HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဆုံရ ကြုံရ နိုင်ငံပိုင်သတင်းစာ သမားဘဝ(၈၈ အရေးအခင်း မတိုင်မီ ဖြစ်ရပ်များ)

ဆုံရ ကြုံရ နိုင်ငံပိုင်သတင်းစာ သမားဘဝ(၈၈ အရေးအခင်း မတိုင်မီ ဖြစ်ရပ်များ)

၂ဝ၁၈ ခုနှစ်ဟာ ၁၉၈၈ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ၈၈ အရေးအခင်း (သို့မဟုတ်) ရှစ်လေးလုံးအရေး တော်ပုံကြီး နှစ် (၃၀) ပြည့် ကာလဖြစ်ပါတယ်။ ဒီအ ချိန်မှာ မောင်ဒီမိုဟာ နိုင်ငံပိုင်သတင်းစာသမားဘဝ နဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ရောက်ရှိနေပါပြီ။

ပြောရလျှင် မောင်ဒီမိုဟာ ပြန်ကြားရေးဝန်ကြီး ဌာနကိုရောက်ခဲ့တာ ၁၉၇၈ခုနှစ်ကတည်းက ဖြစ်ပါ တယ်။ အဲဒီတုန်းက မြန်မာ့စွယ်စုံကျမ်း၊ သုတ ပဒေသာစာစောင်၊ ပြည်သူ့လက်စွဲစာစဉ်၊ ရွှေသွေး ဂျာနယ် စတဲ့ ကျမ်း၊ စာစောင်နဲ့ ဂျာနယ်တွေထုတ် ဝေတဲ့ စာပေဗိမာန်ရဲ့ အယ်ဒီတာဌာနကို ရောက် ရှိခဲ့တာပါ။ မြန်မာ့စွယ်စုံကျမ်းဆိုတာက အဲဒီတုန်းက အတွဲကြီး ၁၅ တွဲထုတ်ပြီးလို့ နှစ်စဉ်အလိုက် ထုတ် ဝေတဲ့ကျမ်းပါပဲ။ သုတပဒေသာစာစောင်ကတော့ သုံး လတစ်ကြိမ်ထုတ်စာစောင်ပါ။ ပြည်သူ့လက်စွဲစာစဉ် ဆိုတာကတော့ အဲဒီတုန်းက စာပေဗိမာန်စာမူဆုရ တဲ့စာအုပ်တွေကို အများဆုံးထုတ်တဲ့စာအုပ်၊ စာ စောင်တွေပဲဖြစ်ပါတယ်။ ရွှေသွေးဂျာနယ်ကတော့ အဲဒီတုန်းက ကာတွန်းဆရာကြီးတွေ၊ ဆရာလေးတွေ ထံ အပ်နှံပေးပို့ရေးဆွဲလာတဲ့ ကာတွန်းတွေကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ အပတ်စဉ်ထုတ်တဲ့ဂျာနယ်ပါပဲ။

