HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဆရာဝန်များအား ခက်ခဲသော ဒေသတွင် သုံးလေးနှစ် တာဝန်ထမ်းပြီး ကြိုက်သည့် နေရာသို့ ပြန်ပို့မည့် အစီအစဉ် ဆောင်ရွက်ရန်ရှိဟု ပြည်ထောင်စု ဝန်ကြီး ဆို

ဆရာဝန်များအား ခက်ခဲသော ဒေသတွင် သုံးလေးနှစ် တာဝန်ထမ်းပြီး ကြိုက်သည့် နေရာသို့ ပြန်ပို့မည့် အစီအစဉ် ဆောင်ရွက်ရန်ရှိဟု ပြည်ထောင်စု ဝန်ကြီး ဆို

ရန်ကုန်၊ မေ ၁၄

ချင်းပြည်နယ်သို့ တာဝန်ကျသော ဆရာဝန်များသည် နာမည်သာလာ၊ လူမပါ၊ ပြည် နယ်လစာကုန်ဖြစ်နေဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးငွန်ဟေးက ပြောသည်။ မေ ၁၄ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးငွန်ဟေးက ချင်းပြည်နယ်ဟားခါးမြို့နယ် ပြည်သူ့ ဆေးရုံတွင်လစ်လပ်ပြီး အရေးတကြီးလိုအပ်နေ သော အထူးကုဆရာဝန်၊ သမားတော်နှင့် လက် ထောက်ဆရာဝန်များ ခန့်ထားပေးရန်အစီအစဉ် ရှိ၊ မရှိမေးမြန်းခဲ့စဉ် ယင်းသို့ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ဦးငွန်ဟေးက ''ဟားခါးပြည်သူ့ဆေးရုံကြီးလည်း ချောင်းဆိုး၊ နှာစေး၊ ရောဂါတွေနဲ့ပဲ လုံးပန်းကုသနေတဲ့အခြေအနေကိုရောက်ရှိနေပါပြီ။ ချင်းတောင်ကို လာရောက်ကြသော မြေပြန့်က ဆရာဝန်ညီအစ်ကိုများလည်း ချင်းပြည်နယ်ကို ရာထူးတိုးရန်နဲ့ နေရာ ကောင်းရရန် သဘောအနေနဲ့ရောက်လာကြတာ လည်းရှိပါတယ်။ နာမည်သာလာ၊ လူမပါ၊ ပြည်နယ် လစာကုန်၊ သွားမလိုလာမလို အီးရောအီးရောနဲ့ ခြောက်လ၊ တစ်နှစ်လည်းပြည့်ရော ကိုယ့်လိုရာဒေ သကိုပြန်သွားကြတာများပါပြီ''ဟု ပြောသည်။ ဟားခါးပြည်သူ့ဆေးရုံကြီးတွင် သက်ဆိုင်ရာ ဆရာဝန်များ မရှိခြင်း၊ ဆေးဝါးများမရှိခြင်းကြောင့် လူနာများဒုက္ခရောက်ရကြောင်း ဦးငွန်ဟေးက ဆို သည်။


''သာမန်မဟုတ်တဲ့ ရောဂါဖြစ်တာနဲ့တစ်ပြိုင်နက် ဟားခါးမြို့ကနေ မိုင် ၄ဝ ကျော်ဝေးတဲ့ ပြည်နယ် ဝန်ကြီးချုပ်ရှိတဲ့ ဖလမ်းမြို့ကို သွားလိုက်၊ မိုင် ၁၂ဝ ကျော်ဝေးတဲ့ကလေးမြို့ကို ဆင်းလိုက်၊ နည်းနည်း တတ်နိုင်တဲ့သူတွေက မန္တလေးမြို့ကိုသွားလိုက်၊ ပိုတတ်နိုင်တဲ့သူတွေက ရန်ကုန်မြို့ကိုသွားလိုက်နဲ့ လမ်းမှာပဲ အသက်ဆုံးရှုံးသွားတဲ့ လူတွေလည်း မနည်းတော့ပါဘူး။ မတတ်နိုင်တဲ့ ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေလည်း အသက်ဆုံးရှုံးသွားတာလည်းများလှပါပြီ။ ပြည်နယ်တစ်ခုရဲ့မြို့တော်နဲ့ပင် မတူ တော့ဘဲ ခွဲစိတ်ဆရာဝန်ရှိတဲ့အချိန်မှာ မေ့ဆေး ဆရာဝန်မရှိလိုက်၊ မေ့ဆေးဆရာဝန်ရှိတဲ့အချိန် ခွဲစိတ်ဆရာဝန်က အပြင်သွားလိုက်၊ ဓာတ်မှန်ဆရာဝန်တွေ ခရီးထွက်လိုက်နဲ့ပဲ ချာလပတ်လည်နေပါတယ်။ ယင်းအပြင် ပြည်နယ်က တာဝန်ယူတာဝန်ခံ မယ့် ခေါင်းတွေလက်တွေကလည်း သူတို့မြို့မှာရရင် ကျေနပ်တဲ့သဘောဖြစ်နေပါတယ်''ဟု ဦးငွန် ဟေးက ထပ်လောင်းပြောသည်။


မြေပြန့်မှ ဆရာဝန်များဝေးလံသီခေါင်သော ချင်းတောင်တွင် တာဝန်မထမ်းဆောင်နိုင်သည်ကို နားလည်ပေးနိုင်ကြောင်း၊ ဖြစ်နိုင်ပါက ဒေသခံဆရာဝန်များကို အဆင့်မြှင့်တင်ခြင်းစဉ်းစားရမည့်အချိန် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆရာဝန်များအနေဖြင့် ခက်ခဲသောဒေသတွင် အနည်းဆုံးသုံး လေးနှစ်လုပ်ပြီးပါက ကြိုက်သည့်နေရာကိုပြန်ပို့သည့် အစီအစဉ်ဆောင်ရွက်ရန်ရှိကြောင်း ပြောသည်။ ''တစ်သက်လုံးမလုပ်ခိုင်းပါဘူး။ အနည်းဆုံး သုံးနှစ် သို့မဟုတ် လေးနှစ်လုပ်ရမယ်။ ပြီးလို့ရှိရင် သူတို့ကြိုက်တဲ့နေရာ ပြည်မကိုပြန်ပို့မှာ ဒါကိုအစီ အစဉ်အတိုင်းသွားဖို့ရှိပါတယ်။ နောက်ပိုင်းမှာခက် ခဲတဲ့ဒေသမှာ ဆရာဝန်ရှားတဲ့ကိစ္စရှင်းသွားမှာပါ''ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။ ခက်ခဲသောဒေသများအတွက် ဆရာဝန်၊ သူနာပြု၊ ဓာတ်မှန်၊ ဆေးဝါးကျွမ်းကျင်များကို သတ်မှတ်ချက်ထက် ထပ်ဆောင်းပေးနေကြောင်း၊ ဒေသခံ ဆေးဝါးကျွမ်းကျင်သူများ ထွက်ပေါ်ရေးအတွက် ခက်ခဲဒေသမှ ဆယ်တန်းအောင်မြင်သူများအနေဖြင့်လည်း ပိုမိုကြိုးစားပေးကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

YM,MO

#democracytoday

Rate this item
(0 votes)
back to top