ စာကျက်ခြင်းမျိုးမပြုသကဲ့သို့ မည်သည့်ရက်တွင်မှ နေမြင့်အောင်အိပ်လေ့မရှိပါ။ သူ့အချိန်နှင့်သူ ပုံမှန် လည်ပတ်လုပ်ဆောင်သွားသည်သာရှိပါသည်။ အထူးသဖြင့် စာမေးပွဲကြီးဖြေဆိုရမည့်အချိန်သည် ဆောင်းနှောင်းကာလ နွေသို့အကူးဖြစ်ရာ ရာသီဥတု အပြောင်းအလဲတွင် ကျန်းမာရေးကို ဂရုပြုရန်လိုသည်။


ပထမခေါင်းလောင်း

ကျွန်တော်တို့ကျောင်းသားဘဝက ကျောင်းတက်ချိန်တွင် ပထမခေါင်းလောင်းခေါ် (First Bell) နှင့် ဒုတိယခေါင်းလောင်းခေါ် (Second Bell) ထိုး လေ့ရှိသည်။ ပထမခေါင်းလောင်းထိုးလျှင် ရောက်သည့်နေရာမှ မိမိစာသင်ခန်းရှိရာသို့ အရောက်ပြန်လာကာ အသင့်နေရာယူထားရသည်။ ဒုတိယ ခေါင်း လောင်းထိုးလျှင် ဆရာ၊ ဆရာမများက အတန်းဝင်လာ ပြီး သင်ကြားပို့ချမှုများကို စတင်ပို့ချခြင်းကို ခံယူရသည်။ ယခုစာမေးပွဲအချိန်စာရင်းများထုတ်ပြန်လိုက် ခြင်းသည် ကျောင်းသား၊ ကျောင်းသူများအား အသင့်အနေအထားတွင်ရှိရန်သတိပေးလိုက်ခြင်းနှင့် အလားသဏ္ဌာန်တူပေရာ ဒုတိယခေါင်းလောင်းထိုး သံကိုနားစွင့်ရင်း စာမေးပွဲကြီးအတွက် ပြင်ဆင်ကြပါစို့။ ။

 

ဗညားကျော်

#democracytoday

Read 1230 times
Login to post comments