အဲဒီဌာနမှာ စာစဉ်၊ ဂျာနယ်တွေမှာ ရေးသား တည်းဖြတ်ပြင်ဆင်လာတဲ့လုပ်ငန်းခွင်ကစလို့ရှိရင် မောင်ဒီမိုရဲ့ စာနယ်ဇင်းသမားသက်တမ်းဟာ ၂၀၁၈ ခု နှစ်မှာ နှစ် (၄၀) ပြည့်ပါပြီ။ ပြောရလျှင် မောင်ဒီမိုဟာ စာနယ်ဇင်းသမားလို့ခေါ်မလား ဒါမှမဟုတ် အဲဒီတုန်းက မောင်ဒီမိုဟာ သတင်းစာလောကကို မ ရောက်သေးပေမယ့် ယနေ့ကာလ လက်ခံသုံးစွဲနေတဲ့ ဂျာနယ်စာစောင်ရေးသားထုတ်ဝေနေသူများကိုပင် အသိအမှတ်ပြု ခေါ်ဝေါ်နေတဲ့ သတင်းစာဆရာလို့ ပဲခေါ်ရမလား၊ မည်သို့ပင်ခေါ်ခေါ် စာနယ်ဇင်းသမား၊ သတင်းစာသမားအဖြစ် မောင်ဒီမိုရောက်ရှိခဲ့တာ နှစ် (၄၀) ပြည့်ခဲ့ပါပြီ။ တကယ်တော့ မောင်ဒီမိုသတင်း စာသမားဘဝသက်တမ်းတစ်လျှောက်မှာ တွေ့ဆုံကြုံ ခဲ့ရတဲ့၊ ဂါရဝထားခဲ့ရတဲ့ သတင်းစာဆရာကြီးများရဲ့ ခြေရာကို မနင်းနိုင်သေး၊ အရည်အချင်းတွေကို လိုက် မမီနိုင်သေးတဲ့အတွက် မိမိကိုယ်ကို သတင်းစာ ဆရာအဖြစ်ခံယူရမှာ မဝံ့မရဲဖြစ်ရတာတော့ အမှန် ပါ။
မည်သို့ပင်ဖြစ်စေ နိုင်ငံပိုင်သတင်းစာလောကမှာ ပင် အများဆုံးကျင်လည်ခဲ့ရတဲ့ မောင်ဒီမိုဟာ ၁၉၈၇ ခုနှစ် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့မှာ စာမေး ပွဲဖြေဆိုအောင်မြင်ပြီးတဲ့နောက် ဝါသနာပါရာ သတင်းစာလောကသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိ လာခဲ့ရပါတယ်။ ပြောရလျှင် ၁၉၈၈ အရေးအခင်းမ တိုင်မီတစ်နှစ်အလိုမှာပဲ ဖြစ်ပါတယ်။

အစိုးရသတင်းစာလောကကို ရောက်ရောက်ချင်း မှာ တာဝန်ချပေးတဲ့နေရာကတော့ မြန်မာနိုင်ငံအစိုးရ ရဲ့ တစ်ခုတည်းသော သတင်းအေဂျင်စီဖြစ်တဲ့ မြန်မာ့ သတင်းစဉ်မှာပဲဖြစ်ပါတယ်။ အဲဒီဌာနရဲ့ အုပ်ချုပ်မှု ပိုင်းကို တာဝန်ယူရတဲ့ စီမံခန့်ခွဲရေးမှူးရာထူးတာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က နိုင်ငံပိုင်သတင်းစာလောက မှာ သတင်းစာခြောက်စောင်ထုတ်ဝေနေပြီး အဲဒီသတင်း စာတွေမှာဖော်ပြနိုင်ဖို့ မြန်မာ့သတင်းစဉ်က သတင်းတွေ လိုက်ယူ၊ ထုတ်ပြန်၊ ဖြန့်ချိပေးရပါတယ်။ မြန်မာ့သတင်း စဉ်မှာ မြန်မာ့သတင်းစဉ် (ပြည်တွင်း) နှင့် မြန်မာ့ သတင်းစဉ် (နိုင်ငံခြား) ဆိုပြီး ဌာနကြီးနှစ်ခု ထပ်ခွဲ ခြားပြီး အဲဒီဌာနတွေကို အယ်ဒီတာချုပ်တစ်ဦးစီက ဦးဆောင်ပါတယ်။

သတင်းစာခြောက်စောင်ကတော့ လုပ်သားပြည် သူနေ့စဉ်သတင်းစာ၊The Working People Daily လို့ခေါ်တဲ့ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (အင်္ဂ လိပ်)၊ ဗိုလ်တထောင်သတင်းစာ၊ ဂါးဒီးယန်းသတင်းစာ၊ ကြေးမုံသတင်းစာနဲ့ မြန်မာ့အလင်းသတင်းစာတို့ပဲ ဖြစ်ပါတယ်။ ထိုစဉ်က လုပ်သားပြည်သူ့နေ့စဉ် (မြန် မာ) နဲ့ လုပ်သားပြည်သူ့နေ့စဉ် (အင်္ဂလိပ်) တို့ဟာ ရန်ကုန်မြို့၊ သိမ်ဖြူလမ်း ဝန်ကြီးများရုံးရှေ့ (ယခု သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရုံး) မှာရှိပြီး ပုံနှိပ် စက်တစ်လုံးစီနဲ့ သတင်းစာတွေကို ပုံနှိပ်ပါတယ်။ အခုတော့ လုပ်သားပြည်သူ့နေ့စဉ် (မြန်မာ) သတင်း စာနေရာ အဆောက်အအုံကို တွေ့နိုင်သေးပေမယ့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (အင်္ဂလိပ်) နေရာကတော့ ယခု ပုဂ္ဂလိကဘဏ်ကြီးတစ်ဘဏ် ဖြစ်သွားပါပြီ။

