HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြေပုံမြို့နယ်တွင် ရှို့ မီးကြောင့် အိမ် ၉ဝ ကျော် မီးလောင်မှုဖြစ်ပွား

မြေပုံမြို့နယ်တွင် ရှို့ မီးကြောင့် အိမ် ၉ဝ ကျော် မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ မေ ၁၃

မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာတွင် မီးလောင်မှုကြောင့် နေအိမ်အလုံး ၉ဝ ကျော် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာတွင် မေ ၁၂ ရက် ည ၁၁ ခွဲခန့်က မီး လောင်မှုဖြစ်ပွားခဲ့ရာ ကျေးရွာရှိ ရွာသူ၊ ရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မေ ၁၃ ရက် နံနက် ၁ နာရီခွဲတွင် မီးထိန်းနိုင်ပြီး နံနက် ၅ နာရီတွင် မီးငြိမ်းခဲ့ကြောင်း မြေ ပုံမြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူကပြောသည်။

ဝဘော်ကြီးကျေးရွာတွင် နေအိမ်ပေါင်း ၁၃၅ အိမ်ရှိသည့်အ နက် ၉၄ အိမ်မှာ မီးလောင်ကျွမ်း ခဲ့ကြောင်း၊ မီးစတင်လောင်သည့် အိမ်မှာ ကျေးရွာရှိ ဦးအောင်ဘ သိန်း (၇၂) နှစ် ပိုင်ဆိုင်သည့် ပျဉ်ကာ၊ ပျဉ်ခင်း၊ ဓနိမိုး နှစ်ထပ်နေအိမ်မှဖြစ်ပြီး ၎င်းသည် လွန်ခဲ့သည့် ၁ဝ ရက်ခန့်မှစ၍ နေထိုင်ခြင်းမရှိ တော့ကြောင်း သိရသည်။ ''မီးဘေးသင့် ပြည်သူတွေ အတွက်တော့ အရေးပေါ်ကူညီမှု တွေ အရေးတကြီးလိုနေပါတယ်'' ဟု ကျေးရွာသားတစ်ဦးဖြစ်သူ ကို အောင်ဌေးကပြောသည်။ မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၂၆ စုမှ လူ ပေါင်း ၁ဝ၃ ဦးရှိပြီး ၎င်းတို့အား ဝဘော်ကြီးကျေးရွာ ဘုန်းကြီးကျောင်းနှင့် Cyclone Shelter များတွင် ယာယီနေရာချထားကြောင်း သိရသည်။


မြေပုံမြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူက ''မီးသတ်ယာဉ်ကမထွက်နိုင်ဘူး။ မီးလောင်တဲ့ကျေးရွာက ဟန်တာပင်လယ်ထဲမှာရှိတဲ့ ကျွန်းလေးပေါ်က ကျေးရွာလေး။အဲဒီနေရာသွားမယ်ဆို ရေမိုင် ၂၅ မိုင်လောက်ဝေးတယ်။ မီးလောင် ပြီးတော့မှသိတယ်''ဟု ပြောသည်။ ယင်းရွာမှ အိမ်ထောင်စုအများစုမှာ သဘာဝဘေးအန္တရာယ် ကျရောက်မည်ကို စိုးရိမ်သဖြင့် ရန် ကုန်-စစ်တွေကားလမ်းမဘေးရှိ သီလာကျေးရွာသို့ ပြောင်းရွှေ့ သွားကြသဖြင့် မီးလောင်ခံရသော အိမ်များအနက် ၂၆ အိမ်မှာသာ လူနေထိုင်နေကြောင်းသိရသည်။  ''လောင်တဲ့အိမ်က ဦးအောင် ဘသိန်းနေအိမ်က။ သူတို့အိမ်မှာ တစ်ယောက်မှမရှိဘူး။ ရွာသစ်ကို ပြောင်းသွားတာ ၁ဝ ရက်လောက်ရှိပြီ။ မီးဖိုချောင်သုံးပစ္စည်းတွေကစ အကုန်ယူသွားပြီ။ အဲဒီအိမ်ရဲ့ ခေါင်းရင်းဘက်က စလောင်တာ။ သူအိမ်မှာလည်း လောင်စာပစ္စည်း တွေလည်း မရှိဘူး။ ပတ်ဝန်းကျင် အိမ်နီးနားမှာလည်း အိမ်တွေတော့ရှိတယ်။ လူတွေတော့မရှိတော့ဘူး။ အလိုအလျောက်လောင်ဖို့လည်း အဲဒီရွာမှာ လျှပ်စီးမီးလည်း မရှိဘူး။ လောင်တဲ့အချိန်ကလည်း လူ ခြေတိတ်ချိန်ဆိုတော့ ဒေသခံတွေ ရဲ့ ပြောဆိုချက်အရ မီးလောင်တဲ့ အနေအထား တွေ့ရှိချက်အရ ရှို့ မီးလို့ သက်မှတ်ပါတယ်'' ဟု ဒီမိုက ရေစီတူဒေးသို့ မေ ၁၃ ရက်က ပြောသည်။


မီးလောင်မှုတွင် လူအသေ အပျောက်မရှိခဲ့ဘဲ ပျက်စီးဆုံးရှုံးမှု ငွေကျပ် ၆၈ သိန်းကျော်ရှိကြောင်း၊ အဆိုပါကျေးရွာတွင် ရခိုင်လူမျိုးအများဆုံးနေထိုင်ကြောင်း ၎င်းကဆက်လက်ပြောသည်။  ကန်ဒေါ့ကြီးနယ်မြေရဲစခန်း မှူး ရဲအုပ်စောတင့်က ''ဘယ်သူ ရှို့သွားလဲတော့ မသိသေးဘူး။ မီးရှို့သွားတာ လူတစ်ဦးသော်လည်း ကောင်း၊ လူအချို့သော်လည်း ကောင်း ဖြစ်နိုင်တဲ့ပုံမျိုးရှိတယ်။ ရှို့တဲ့သူကို စုံစမ်းနေတယ်'' ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ယင်းကျေးရွာမီးလောင်မှုနှင့် ပတ်သက်ပြီး မြေပုံမြို့နယ် ကန်ဒေါ့ ကြီးနယ်မြေရဲစခန်းမှ (ပ)၂၃/ ၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၄၃၆ (ရှို့မီး)ဖြင့် အမှုဖွင့်ထားသည်။


#democracytoday

Rate this item
(0 votes)
back to top