HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ပြစ်မှု ကင်းရှင်းကြောင်းနှင့် စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက် တင်ပြရန် မလိုတော့ဟု ပညာရေး ပြည်ထောင်စု ဝန်ကြီး ဆို

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ပြစ်မှု ကင်းရှင်းကြောင်းနှင့် စာရိတ္တ ကောင်းမွန်ကြောင်း  ထောက်ခံချက် တင်ပြရန် မလိုတော့ဟု ပညာရေး ပြည်ထောင်စု ဝန်ကြီး ဆို

ရန်ကုန်၊ မေ ၁၄

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် ပြစ်မှုကင်းရှင်းကြောင်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်တင်ပြရန် မလိုတော့ဟု ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။ မေ ၁၄ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် ဒေါက်တာဒေါ်ပြုံးက တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရသည့် ထောက်ခံစာများအနက် အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ၏ ထောက်ခံစာကို ပယ်ဖျက်ပေးရန် အစီစဉ်ရှိ၊ မရှိ မေးမြန်းမှုအပေါ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြရတဲ့ ကလေးများဟာ ဆေးရုံသွားလိုက်ရ၊ ရဲစခန်းသွားလိုက်ရနဲ့ ထောက်ခံစာများကို အဆင်ပြေစွာရရှိကြတာတော့ မဟုတ်ပါဘူး။ တာဝန်ရှိသူများ မအားလပ်တဲ့အခါမှာ ညအိပ်ပြီးစောင့်ကြရတဲ့အခါများလည်း ရှိကြပါတယ်။ ရန်ပုံငွေလည်း ငါးရာ သို့မဟုတ် တစ်ထောင် တော့ ပေးကြရပါတယ်။ အကျင့်စာရိတ္တကောင်းမွန်ကြောင်းနဲ့ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ တွေဟာ ကျွန်မတို့ငယ်ငယ်ကနေ ယခုအထိယူနေရတဲ့ ထုံးစံတစ်ခုလို ဖြစ်ပါတယ်။ ပြစ်မှု၊ ပြစ်ဒဏ်တစ်စုံတစ်ရာကိုမှ ကိုးကားခြင်း မဟုတ်ဘဲ ရဲဝန်ထမ်းစာရေးက ဖောင်ဖြည့်ပြီး သက်ဆိုင်ရာရဲအရာရှိတစ်ဦးက လက်မှတ်ထိုးပေးတာပဲ ဖြစ်ပါတယ်'' ဟု ဒေါက်တာ ဒေါ်ပြုံးကဆိုသည်။ တက္ကသိုလ်ဝင်ခွင့် စိစစ်ဌာနတွင်လည်း ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာအပေါ် အမှန်တကယ်စိစစ်ပြီး ဆက်လက်ဆောင်ရွက် ခြင်းမရှိပါက ထောက်ခံစာသည် တက္ကသိုလ်ဝင်ခွင့်၌ အသုံးဝင်ခြင်းမရှိဟု ၎င်းကဆိုသည်။


ယခုအခါပြစ်မှုကြောင့် အကျဉ်းကျခံနေရပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများကို ထူးချွန်စွာ အောင်မြင်နေသူများကို လွတ်ငြိမ်းသက်သာခွင့်ပေးကာ တက္ကသိုလ်တက်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ပူးတွဲတင်ပြရသော ပြစ်မှုကင်းရှင်း ကြောင်း ထောက်ခံစာကို ပယ်ဖျက်ရန်ရှိ၊ မရှိ ဒေါက်တာဒေါ်ပြုံးကဆိုသည်။ ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် အောင်မြင်သူများမှစ၍ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်များတွင် အဆိုပါထောက်ခံစာများပူးတွဲတင်ပြရမည်ဟု ထည့်သွင်း ဖော်ပြသတ်မှတ်ထားမှုမရှိတော့ ကြောင်း ၂ဝ၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင်လည်း ထောက်ခံစာများ တင်ပြရမည်ဟု ထည့်သွင်းထားခြင်းမရှိတော့ ကြောင်းဆိုသည်။ ဒေါက်တာဒေါ်ပြုံးက လမ်းညွှန်တွင် မဖော်ပြထားသော်လည်း မြို့နယ်များတွင် ၂ဝ၁၇ ခုနှစ်အထိ ထောက်ခံချက်များယူကာ တင်ပြ နေရဆဲဖြစ်ကြောင်း၊ ထို့ကြောင့် မည်သို့စီစဉ်ပေးမည်ကိုသိလိုကြောင်း ထပ်လောင်းမေးသည်။


ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ''ပြန်လည်ပြီး တော့ စိစစ်လိုက်ပါမယ်။ ဒီနှစ် ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ပြီးတာနဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ် တွေကိုလည်း အချိန်မီထုတ်ပြန်နိုင်ဖို့ ကျောင်းသား၊ ကျောင်းသူ တွေလက်ထဲရောက်ရှိအောင် စီစဉ် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တီဗွီတွေ၊ သတင်းစာတွေ၊ မီဒီယာ တွေမှာပါ ပူးတွဲတင်ပြဖို့ မလိုအပ် တော့ပါဘူးဆိုတာကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားပါမယ်''ဟု ဖြေကြားခဲ့သည်။ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာတွင် အမှတ်စာရင်း၊ ဦးစား ပေးရွေးချယ်မည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ၊ ကျန်းမာကြောင်း မြို့နယ်ကျန်းမာရေးဦးစီးမှူး စစ် ဆေးလွှာတစ်စောင်၊ ရပ်ကွက် ကျေးရွာဥက္ကဋ္ဌ၏ ရပ်ကွက်ကျေးရွာအတွင်းနေထိုင်ကြောင်း ထောက်ခံချက်နှင့်အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ ပြစ်မှုကင်း ရှင်းကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထောက်ခံစာတစ်စောင် ပူးတွဲတင် ပြရမှု ယခင်ကရှိခဲ့သည်။


YM

#democracytoday

Rate this item
(0 votes)
back to top