ဗိုလ်တထောင်သတင်းစာတိုက်ကတော့ ရန်ကုန် မြို့ ကမ်းနားလမ်းနဲ့ ၄၄ လမ်းထိပ်မှာ ဖြစ်ပါတယ်။ အဲဒီသတင်းစာက လမ်းစဉ်ပါတီရဲ့ အာဘော်သတင်း စာလို့တောင် ပြောလို့ရပါတယ်။ တစ်ပတ်တစ်ကြိမ် လမ်းစဉ်ပါတီဆိုင်ရာ၊ သတင်းဆောင်းပါးတွေ ဖော် ပြပေးရလို့ပါပဲ။ အခြားသတင်းစာတွေ အဖြူ၊ အမည်း ထုတ်ဝေနေချိန်မှာ တနင်္ဂနွေနေ့ထုတ် ဗိုလ်တထောင် သတင်းစာမျက်နှာဖုံးလိုဂိုကို အပြာရောင်ရိုက်နှိပ် ဖော်ပြရပါတယ်။ ဂါးဒီယန်းသတင်းစာတိုက်ကတော့ ကုန်သည်လမ်းပေါ်မှာဖြစ်ပြီး ယခုလက်ရှိ ကြယ်ငါး ပွင့်ရုံးကြီးအနီးမှာဖြစ်ပါတယ်။ ကြေးမုံသတင်းစာတိုက် ကတော့ မဟာဗန္ဓုလလမ်းနဲ့ ၅၂ လမ်းထိပ်မှာ ဖြစ်ပါ တယ်။ အဲဒီအဆောက်အအုံကို ယနေ့တိုင်တွေ့နိုင်ပါ သေးတယ်။ မြန်မာ့အလင်းသတင်းစာတိုက်ကတော့ ယခုသတင်းစာဈေးကွက်ဖြစ်နေတဲ့ ရွှေဂုံတိုင်လမ်းဆုံ အနီးမှာပဲဖြစ်ပါတယ်။ ဒီမြင်ကွင်းတွေကတော့ ၁၉၈၈ ခုနှစ် အရေးအခင်းမတိုင်မီ မြင်တွေ့ရတဲ့ သတင်းစာ တည်နေရာနဲ့ အနေအထားပဲဖြစ်ပါတယ်။

မောင်ဒီမို ဒီဆောင်းပါးမှာ အဓိကထားရေးသား သွားမှာကတော့ နိုင်ငံပိုင်သတင်းစာများစုဝေးရာ သတင်း စာလောကကိုရောက်ရှိပြီး ၁၉၈၈ခုနှစ် အရေးအခင်း မတိုင်မီ အခြေအနေအချို့နဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း အခြေအနေများကို သတင်းစာသမားဘဝအတွေ့အကြုံ များအဖြစ် ကောက်နုတ်ဖော်ပြသွားမှာပဲဖြစ်ပါတယ်။

တကယ်တော့ မောင်ဒီမိုဟာ ပြန်ကြားရေးဝန် ကြီးဌာနကို တစ်နေ့သုံးကျပ် ၁၅ ပြားရ နေ့စားဘဝ ကစလို့ ရောက်ခဲ့ပြီး အယ်ဒီတာချုပ်ဘဝအထိ တာဝန် ထမ်းဆောင်ခဲ့တာဖြစ်လို့ နောက်လိုက်အနေနဲ့လည်း နေခဲ့ရပြီး ခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့ရပါ တယ်။ သတင်းစာသမားဆိုတာ သာမန်ဝန်ထမ်းတွေ ရဲ့ဘဝနဲ့ မတူပါဘူး။ အိပ်ချိန်မမှန်၊ စားချိန်မမှန်သလို တစ်ခါတလေ အငတ်ခံခဲ့ရတာလည်းရှိပါတယ်။

