ရန်ကုန်
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံမှ ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား PEN America အဖွဲ့မှ 2018 PEN/Barbey Freedom to Write ဆုပေးရန် ရွေးချယ်ခဲ့သည်။ အဆိုပါဆုသည် နှစ်စဉ်လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တားမြစ်ခံရသည့် ဖမ်းဆီးခံသတင်းထောက်များအား နှစ်စဉ်ပေးလေ့ရှိသည့်ဆု ဖြစ်ကြောင်း သိရသည်။
”မြန်မာနိုင်ငံမှာ မျိုးနွယ်စုအကြမ်းဖက်မှုသည် နိုင်ငံလူမှုရေး၊ အနာဂတ်နိုင်ငံရေး၊ နိုင်ငံတကာဂုဏ်ဒြပ်အတွက် လေးနက်သောရှုပ်ထွေးမှုဖြစ်သည်။ ယင်းသည် မြှုပ်နှံဖုံးကွယ်ထား၍ရနိုင်မည်မဟုတ်သော ဖြစ်ရပ်ဇာတ်လမ်းဖြစ်သည်။ ဝလုံးနှင့် ကျော်စိုးဦးတို့က ဖုံးကွယ်နေသောအမှန်တရားကို ဖော်ထုတ်ခဲ့ကြသည့် သတင်းဂျာနယ်လစ်များဖြစ်သည်။ သူတို့နှစ်ဦးက နှစ်ဖက်စလုံးမှ မျက်မြင်သက်သေများကို တွေ့ဆုံမေးမြန်း၍ သက်သေအထောက်အထားများကို စုဆောင်းခဲ့ကြသည်”ဟု PEN America မှ အလုပ်အမှုဆောင် ဒါရိုက်တာ Suzanne Nosselum က ထုတ်ပြန်ချက်အတွင်း ထည့်သွင်းပြောကြားထားသည်။
ဆုရရှိခဲ့သည့် သတင်းထောက်နှစ်ဦးအတွက် လာမည့် မေ ၂၂ ရက်တွင် နယူးယောက် မြို့ရှိ သဘာဝသမိုင်းပြတိုက်တွင် ဆုပေးပွဲကျင်းပမည်ဖြစ်ကြောင်းသိရသည်။ ”စစ်အစိုးရလက်ထက်က ထောင်သွင်းအကျဉ်းချခံရသော စာရေးဆရာများကို ဂုဏ်ပြု ချီးကျူးခဲ့ကြသည့် Pen America ပြုပြင်ပြောင်းလဲရေးပေါ်ပေါက်လာခြင်းကို ချီးကျူးခဲ့သည်။ မကြာမီကာလအတွင်း အောင်ပွဲခံအခမ်းအနား ကျင်းပကြရမည်မှာ ရှင်းလင်းနေပြီ ဖြစ်သည်။ ဝလုံးနှင့် ကျော်စိုးဦးတို့ စွဲချက်တင်ခံရမှုသည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ဖော်ပြမှုတိုက်ပွဲမှာ ထမြောက်အောင်မြင်ခြင်းမရှိသေးသည်ကို ဖော်ပြလျက်ရှိသည်။ မြန်မာနိုင်ငံတွင် တစ်ကမ္ဘာလုံးက လူ့အခွင့်အရေးနှင့်ပတ်သက်၍ အခိုင်အမာပြသလာမည့် ရဲဝံ့သောသတင်းထောက်များအတွက် ဂုဏ်ယူဝင့်ကြွားမှုကို ကျွန်ုပ်တို့က ပြသကြမည်သာ ဖြစ်သည်”ဟု ဆက်လက်ဖော်ပြထားသည်။
အဆိုပါ PEN/Barbey Freedom to Write ဆုအား ၁၉၈၇ ခုနှစ်မှ စတင်ခဲ့ပြီး ယခုနှစ်အထိ မြန်မာနိုင်ငံမှ ဆုလက်ခံရရှိသူ ခြောက်ဦးရှိကာ ၁၉၉၅ ခုနှစ်တွင် စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ၁၉၉၆ ခုနှစ်တွင် မသီတာ(စမ်းချောင်း)၊ ၂ဝဝ၂ ခုနှစ်တွင် ကိုအောင်မြင့်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ကိုနေဘုန်းလတ်၊ ၂ဝ၁၈ ခုနှစ်တွင် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့မှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာကာထက်
#theyangontimes
Discussion about this post