လူကြီးခရီးစဉ် လိုက်ပါသတင်းယူရတဲ့ သတင်း ထောက်အချို့ဟာ လူကြီးကမသိရင်၊ လူကြီးနောက် လိုက်တွေကမသိတတ်ရင် ထမင်းငတ်ရပါတယ်။ သ တင်းထောက်တွေဟာ ထမင်းစားဖို့ ခရီးစဉ်ခေတ္တနား ချိန်မှာ ထမင်းမစားနိုင်သေးဘဲ ခရီးစဉ်သတင်းကို အချိန်လုရေး၊ ပြီးရင် ဓာတ်ပုံနဲ့အတူ အချိန်မီသုံးနိုင် ဖို့ မိခင်တိုက်ကို ပြန်ပို့ရပါတယ်။ အဲဒီနောက် အချိန် ရသေးရင် ထမင်းကိုသုတ်သုတ်ပြေးစားရပါတယ်။ ဒီသဘောကိုသိတဲ့လူကြီးဆိုရင် သတင်းထောက်တွေ အတွက် အဆင်ပြေပေမယ့် သတင်းထောက်တွေကို လျစ်လျူရှုတတ်တဲ့လူကြီးတွေနဲ့တွေ့ရင်တော့ ထမင်း ငတ်ရပြီး တစ်ခါတလေကံကောင်းရင်တော့ လမ်းမှာ တွေ့တဲ့ငှက်ပျောသီးတစ်လုံးနဲ့ပဲ ကျေနပ်ကြရပါတယ်။ အချို့လူကြီးတွေကတော့ သတင်းထောက်တွေရဲ့ လုပ် ငန်းသဘောကိုသိပြီး စာနာတတ်တာကြောင့် သူ့အောက် အဖွဲ့သားတွေကို ""သတင်းထောက်တွေအဆင်ပြေဖို့ လုပ်ပေးလိုက်၊ သူတို့စားသောက်ပြီးမှ တို့ခရီးဆက် မယ်""လို့ပြောခဲ့တဲ့အတွက် အဆင်ပြေတာတွေလည်း မောင်ဒီမိုတို့ ကြုံခဲ့ဖူးပါတယ်။

ဆိုလိုတာကတော့ သတင်းထောက်တွေရဲ့ဘဝ ကို မောင်ဒီမိုသတင်းစာသမားတစ်ဦးဘဝမှာ လွန်စွာ မှ နားလည်စာနာခဲ့ရပါတယ်။ သတင်းစာသမားတွေ ကို သာမန်ဝန်ထမ်းတွေလို စီမံအုပ်ချုပ်လို့မရဘဲ ရုပ် ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကိုနားလည်ပြီး စီမံအုပ် ချုပ်ရတာပဲဖြစ်ပါတယ်။ ဒါကြောင့် သတင်းစာသမား တွေရဲ့ဘဝထဲကို မည်သို့သောအုပ်ချုပ်သူ လူတန်းစား ပဲရောက်လာရောက်လာ သူတို့ဘဝကို နားလည်စာ နာတတ်ဖို့ပဲလိုပါတယ်။

နိုင်ငံပိုင်သတင်းစာလောကနှင့် တပ်မတော်အရာရှိကြီးများ
++++++++++++++++++++++++++++
ပြောရလျှင် တပ်မတော်အရာရှိကြီးများ အရပ် ဘက်ဝန်ထမ်းလောကကို ဝင်ရောက်နေရာယူနေခဲ့ တာ ယနေ့ကာလမှသာ မဟုတ်ပါဘူး။ ၈၈ အရေးအ ခင်းမတိုင်မီကတည်းက ဖြစ်ပါတယ်။ မောင်ဒီမိုနိုင်ငံ ပိုင်သတင်းစာလောကရောက်တော့ သတင်းစာများ အားလုံးရဲ့အကြီးအကဲ တစ်နည်းအားဖြင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးက ဗိုလ်မှူးကြီးခင်မောင်အေး၊ (သတင်းစာ ဆရာကြီး၊ စာ ရေးဆရာ ခင်မောင်အေး-မန္တလေး)ပါ။ ထင်သာမြင်သာ အောင်ထပ်ပြောရရင် ခေတ်အဆက်ဆက်နာမည်ကြီး ခဲ့တဲ့၊ ဘယ်တော့မှ ကြည့်လို့မဝ၊ မရိုးနိုင်တဲ့ ]]သင်္ကြန် မိုး}} ဇာတ်ကားရဲ့ ဖန်တီးရှင်တွေထဲက တစ်ဦးပါ။နောက်တစ်ဦးကတော့ ဗိုလ်မှူးမြသိန်း(စာရေး ဆရာမြသိန်း)ပါ။ သူကတော့အကယ်ဒမီရ ရုပ်ရှင်ကား ကြီးတစ်ကားဖြစ်တဲ့ ]]နော်ရင်မွှေး}}ဇာတ်ကားရဲ့ ဖန် တီးရှင်တစ်ဦးဖြစ်တဲ့ နော်ရင်မွှေးဝတ္ထုရေးသူ စာရေး ဆရာမ မြသန္တာရဲ့ဖခင်ပဲ ဖြစ်ပါတယ်။
နောက်တစ်ဦးကတော့ ဗိုလ်မှူးလှထွန်း (သတင်း စာဆရာ၊ စာရေးဆရာ လှထွန်း-တွံတေး) ဖြစ်ပါတယ်။ ပင်စင်ယူတဲ့အထိ ညွှန်ကြားရေးမှူး(သတင်း) အဖြစ် တာဝန်ထမ်းရွက်ခဲ့ပါတယ်။ တပ်မတော် ရေကပါ။ အဲ နောက်တစ်ဦးကတော့ အများသိပြီးဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီး စိုးညွန့်(စာရေးဆရာ၊ ကဗျာဆရာ၊ သတင်း စာဆရာကြီး ထီလာစစ်သူ)ပဲ ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် နောက်ပိုင်းမှာ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရဲ့ ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းခဲ့သူဖြစ်ပါတယ်။

နောက်တစ်ဦးကတော့ ဒုတိယဗိုလ်မှူးကြီး တင်ခ (စာရေးဆရာ၊ သတင်းစာဆရာကြီး တက္ကသိုလ်တင်ခ) ပဲ ဖြစ်ပါတယ်။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးတစ်ဦးအဖြစ် တာဝန်ထမ်း ခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်များနဲ့ ပတ်သက်လို့ ဒီနေရာမှာအကျယ်ချဲ့မရေးလိုသေးဘဲ နောင်အလျဉ်းသင့်ရာ အပိုင်းများမှာ ゞင်းတို့၏စွမ်း ဆောင်မှုကဏ္ဍအလိုက် ဖော်ပြသွားမှာဖြစ်ပါတယ်။
ယခုရေးလိုတာက အဆိုပါတပ်မတော်အရာ ရှိကြီးများဟာ သတင်းစာလောကကို ရောက်လာကြပေ မယ့် သတင်းစာလောက၊ စာပေလောကနဲ့ စိမ်းနေသူ များ မဟုတ်ကြဘဲ နိုင်ငံပိုင်သတင်းစာလောကအကျိုး ကို ရော၊ သတင်းစာလောကသမားတွေသဘောကို လည်း နားလည်ပြီး အကျိုးဆောင်နိုင်သူတွေ ဖြစ်ပါ တယ်။ ဒါကြောင့် လုပ်ငန်းသဘာဝနဲ့ ကိုက်ညီတဲ့ တပ် မတော်အရာရှိတွေကို ပေးပို့ရွှေ့ပြောင်းပေးခဲ့တဲ့ ထို စဉ်က တပ်မတော်အကြီးအကဲတွေကို အထူးကျေးဇူး တင်ရမှာပဲ ဖြစ်ပါတယ်။

တကယ်တော့ အစိုးရအဖွဲ့ အစည်းတွေထဲကို တပ်မတော်အရာရှိတွေ ပေးပို့လွှဲ ပြောင်းတာဟာ ဌာနရဲ့လုပ်ငန်းသဘော
သဘာဝနဲ့ကိုက်ညီပြီး ကိုယ်တိုင်ကလည်း ထဲထဲဝင်ဝင်လုပ်ချင် ကိုင်ချင်စိတ်ရှိရင် ဌာနအတွက်ရော၊ ဝန်ထမ်းတွေ အတွက်ပါ
တကယ်အကျိုးများခဲ့တာအမှန်ပါပဲ။

၈၈ အရေးအခင်းမတိုင်မီဖြစ်စဉ်များ
+++++++++++++++++++
၈၈ အရေးအခင်းဟာ ၁၉၈၈ခုနှစ်တွင်မှစတင် ဖြစ်ပေါ်လာသည်မဟုတ်ဘဲ ၁၉၈၇ ခုနှစ်ကတည်းက မီးမွှေးလောင်ကျွမ်းခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၁နာရီတွင် ထိုစဉ်က လမ်းစဉ်ပါတီအစိုးရမှ ငွေ စက္ကူ ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၂၅ ကျပ် တန် တို့ကို တရားမဝင်ငွေကြေးအဖြစ် ရုတ်တရက်ကြေညာ လိုက်ပါတယ်။ သည်ကာလမတိုင်မီ တစ်လခန့် အလိုကတည်းက ၂၅ ကျပ်တန်ငွေစက္ကူများ တရားမဝင်ကြေညာတော့မည်ဟုကောလာဟလထွက် ခဲ့တဲ့အတွက် လူအချို့ဟာ ဘဏ်တွေမှာသွားရောက် လဲလှယ်ကြပါတယ်။ ဒါကြောင့်အစိုးရက အဆိုပါ သတင်းမှာ ကောလာဟလသာဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ မကြာပါဘူး။ တစ်လအ ကြာမှာ တကယ်ပဲ တရားမဝင်ကြောင်း ကြေညာလိုက် ပါတယ်။

သတင်းပေါက်ကြားသွားတဲ့အတွက် ခေတ္တ စောင့်ပြီး ကြေညာလိုက်ခြင်းဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ငွေကျပ် ၁၀ဝ တန်နဲ့ ကျပ် ၅၀ တန်ငွေစက္ကူတွေကိုအစိုးရက တရားမဝင်ကြောင်း ကြေညာခဲ့ပါသေးတယ်။

ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ တန်ဖိုးသတ်မှတ်ပြီး ပြည်သူတွေကို တန်းစီလဲလှယ်ခွင့်ပြုခဲ့ပါသေးတယ်။ ယခု ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ကြေညာ ချက်မှာတော့ မည်သူကိုမျှလဲလှယ်ခွင့် မပေးတော့ပါ ဘူး။ ဒီတစ်ခါတော့ကောလာဟလတောင်ထွက်ချိန် မရလိုက်ပါ ဘူး။ပြည်သူတွေအတော်ဒုက္ခရောက်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ တောတွင်းလက်နက်ကိုင် တွေရဲ့ လက်ထဲမှာ ဘိန်းနဲ့လက်နက်အရောင်းအ ဝယ်လုပ်ဖို့ ဘီလီယံနဲ့ချီပြီးမြန်မာငွေတွေရှိနေတာမို့ ခုလိုလုပ်လိုက်ရတာဖြစ်တယ်လို့ အပြင်မှာသတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အစိုးရက ပြည် သူ့မျက်နှာကို လုံးဝမကြည့်ဘူးဟု ဆိုရလောက်အောင် ပစ်ပစ်ခါခါပြုလိုက်ခြင်းပဲဖြစ်ပါတယ်။

တရားမဝင် ကြောင်း ကြေညာလိုက်တဲ့ငွေစက္ကူဟာ အခြေခံလက် လုပ်လက်စား၊ ဈေးသည်၊ သံဃာတော်အစ အောက် ခြေဝန်ထမ်းအဆုံးအများဆုံး အသုံးပြုတဲ့ငွေစက္ကူတွေ ဖြစ်ပါတယ်။ အများစုဟာ စားစရာမရှိအောင် ဖြစ်သွားရပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေဟာ လည်း စားစရိတ်၊ အဆောင်စရိတ်တောင် မရှိအောင်ပြတ်လပ်ကုန်ကြပါတယ်။

အဲဒီအချိန်မှာ အောက်ခြေ ဝန်ထမ်းရဲ့ တစ်လ လစာဟာလည်း ကျပ် ၁၀ဝ-၂-၁၁၀ စကေးပါ။ ယာ ယီရှားပါးစရိတ်ပါမှ တစ်လကျပ် ၂၀ဝ ထက် မပိုပါ ဘူး။ မောင်ဒီမိုတောင် အဲဒီတုန်းက အရာရှိပေါက်စ အခြေခံလစာက ကျပ် ၄၅၀ ပါ။

ဒီခေတ်နဲ့နှိုင်းစာရင် တော်တော်အဆင်ပြေတယ်လို့ ဆိုရမှာပါ။ လစာ ထုတ်ပြီး ငါးရက်ကြာလောက်တော့ လက်ထဲမှာရှိတဲ့ငွေဟာလည်း စစ်ပြီးခေတ်က ဂျပန် ငွေစက္ကူတွေလို တန်ဖိုးမဲ့ဖြစ်သွားတော့တာပါပဲ။
အဲဒီအချိန်မှာ မောင်ဒီမိုဒုက္ခရောက်ရတာက ရုံး မှာမီးခံသေတ္တာထဲထည့်သိမ်းထားတဲ့ ရုံးဌာနပိုက်ဆံ တွေကိစ္စပဲဖြစ်ပါတယ်။ ရားမဝင်အဖြစ် ကြေညာ လိုက်တဲ့နေ့က စနေနေ့ရုံးပိတ်ရက်ဖြစ်တာမို့ သောကြာနေ့က ဘဏ်မမီလို့ မီးခံသေတ္တ ထဲထည့်သိမ်းထား တဲ့ငွေတွေအတွက် အခက်ပွေရပါတော့ တယ်။ မီးခံ သေတ္တာသော့ကို မောင်ဒီမိုကတစ်ချောင်း၊ အထက် တန်းစာရင်းကိုင်တစ်ဦးကတစ်ချောင်း ကိုင်ထားလေ တော့ သူ့ဆီရုံးကိုအမြန်လာဖို့ ချိန်းလိုက်ရပါတော့ တယ်။ မီးခံသေတ္တာထဲမှာရှိတဲ့ငွေတွေကို ငွေစက္ကူ အမျိုးအစားအလိုက် စာရင်းတွက်ချက်ပြီးတော့ အထက် အဖွဲ့အစည်း အဆင့်ဆင့်ကို အပ်နှံဖို့ပဲဖြစ်ပါတော့ တယ်။

တကယ်တော့ အဲဒီအချိန်ကတည်းက ပြည်သူ့ မျက်နှာမကြည့်တဲ့အစိုးရ၊ ပြည်သူကိုဒုက္ခပေးတဲ့အစိုးရ၊ ပြည်သူကိုနာအောင်လုပ်တဲ့အစိုးရ၊ ပြည်သူ တွေကို ရက်စက်ခဲ့တဲ့အစိုးရအပေါ် ပြည်သူတွေကလည်း နာကြည်းခဲ့ပြီး အခွင့်သင့်ရင် ဖြုတ်ချပစ်မယ်ဆိုတဲ့ဆန္ဒတွေ တဖြည်းဖြည်းကြီးထွားလာခဲ့တာ အမှန်ပဲဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်။)
#Democracytoday

Rate this item
(0 votes)
back to top